နေပြည်တော် ဇူလိုင် ၁၄
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန် အစည်းအဝေး (၇၁) ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ (၁) နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၌
ဆက်လက်ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ထံမှ လူကုန်ကူးမှုနှင့် လှေစီး သွားလာသူများဆိုင်ရာကိစ္စနှင့် စပ်လျဉ်းသည့်
ပြန်ကြားလွှာအား ဖတ်ကြားတင်ပြပြီး လွှတ်တော်တွင် မှတ်တမ်းတင်ခြင်း ၊ "အကျိုးခံစားခွင့်
"တွင် ငှားရမ်း ခလွတ် နေထိုင်ခွင့်တန်ဖိုး
ထည့်သွင်းတွက်ချက်ခြင်းမပြုရန် ညွန်ကြားချက်၊
၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ဒုတိယ (၆) လပတ်အတွက် အခွန်ကောက်ခံရရှိမှု အခြေအနေ၊၂၀၁၃-၂၀၁၄
ခု ဘဏ္ဍာရေးနှစ် ဒုတိယ (၆) လ နှင့် ၂၀၁၄ - ၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ပထမ (၆)လအတွက် ပြည်ထောင်စု၏
ဘဏ္ဍာငွေအရအသုံး စာရင်းများ နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဝင်များက ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အစီအစဉ်အရ ပြည်ထောင်စုလွှတ်တော်နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ (၄၃၆) ၊ ပုဒ်မခွဲ (ခ) တွင် အကျုံးဝင်သည့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ
ပြင်ဆင် ချက်များနှင့် စပ်လျဉ်း ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်(၈) ရက်တွင် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးတွင် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ပြီး ဖြစ်ပါကြောင်း ၊ လွှတ်တော်၏ အဆုံးအဖြတ်
ရယူခဲ့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၂) အတွက် ဖြည့်စွက် သည့်အပိုဒ်ခွဲ(၃၄) ခုနှင့်
ဇယား (၅) အတွက် ဖြည့်စွက်သည့် အပိုဒ် (၂၀) ခုတို့ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏
၇၅ ရာခိုင်နှုန်း ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ရန် အတည်ပြုခဲ့ပြီး ဖြစ်ပါကြောင်း ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၄၃၆ ၊ ပုဒ်မခွဲ (ခ) နှင့်အညီ လွှတ်တော်က ပြင်ဆင်ရန် အတည်ပြုပြီး ဖြစ်သည့် ပြင်ဆင်ချက်
များဖော်ပြပါဝင်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို
ပြင်ဆင်သည့် ဥပဒေကြမ်းကို ဥပဒေအဖြစ် ထုတ်ပြန်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ
နည်းဥပဒေ (၁၄၃) နှင့်အညီ နိုင်ငံတော်သမ္မတ ထံသို့ ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၀၁၅ ခုနှစ်
ဇူလိုင်(၁၀)ရက် ရက်စွဲပါစာဖြင့် ပေးပို့ထားပါကြောင်းနှင့် လွှတ်တော်ကိုယ်စား လှယ်များထံသို့လည်း
မိတ္တူ ဖြန့်ဝေထား ပါကြောင်းဖြင့် တင်ပြသည်။
ထို့နောက်
ပြည်ထောင်စုလွှတ်တော်နာယက က ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံမှ ပြန်ကြားလာသည့်
လူကုန်ကူးမှုနှင့် လှေစီး သွားလာ သူများဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ ဖတ်ကြားတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင် သည်။
အဆိုပါ ပြန်ကြားလွှာတွင် လူကုန်ကူးမှုနှင့် ရွှေ့ပြောင်းသွားလာမှု
ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် ဇွန်(၃) ရက် ရက်စွဲပါစာ ပေးပို့လာသည့်
အတွက် ကျေးဇူးတင်ရှိပါကြောင်း ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် အတွင်း ပုံမှန်မဟုတ်သည့်
ရေကြောင်းသွားလာမှုနှင့် ပတ်သက်သည့် ခက်ခဲရှုပ်ထွေး သည့်အခြေအနေကို သတိပြုနားလည်ပါကြောင်း
၊ ရွေ့ပြောင်းသွားလာသူများနှင့် ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခများအပေါ် စိုးရိမ်ပူပန်မှုရှိသည့်အတွက် အသက် ကယ်ရေးလုပ်ငန်း ကို ဦးစားပေးဆောင်ရွက်ကြရန်
ဒေသတွင်းရှိ ခေါင်းဆောင် များအား တိုက်တွန်းခဲ့ခြင်းဖြစ်ပါကြောင်း ၊ ၂၀၁၅ ခုနှစ် မေ(၂၉) ရက်တွင်
ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ဒေသအတွင်း
အထူးအစည်းအဝေး အတွင်း မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများမှ အသိအမှတ်ပြုထား ကြသည့်အတိုင်း
ယင်းပြဿနာ၏ အခြေခံအရင်းအမြစ်အား ဘက်စုံထောင့်စုံမှ ရေရှည်တည်တံ့နိုင်မည့် နည်းလမ်းဖြင့်
ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်း အဆင့်တွင် တုံ့ပြန်ဆောင်ရွက်မှု တစ်ရပ် ချက်ချင်းဆောင်ရွက်ပေးရန်
အရေးကြီးလိုအပ်လျက် ရှိပါကြောင်း ၊ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် ယခုကိစ္စအပြင်
အခြားကိစ္စရပ် များတွင်လည်း အပြုသဘောဆောင်သော ထိတွေ့ဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်သွားရန် ကတိက၀တ်ပြုပါကြောင်းဖြင့် ပါရှိသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်
(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး တင်ပြသည့်
" အကျိုးခံစားခွင့်" တွင် " ငှားရမ်းခလွတ် နေထိုင်ခွင့်တန်ဖိုး" ကို ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်၍ လစဉ်ဝင်ငွေတွင် ထည့်သွင်းတွက်ချက်ခြင်း
မပြုရန် ညွှန်ကြားချက်နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က
ဘာသာရပ်ဆိုင်ရာ ၊ ဥပဒေဆိုင်ရာ အကြောင်းအရာများနှင့်တကွ အသေးစိတ် ရှင်းလင်းတင်ပြမှုအပေါ်
လွှတ်တော်ကိုယ် စားလှယ် ဒေါ်တင်နွယ်ဦးက ပြန်လည်ဆွေးနွေးရာ လွှတ်တော်က မှတ်တမ်းတင်သည်။
ထို့နောက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော
၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ဒုတိယ (၆) လပတ်အတွက် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် စပ်လျဉ်း၍
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ရှင်းလင်းတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်သည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ
ပေးပို့သော ၂၀၁၃- ၂၀၁၄ ခု ဘဏ္ဍာရေးနှစ် ဒုတိယ (၆) လနှင့် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ပထမ
(၆) လ အတွက် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးစာရင်းများအပေါ် စစ်ဆေး တွေ့ရှိချက် များ ၊ စာရင်းစစ်ကန့်ကွက်ချက်များနှင့်
အရေးယူ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်
စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ (၆/ ၂၀၁၅) ကို
ပဲခူးတိုင်းဒေသကြီး မင်းလှ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်း
ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး ကဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန်
အဆိုတင်သွင်း သည်။
အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယက
က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

No comments:
Post a Comment