Tuesday, July 21, 2015

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မီဒီယာကြား အပြန်အလှန်ဆက်ဆံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ



ရန်ကုန် ဇူလိုင် ၂ဝ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီဒီယာကြား အပြန်အလှန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံစာ နယ်ဇင်းကောင်စီ (ယာယီ)၊ ဥရောပသမဂ္ဂ၊ ဒီမိုကရေစီနှင့် ဥပဒေရေးရာ လေ့လာရေးဌာန DW Akademieနှင့် နိုင်ငံတကာ မီဒီယာအဖွဲ့ အစည်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီဒီယာကြား အပြန်အလှန် ဆက်ဆံရေး လမ်းညွှန် ချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် Police and Media in Service of Public Interest ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ပြည်သူများအပေါ် မှန်ကန်သောသတင်းအချက် အလက်များ ထုတ်ပြန်နိုင်ရန် မှုခင်းကြိုတင်ကာကွယ်ရေး ကိစ္စရပ်များ၊ မီဒီယာများနှင့်ပူးပေါင်း၍ ပြည်သူကိုကြိုတင် သတင်းပေးနိုင်ရန်၊ ရဲတပ်ဖွဲ့အနေဖြင့် လိုက်နာရမည့် ကျင့်ဝတ်အခက်အခဲများကို ညှိနှိုင်းဆွေးနွေးဆောင်ရွက် ရန်၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အတွေ့အကြုံများ၊ အကြံဉာဏ်များကိုအခြေခံကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီဒီယာများပူးပေါင်း ဆောင်ရွက်ရန် မီဒီယာလွတ်လပ် ခွင့် နှင့် လုပ်ပိုင်ခွင့်များအပေါ် ရဲတပ်ဖွဲ့ဝင်များ နားလည် သဘောပေါက်စေ ရန်တို့နှင့်စပ်လျဉ်း ၍ ဆွေးနွေးကြသည်။
ထို့ပြင် ပြည်သူလူထုအား သတင်းအချက်အလက် များ သိပိုင်ခွင့်ကို ဖြည့်တင်းပေးရာတွင် Working Group များခွဲကာ လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများ၊ အတွေ့ အကြုံများ၊ စိန်ခေါ်မှုများ လုပ်ထုံးလုပ်နည်း ကန့်သတ်ချက် များ အရေးပါအရာရောက်ပုံ သိရှိစေရန်တို့နှင့် စပ်လျဉ်းပြီး တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ မှ တာဝန်ရှိသူများက ဘက်စုံထောင့်စုံ မှ ဆွေးနွေးကြသည်။
အလုပ်ရုံဆွေးနွေး ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး တရားရေးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြ သည်။ အဆိုပါ အလုပ်ရုံဆွေးနွေး ပွဲကို ဇူလိုင် ၁၇ ရက်မှ စတင်ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်တက်ရောက် ဆွေးနွေး ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေအား မြန်မာ့ သတင်းစဉ် (ပြည်တွင်း)အဖွဲ့မှ မေးမြန်းခဲ့မှုကို ဖော်ပြလိုက်ပါသည်။
ဦးတင့်ဆွေ(ပြန်ကြားရေးဝန်ကြီးဌာန-အမြဲတမ်းအတွင်းဝန်)
ဒီကနေ့ တက်ရောက်နေတဲ့ အလုပ်ရုံဆွေးနွေးပွဲ ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မီဒီယာတွေကြား ထိတွေ့ ဆက်ဆံမှုအတွက် ပထမဆုံးလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်တယ်။ ဒီနေ့ဆွေးနွေးပွဲကတော့ နှစ်ရက်မြောက်နေ့ ဖြစ်ပါတယ်။ ဆွေးနွေးချက်တွေကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံး လုပ်နည်းတွေ၊ နည်းဥပဒေတွေ၊ ပြုပြင် ပြောင်းလဲမှုတွေကို အသေးစိတ်ရှင်းပြနိုင်ခဲ့သလို တစ်ဖက် က မီဒီယာကလည်း အထူးသဖြင့် စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ဘာတွေလုပ်ထားတယ်၊ ဥပဒေ၊ နည်းဥပဒေ တွေ ဘယ်လိုရေးဆွဲ ထားတယ်ဆိုတာတွေကို ရှင်းပြထား တယ်။
ပြီးတော့ Working Group တွေခွဲပြီးတော့ အခက်အခဲတွေ၊ အခွင့်အလမ်းတွေ၊ စိန်ခေါ်မှုတွေ ဆွေးနွေးကြ တာဖြစ်တယ်၊ တော်တော်လေး အားရမှုတွေ ရှိပါတယ်။ မီဒီယာနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြားမှာရှိတဲ့ ဆက်ဆံရေးGuide Line တွေ ထုတ်နိုင်မယ်လို့ မျှော်လင့် ပါတယ်။
ပြန်ကြားရေးပိုင်းအနေနဲ့ကတော့ စာပေစိစစ်ရေးကို ဖျက်သိမ်းပြီးနောက်ပိုင်းမှာ မူဝါဒအနေနဲ့ကတော့ မီဒီယာ တွေကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ရေးသားဖော်ထုတ် ပြောဆိုမှုမျိုးကို လိုလားပါတယ်။ ဥပဒေနဲ့အညီဆိုတာက တားဆီးပိတ်ပင်မှု တစ်ခုလို့လည်း ပြောဆိုစွပ်စွဲတာမျိုးလည်း ရှိပါတယ်။ မီဒီယာဆိုတာ နိုင်ငံသားပါပဲ၊ ဂျာနယ်လစ် ဆိုတာလည်း နိုင်ငံသား ပါပဲ၊ နိုင်ငံသားတစ်ယောက်က လိုက်နာရမယ့် ဥပဒေမျိုးကိုတော့ သူတို့လိုက်နာဖို့ လိုပါ တယ်။ ဒါ့အပြင် ပိုပြီးအရေးကြီးတာ ကတော့ Professio-nal ဂျာနယ်လစ်တွေ ပေါ်ထွန်းလာဖို့ လိုလားပါတယ်။ ဒါက မီဒီယာဘက်ကို တိုက်တွန်းချင်တဲ့အချက်ကို တင်ပြ တာပါ။
အခုဆိုရင် News Media Laws ထုတ်ပြီးပါပြီ။ အဲဒီအထဲမှာ သတင်းအချက်အလက်ရယူလိုမှုနဲ့ ပတ်သက် လို့ ပုဒ်မတစ်ခု ပေးထားပြီး ဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေ က ဒါကို ပေးနိုင်တဲ့သတင်းဆိုရင် ပေးရတယ်။ အလားတူပဲ လုပ်ပေးနိုင်တဲ့ သတင်းဆိုရင်လည်း လုပ်ပေးဖို့ ဥပဒေက ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့အချိန်ထိ ဌာနဆိုင်ရာများအနေနဲ့ ဒီအပေါ် တုံ့ပြန်မှုအလွန်အား နည်းပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က Spoke Person တွေခန့်ထားပေမယ့်လည်း ဖုန်းနံပါတ်အများစုဟာ ယနေ့ အချိန်ထိ ဆက်သွယ်လို့မရသေးဘူး။ ဘာပဲပြောပြော ဒီနေ့ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ မီဒီယာကြားမှာ သတင်းအချက်အလက် ရယူ မှုတွေ၊ အပြန်အလှန်နားလည်မှုတွေ ဖြစ်ထွန်းလာမယ့် ပွဲတစ်ခုဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မီဒီယာအတွက်ကတော့ အထူးအကျိုးရှိမယ့် အလုပ်ရုံ ဆွေးနွေးပွဲလို့ ယုံကြည်ပါတယ်။

No comments:

Post a Comment