Tuesday, July 21, 2015

အမှန်သိစေချင်ပါသည်

ဆောင်းပါး
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန်အချိန် နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲကို စိတ်ပါဝင်စား သူများ များပြား လာသည်ကိုတွေ့ရှိရသည်။ လက်ရှိဆောင်ရွက်ဆဲဖြစ်သော မဲစာရင်း ပြုစုခြင်းနှင့်ပတ်သက်၍ သတင်း စာဂျာနယ်များတွင် မှားယွင်း ချက်များနှင့် ပတ်သက်၍ဖော်ပြနေကြပါသည်။ ဤအချက်ပေါ်တွင် မူတည်၍ မှားယွင်း သောမဲစာရင်းများကြောင့်
လာမည့်ရွေးကောက်ပွဲသည် တရားမျှတမှုရှိနိုင်မည်မဟုတ်ဟု ကောက်ချက် ဆွဲနေသူများပင် ရှိကြသည်။ ဤကောက်ချက် များသည် ပြည်သူများအား အထင်အမြင်လွဲမှား စေနိုင်ပြီး ရွေး ကောက်ပွဲအတွက် ထိခိုက်လာနိုင်စရာ အကြောင်းရှိပါသည်။ တစ်ဖက်ကကြည့်လျှင် ဤသို့သော ကောက်ချက် ချပြီး ပြောဆိုရေးသားနေကြသူများမှာ မဲစာရင်းပြုစုခြင်းဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများကို လေ့လာမှုမရှိခြင်း၊ မဲစာရင်းပြုစုနေသည့် ရည်ရွယ်ချက် သဘောသဘာဝများ၊ အခြေအနေမှန်များ ကို လေ့လာ သိရှိထားမှု မရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ယခုပြုစုနေသော မဲစာရင်းမှာရွေးကောက်ပွဲအတွက် မဲ ပေးရမည့် စာရင်း မဟုတ်သေးပါ။ ရွေးကောက်ပွဲအတွက် မဲပေးရမည့် စာရင်းပြည့်စုံမှန်ကန်ရေးအတွက် ကြိုတင် ပြင်ဆင်နေသော အခြေခံ မဲစာရင်းဖြစ်ပါသည်။ ရွေးကောက်ပွဲနီးပါက နောက်ဆုံးမဲစာရင်းကို ထပ်မံ ကြေညာဦးမည် ဖြစ်ပါသည်။
ပြည်သူအများထင်မှတ်မှားနေသော အချက်တစ်ခုမှာ မဲစာရင်းနှင့် သန်းခေါင်စာရင်း၏ ကွာခြားချက်ပင် ဖြစ်ပါ သည်။ ၂ဝ၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းမှ သတ်မှတ်ချိန်တွင် မည်သူသည် မည်သည့် နေရာတွင် ရှိစေကာ မူ ရောက်ရှိသည့်နေရာတွင် စာရင်းကောက်သော(defacto) စနစ်ဖြစ်ပါသည်။ နိုင်ငံ တစ်ဝန်းရှိ လူဦးရေစာရင်းသာဖြစ်ပါသည်။ မဲစာရင်း မဟုတ်ပါ။
မဲစာရင်းမှာမူ မဲဆန္ဒနယ်များတွင် အခြေချနေထိုင် သူများစာရင်းကို အခြေခံ၍ပြုစုခြင်းဖြစ်ပါသည်။ မဲစာရင်း မဲဆန္ဒနယ် တစ်ခု အတွင်း နေထိုင်သောသူများက မိမိနယ်၏အကျိုးကို ဆောင်ရွက်ပေးနိုင်မည့် မိမိတို့၏ ကိုယ်စားလှယ်ကို ရွေးချယ် တင်မြှောက်နိုင် ရန်ပြုစုထားသော မဲပေးပိုင်ခွင့်ရှိသူများ၏ စာရင်းဖြစ်သည်။ ထို့ ကြောင့် အခြေခံမဲစာရင်းကိုပြုစုရာတွင် သက်ဆိုင်ရာဒေသတွင် အခြေချနေထိုင်သော ပုံစံ ၆၆/၆ အိမ်ထောင်စု စာရင်း ဖြင့်နေထိုင်သူများကို ပထမဆုံး စာရင်းသွင်းခြင်း ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ယင်းဒေသတွင်ရှိသော ရဲတပ်ဖွဲ့နှင့် တပ်မတော်မိသားစုများ၊ အကြောင်း အမျိုးမျိုးကြောင့် ယင်းဒေသ သို့ ရွှေ့ပြောင်း ရောက်ရှိ နေသူများကို ဥပဒေနှင့်အညီ အဆင့်ဆင့်ထည့်သွင်းသွားမည်ဖြစ်ပါသည်။ အခြားဒေသ မှ ပြောင်းရွှေ့ရောက် ရှိနေသူများ မဲပေးခွင့် မဆုံးရှုံးစေရန်လည်း ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၅ (ခ)၊ ပုဒ်မ ၄၆ တို့တွင် ပြဋ္ဌာန်း ထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ထုတ်ပြန်ထားပြီးသော ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း တွင်ရှိသည့် ဒေသ လိုက်လူဦးရေစာရင်းနှင့် ဆန္ဒမဲပေးခွင့် ရှိသောမဲစာရင်းမှာ မတူနိုင်ပါ။
ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆ အရ မဲဆန္ဒရှင် စာရင်းမှာ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသား၊ ဧည့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများသာ ပါဝင်မည်ဖြစ်ပြီး ယင်းနိုင်ငံသားများထဲတွင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁ဝ အရ သတ်မှတ် ထားသော ဆန္ဒမဲပေးပိုင်ခွင့်မရှိသူများလည်း ပါဝင်မည်မဟုတ်ပါ။ ထို့ကြောင့် သန်းခေါင်စာရင်း နှင့် ကိုက်ပြီး လူဦးရေရာခိုင်နှုန်းမည်မျှ မဲပေးခွင့်ဆုံးရှုံး မည်ဟုခန့်မှန်းခြင်းမှာလည်း မဲဆန္ဒရှင်စာရင်းပြုစုခြင်း၏ အခြေခံ သဘော တရားနှင့် နည်းဥပဒေ၊ ဥပဒေများကို လေ့လာမှုအားနည်း၍သာ လွဲမှားစွာခန့်မှန်းကောက်ချက် ချနေခြင်းပင်ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ မဲစာရင်းများမှန်ကန်အောင်ပြုစုရမည်မှာ ရွေးကောက်ပွဲကော်မရှင်၏တာဝန်ဖြစ်သည်နှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းများ မှန်ကန်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအပြီးတွင် မဲစာရင်းများမှန်ကန်မှုမရှိဟူသော ဝေဖန် ချက်များ ပေါ်ထွက်လာခဲ့ပါသည်။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကောင်မရှင်က ပြီးခဲ့သော ရွေးကောက်ပွဲများ၏ အားသာချက်၊ အားနည်း ချက်များနှင့် ပြည်တွင်း/ပြည်ပမှ ဝေဖန်အကြံပြုချက်များ ရွေးကောက် ပွဲဆိုင်ရာ အစီရင်ခံစာများကို လေ့လာ သုံးသပ်ခဲ့ ပါသည်။ ပြည်ပနိုင်ငံများ ၏ ရွေးကောက်ပွဲများကို လည်း သွားရောက်လေ့လာခဲ့ကြပါသည်။ ဤကဲ့သို့သော အတွေ့အကြုံ ဗဟုသုတ၊ လေ့လာသိရှိချက်၊ သုံးသပ် ချက်များအပေါ် အခြေခံကာ လေ့လာသိရှိရချက်များမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက် နေသော စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများ ၏ ရွေးကောက်ပွဲအတွေ့ အကြုံနည်းပါးမှု၊ နိုင်ငံရေး အသိပညာအားနည်းနေမှုများ ပင်ဖြစ်ပါသည်။
ထို့ကြောင့် ယခုလာမည့်ရွေးကောက်ပွဲသာမက အစဉ်အဆက်လာမည့် ရွေးကောက်ပွဲများအတွက်ပါ ခိုင်မာ သော ရွေးကောက်ပွဲ စီမံခန့်ခွဲရေး အဖွဲ့အစည်း ပေါ်ပေါက်ရေးနှင့် တိုးတက်ကောင်းမွန်သော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရေးအတွက် International Foundation For Electoral Systems (IFES) ၏ အကူအညီဖြင့် မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲခဲ့ပါသည်။ ယင်းစီမံကိန်းမှာ ၂ဝ၁၄-၂ဝ၁၈ ခုနှစ်ထိ ငါးနှစ် စီမံကိန်း ဖြစ်ပြီး ပန်းတိုင် ၁၂ ရပ် ပါဝင်ပါသည်။ ပြည့်စုံမှန်ကန်သော မဲစာရင်းပြုစုရေးမှာ ပန်းတိုင်တစ်ရပ် အဖြစ် ပါဝင်ခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
ဤသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယခင်ကရရှိခဲ့သော မဲစာရင်းများမှာ လက်ရေးမူများ သာဖြစ်ပါ သည်။ ယင်းစာရင်းများကို ကွန်ပျူတာစနစ်ဖြင့် သိမ်းဆည်းထားခြင်းဖြင့် နောင်လာမည့် ရွေးကောက်ပွဲ အဆက် ဆက်အတွက် ပြင်ဆင်ဖြည့်စွက်လွယ်ကူစေရန် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တစ်နိုင်ငံ လုံး၏ မဲစာရင်း data base တစ်ခုရစေရန် ရည်ရွယ်ဆောင် ရွက်ခဲ့ပါသည်။ ပထမဆုံး စမ်းသပ်အကောင် အထည် ဖော်ရန် ရှေ့ပြေးစီမံချက်အဖြစ် ရွှေ့ပြောင်းလုပ်သား မိသားစုများသော ရန်ကုန်တိုင်းဒေသကြီးမှ အလုံမြို့နယ်၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ချင်းပြည်နယ်မှ တီးတိန်မြို့နယ်နှင့် လုံခြုံရေး အခက်အခဲရှိသော ကချင် ပြည်နယ်မှ မြစ်ကြီးနား မြို့နယ်တို့တွင် မဲစာရင်း စတင်ပြုစုခဲ့ပါသည်။ ဤသို့ ဆောင်ရွက်ရာတွင် ပါတီစွဲကင်း သော လူမှုအဖွဲ့အစည်းများက ပြည်သူများကို မဲဆန္ဒရှင်ပညာပေးလုပ်ငန်းတွင် ပါဝင်ကူညီမှု IFES အဖွဲ့၏ ကွန်ပျူတာများနှင့် နည်းပညာ အထောက်အပံ့ ပေးမှုများဖြင့် အောင်မြင်စွာ မဲစာရင်းပြုစု နိုင်ခဲ့ပါသည်။ ယင်း ဒေသများ၏ မဲစာရင်းပြုစုမှုမှ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာရယူကာ တစ်နိုင်ငံ လုံး အတိုင်း အတာဖြင့် မဲစာရင်းပြုစုခြင်းကို ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါသည်။
ဤသို့ပြုစုရာတွင် စေတနာ့ဝန်ထမ်းခြောက်ဦး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အတွင်းရေးမှူးအဖြစ် ပါဝင် သော ဌာနဆိုင်ရာ ကိုးဦးပါသော မြို့နယ်ကော်မရှင် အဖွဲ့ခွဲများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများက အခြေခံ စာရင်းကိုပြုစုကြပါသည်။ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲများက သက်ဆိုင်ရာရပ်/ကျေးမှ လူဦးရေစာရင်းများကို ယူဆောင်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စာရင်းပြုစုခြင်း ဖြစ်ပါသည်။ ယခင်ကနှင့်မတူဘဲ ကွန်ပျူတာ နည်းပညာကို အသုံးပြု၍ ပြုစုနေခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးရှိ မဲစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ထားရှိပြီး မဲစာရင်းကို မည်သူမဆို ကြည့်ရှုရ လွယ်ကူစေရေးအတွက် လည်းကောင်း၊ မဲစာရင်း တွင်ပါ/မပါ စစ်ဆေးနိုင်ရန် အတွက်လည်းကောင်း ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ပါ သည်။ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင် ရွက်ရာတွင် နည်းပညာကျွမ်းကျင်မှု၊ လူအင်အားပြည့်ဝမှု ပေါ်မူတည်၍ လည်းကောင်း၊ မြို့ပြနှင့်ကျေးရွာများကို လိုက်၍လည်းကောင်း လုပ်ငန်းတွင်ကျယ်မှန်ကန်မှုမှာ လည်း ကွာခြား ချက်များရှိနိုင်မည်ကို သတိထားရန်လိုပါသည်။ ထို့ကြောင့် အချိန်ကန့်သတ်ချက်အတွင်း ပြီးစီး အောင်ဆောင် ရွက်ရာတွင် အားနည်းချက်များ ပေါ်ပေါက်လာလေ့ရှိပါသည်။
မဲစာရင်းများ ကြေညာပြီးနောက် မဲစာရင်းများမှား နေသည်ဆိုသည်ကိုမငြင်းပါ။ သို့သော် မှားသောရာခိုင်နှုန်း မှာ ၈ဝ ရာခိုင်နှုန်းထိရှိပြီး ယင်းသို့ အမှားများမှုကြောင့် လာမည့် ရွေးကောက်ပွဲသည် တရားမျှတမှုမရှိနိုင်ဟု ကောက်ချက် ဆွဲလာကြပါသည်။ သို့ပါ၍ အခြေအနေ မှန်ကိုသိရှိနိုင်ရန်အတွက် ခရိုင် ရှစ်ခုသို့ ကွင်းဆင်း လေ့လာ ခဲ့ပါသည်။ ကွင်းဆင်းရာမှ လေ့လာသိရှိခဲ့ရသည့် အခြေအနေမှန်များကို မျှဝေတင်ပြလိုခြင်း ဖြစ်ပါ သည်။
မဲစာရင်းအချက်အလက်များ မှားယွင်းမှုနှင့် ပတ်သက်၍ ဝေဖန်ချက်များတွင် ကွယ်လွန်သူများ မဲစာရင်းတွင် ပါဝင်နေမှု၊ လူအများတွင် မွေးနေ့သက္ကရာဇ် များတူညီနေမှု၊ အမျိုးသားနှင့်အမျိုးသမီးများ မှားယွင်း နေမှု၊ စာလုံး ပေါင်းသတ်ပုံများမှားယွင်းမှု၊ မှတ်ပုံတင်နံပါတ် များမှားယွင်းမှု၊ သက်ဆိုင်ရာ ရပ်/ကျေးတွင်နေထိုင်ခြင်းမရှိ တော့ သူများ စာရင်းတွင်ပါဝင်နေမှု၊ ပါသင့်သည့်သူများ မဲစာရင်းတွင် ပါဝင်ခြင်းမရှိမှုများကို တွေ့ရှိခဲ့ရသည်။ ယင်းအချက် အလက်များမှားယွင်းရသည့် အကြောင်းအရင်းများ ကိုလည်းလေ့လာသိရှိခဲ့ရပါသည်။
ပထမဆုံးတင်ပြလိုသည်မှာ မဲစာရင်းသည် ပုံစံ ၆၆/၆ ဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်းကို အခြေခံ၍ စတင်ပြုစုခြင်းဖြစ်ပါသည်။ မဲစာရင်းပြုစုရာတွင် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၉ အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ကလည်းကောင်း ပြုစုထားသည့် လူဦးရေ (မသန်စွမ်းသူများ အပါအဝင်) စာရင်းကိုရယူအခြေခံပြီး စာရင်းပြုစုရမည်ဟု ပြဋ္ဌာန်းထားပါသည်။ တစ်အိမ်တက်ဆင်း ကောက်ယူရ သည့်စာရင်းမဟုတ်ပါ။ ထို့ကြောင့် ယင်းအခြေခံသည့် စာရင်းများ မှန်ကန်မှုသည်မဲစာရင်းအပေါ် များစွာအကျိုး သက်ရောက်စေမည်ဖြစ်ပါသည်။ ယင်းစာရင်းများ ပြည့်စုံမှုပေါ်မူတည်၍ မဲစာရင်း အမှားအမှန်ဖြစ်နိုင် သည်ကိုလည်း သတိပြုစေချင်ပါသည်။
အခြေခံမဲစာရင်းပြုစုရာတွင် သက်ဆိုင်ရာဒေသတွင် အခြေချနေထိုင်သော ပုံစံ ၆၆/၆ ရှိ သူများကို ကွန်ပျူ တာတွင် ကနဦးစာရင်းသွင်းပါသည်။ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်တွင် ယင်းအိမ်ထောင်စု စာရင်းမရှိသူ၊ မှတ်ပုံတင် မရှိသူ အများအပြားရှိပါသည်။ ၂ဝ၁၅ ခုနှစ် မေလတွင် ထုတ်ပြန်သော သန်းခေါင်စာရင်း အစီရင် ခံစာ အတွဲ (၂) အရ မည်သည့်ကတ်မျှ ကိုင်ဆောင်ထားခြင်း မရှိသော လူဦးရေပေါင်းမှာ ၁၁၂ဝ၇၇၆၉ဦး ရှိသည် ဟု သိရပါသည်။ ဤအချက်သည်လည်း မဲစာရင်းပြုစုရာတွင် အခက်အခဲ တစ်ခုဖြစ်ပါသည်။
ကွယ်လွန်သူများ မဲစာရင်းတွင် ပါဝင်နေခြင်းမှာလည်း ယင်းအိမ်ထောင်စုစာရင်းများနှင့် ဆက်စပ်နေပါသည်။ သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းတွင် ကွယ်လွန်သူများကို ပယ်ဖျက်ထားခြင်းမရှိပါက စာရင်းသွင်းသူက စာရင်းတွင်ပါသမျှကို သွင်းမည်ဖြစ်ပါသည်။ ကွယ်လွန်သူ များကို စာရင်းသွင်းသူက မသိရှိနိုင်ပါ။ ဤကဲ့သို့ ကွယ်လွန်သူကို စာရင်းမှပယ်ဖျက်ရသည်ကို မသိသူများ ကျေးလက်ဒေသသာမက၊ မြို့ပေါ်များတွင်ပင်ရှိနေပါ သည်။ အချို့မှာလည်း စာရင်းပယ်ဖျက်ရန် ကရိကထများ၍ အလုပ်ရှုပ်မခံသူများရှိသကဲ့သို့ မိမိချစ်ခင်တွယ် တာသူများကို စာရင်းမှ ပယ်မထုတ်ချင်သူများလည်း ရှိနေသည်ဟု သိရှိရပါသည်။ ထို့ကြောင့် ကွယ်လွန်သူများ ပါနေရ ခြင်းဖြစ်ပါသည်။
မွေးသက္ကရာဇ်နှင့်ပတ်သက်၍ နေ့၊ လများ တူညီနေသော ကိစ္စနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံတွင် မြို့ပေါ်နေ အချို့သောသူများပင်လျှင် မိမိမွေးသက္ကရာဇ်ကို မသိသူများရှိပါသည်။ ကျေးလက်တောရွာများတွင်မူ အမြောက် အမြား ရှိနေပါသည်။ ကွန်ပျူတာတွင် စာရင်းသွင်းရာ၌ ပုံစံ ၆၆/၆ များတွင် ထည့်သွင်းထားခြင်း မရှိပါက ယင်းနေရာတွင် ကွက်လပ်များဖြစ်နေပါမည်။ ကွန်ပျူတာ တွင် စာရင်းသွင်းရာ၌ ခုနှစ်သိပြီး မွေးလ၊ ရက် မသိပါက နိုင်ငံတကာရှိ ပြည်သူ့အင်အားဦးစီးဌာနများက အသုံးပြု သည့်စနစ်အတိုင်း မွေးသည့်နှစ်၏ တစ်ဝက် ဖြစ်သော ဇွန်လ၏ နောက်ဆုံးရက်ဖြစ်သည့် ၃ဝ ရက်ကိုယူ၍ စာရင်းသွင်းသည်ဟု လေ့လာသိရှိရ ပါသည်။ ယခုစာရင်း ပြုစုရာတွင်လညှ်းုင်္နှ ၏ အကူအညီဖြင့် နိုင်ငံတကာ ပညာရှင်များက သင်တန်းများပေးကာ စာရင်းပြုစုခဲ့ခြင်း ဖြစ်ပါသည်။ ဤနိုင်ငံတကာစနစ်ကိုကျင့်သုံးကာ မွေးရက်၊ လ မသိသူများကို ထည့်သွင်း ထားခြင်းဖြစ်ပါသည်။ မဲစာရင်းလာရောက်ကြည့်ရှုပြီး မိမိစာရင်းကို လာရောက် ပြင်ဆင်ပေးပါက အမှန်ကန်ဆုံး မဲစာရင်း များဖြစ်မှာ သေချာပါသည်။ facebook များတွင် ပြောနေသကဲ့သို့ ရွာလုံးကျွတ်မွေးနေ့ပွဲများ ကျင်းပရန် မလိုပါ။
အမျိုးသမီး၊ အမျိုးသား မှားယွင်းနေခြင်းတွင်လည်း အမည်၏ရှေ့တွင် ဦး၊ ဒေါ် မတပ်ထားပါက အမျိုးသား၊ အမျိုးသမီး နာမည်တူတွေအများကြီးရှိသဖြင့် စာရင်းသွင်းသူက မှားယွင်းစာရင်းသွင်းနိုင်ပါသည်။
အမည်ကွဲလွဲနေခြင်းတွင်လည်း လက်ရှိ ပုံစံ ၆၆/၆ များတွင် ဖြည့်သွင်းထားသော လက်ရေးများ မပီသခြင်း ဖြစ်ပါသည်။ မိတ်ဆွေပါမောက္ခတစ်ဦးက မဲစာရင်း သွားရောက်ကြည့်ရာတွင် သူမခင်ပွန်းအမည်မှာ 'မောင်'နှင့် 'အောင်' စာလုံးမှားနေသည်ကိုတွေ့ရသည် ဟုဆိုသည်။ သို့သော် ရပ်/ကျေးစာရေးက သူမအား ရှင်းပြပြီးကြည့် ရာတွင် သူမကိုယ်တိုင်ပုံစံတွင် ရေးထားသော ယင်းစာလုံးမှာ 'အောင်' သို့မဟုတ် 'မောင်' သို့မ ဟုတ် 'ဟောင်'ဟူ၍ တိကျစွာခွဲခြားနိုင်ခြင်း မရှိသည်ကို တွေ့ရသည်ဟု ပြန်လည်ပြောပြခဲ့ပါသည်။
အလားတူ အမည်သတ်ပုံများကိုအမှားပြင်ဆင်နေသော မြို့နယ်တစ်ခုတွင်သတိထားမိခဲ့ပါသည်။ တစ်ဦးက ဖတ်ပြီး တစ်ဦးကစာရင်းပြင်နေပါသည်။ သို့သော် အသံ ထွက်တူပြီး စာလုံးပေါင်းလွဲနေသည့် အချက်ပင်ဖြစ်ပါ သည်။ မြန်မာအမည်များတွင် အသံတူသည့်စာလုံးကွဲများ ရှိပါသည်။ ဥပမာ 'ဆန်း' 'စန်း' 'စမ်း' စာလုံးများ ဖြစ် ပါသည်။ ဖတ်သူက ဥပမာ 'ဦးဆန်း'ဟု ဖတ်လျှင် ရိုက် သူက 'ဦးစန်း' ဟုလည်းကောင်း၊ 'ဦးစမ်း'ဟူ၍လည်း ကောင်း ရိုက်မိနိုင်ပါသည်။ အချို့ပုဂ္ဂိုလ်များ၊ စာရေးသူ၏ သူငယ်ချင်းများတွင်ပင်လျှင် အဓိပ္ပာယ်အရ နာမည် စာလုံးများကို ရွေးချယ်သုံးတတ်သဖြင့် ဤကဲ့သို့ အမှား များလည်းဖြစ်နိုင်ပါသည်။
မှတ်ပုံတင်နံပါတ် မှားရာတွင်လည်း ရေးသားထားသော လက်ရေးကမပီသ၍ လည်းကောင်း၊ ပုံစံအချို့မှာ ဟောင်းနွမ်း နေပြီးဖြစ်၍ ဂဏန်းများမှာ မထင်ရှား၍ မှားနိုင်ပါသည်။ နားကြားလွဲနိုင်သော ဂဏန်းများအနေဖြင့် နှစ်၊ ခုနစ်၊ ရှစ် တို့မှားနိုင်ပါသည်။ သုံးနှင့် ကိုးသည်လည်း နားကြားလွဲနိုင်သော ဂဏန်းများဖြစ်ပါသည်။
ရန်ကုန်မြို့ကဲ့သို့ ဒေသတွင်လည်း လက်ရှိရပ်ကွက် တွင် နေထိုင်ခြင်း မရှိသူများပါနေခြင်း၊ ပါသင့်သူများ မပါ ခြင်းသည်လည်း လက်ရှိဆောင်ရွက်ချက်များကို လေ့လာ သိရှိပါက အမှားဟုပြောဆိုရန်ခက်ခဲပါသည်။
ယခုပညာပေးနေသော 'ထောင်မင်းသားနှင့်တွေ့ဆုံ ခြင်း' 'ကျားခင်စိန်နှင့် တွေ့ဆုံခြင်း'စသော ပညာပေး ဇာတ်လမ်း များကို ကြည့်ရှုပါက ကောင်းစွာနားလည် သဘောပေါက်မည်ဟုထင်ပါသည်။ တစ်နေရာမှ တစ်နေရာ သို့ ပြောင်းရွှေ့လျင် အိမ်ထောင်စုစာရင်းကိုပြောင်းရွှေ့ရမည်ဖြစ်သော်လည်း စာရင်းပြောင်းရွှေ့ခြင်း မရှိပါက မူလစာရင်းရှိသည့်နေရာ၏ မဲစာရင်းတွင်သာ ပါရှိမည် ဖြစ်ပါသည်။ အလားတူပင် မိမိလက်ရှိ နေထိုင်သည့် နေရာတွင် အိမ်ထောင်စုစာရင်းမသွင်းထားပါက မည်မျှကြာရှည်စွာ နေထိုင် ခဲ့သည်ဖြစ်စေ၊ လက်ရှိနေရာတွင် စာရင်းပါမည် မဟုတ်ပါ။
အချို့သော အိမ်ထောင်စုစာရင်းများတွင် မိဘအမည် အပြည့်အစုံ ဖြည့်စွက်ထားခြင်း မရှိသောစာရင်းများ ကိုပင် တွေ့ရှိရပါသည်။ အိမ်ထောင်စုစာရင်းတွင် ပြည့်စုံစွာဖြည့်ထားခြင်း မရှိပါက ယင်းနေရာတွင် ကွက်လပ် များ ဖြစ်နေမည်ဖြစ်ပါသည်။ အချို့မှာလည်း မိမိပတ်ဝန်း ကျင်နီးစပ်ရာ ပုဂ္ဂိုလ်များဖြစ်နေ၍ မေးမြန်းကာ ဖြည့်စွက် ပေးခဲ့သည်လည်း ရှိပါသည်။
ဤနေရာတွင်လည်း မဲစာရင်းစိစစ်သူများက စာရင်းတွင်မရှိဘဲ မိခင်၊ ဖခင် နာမည်ဖြည့်စွက်ထား၍ အမှား စာရင်းတွင် ထည့်ထားသည်ကိုလည်း တွေ့ရပြန်ပါသည်။
ယခုတင်ပြချက်များမှာ အမှားများရှိနေသည်ကို ငြင်းချက်ထုတ်ခြင်းမဟုတ်ပါ။ အထက်ပါအကြောင်း အကျိုး များကြောင့် လည်းကောင်း၊ စာရင်းသွင်းရာတွင် အားနည်းချက်များကြောင့်လည်းကောင်း၊ အမှားများ ပေါ်ပေါက် ခြင်းဖြစ်ကြောင်း သိစေလိုခြင်းဖြစ်ပါသည်။ ဤကဲ့သို့ အမှားများပေါ်ပေါက်တတ်သဖြင့် ရွေးကောက်ပွဲနည်း ဥပဒေပုဒ်မ ၅ဝ (ဂ) တွင် မဲစာရင်း၌ အနည်းငယ်မှားယွင်းခြင်း၊ ချို့ငဲ့ခြင်း၊ ချွတ်ချော်ခြင်းများ ကိုပြင်ဆင်၍ မဲပေးခွင့် ရှိရမည်။ ယင်းသို့ ပြင်ဆင်ခွင့် ပြုချက်များကို မဲပေးသည့်နေ့၌ပင်လျှင်မဲရုံမှူးသည် ပုံစံ ၁၂ ဖြင့် အကျိုးအကြောင်း အကျဉ်းချုပ်ကိုရေးသား မှတ်တမ်းတင်ရန်ပြဋ္ဌာန်းထားပါသည်။ အရေးအကူး မှားယွင်းမှုရှိ သော်လည်း မဲပေးခွင့်ဆုံးရှုံးမှုမရှိသည်ကို သိစေလိုပါသည်။
ကွင်းဆင်းခဲ့ရာဒေသတစ်လျှောက်တွင် အချို့သော ပါတီများက မဲစာရင်းမှန်ကန်ရေး စိစစ်ဆောင်ရွက်နေ သည်ဟုသိရပါသည်။ သို့သော် ဤကဲ့သို့အကူအညီပေးရာတွင် လက်ရှိစာရင်းပြုစုနေသည့် အခြေအနေ၊ လုပ်ငန်း ပမာဏအတိုင်းအတာ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည် သဘော ပေါက်မှသာ ပိုမိုထိရောက်သော ကူညီမှုများဖြစ်လာပါမည်။ အချို့ သော ကော်မရှင်များ၏တင်ပြချက်အရ မဲစာရင်း စိစစ်သူများက မဲစာရင်းတွင်မပါသော စာရင်းဟူ၍ လာရောက်ပေးပို့ခြင်းများရှိခဲ့သည်။ သို့သော် အချို့သော စာရင်းမှာ ယခုသတ်မှတ်ထားသော ပုံစံ ၃၊ ၄၊ ၄(ဂ) စသည်ဖြင့် တင်ပြခြင်းရှိသူများရှိသကဲ့သို့ ယင်းပုံစံများ အတိုင်းမဟုတ်ဘဲ မဲစာရင်းမပါသူများကို စာရင်းကောက် ယူကာသတ်မှတ်ရက်ကျော်မှ လာရောက်ပေးအပ်သူများ လည်းရှိသည်ဟု သိရပါသည်။ ဤသည်မှာလည်း မဲစာရင်းမပါသူတိုင်း ပုံစံ (၃) စာရင်း လာရောက်ပေးပါက ပုံစံပါအထောက်အထားများ၊ ထောက်ခံချက်များ ပြည့်စုံရန် လိုအပ်ပါသည်။ မဲဆန္ဒပေးခွင့်ရရှိသူ ဟုတ်/မဟုတ် စိစစ်ရန်လိုပါသည်။ မပြည့်စုံပါက မဲစာရင်းတွင် ပါမည် မဟုတ်ပါ။ ဥပဒေနှင့်မညီပါကလည်း မဲစာရင်းတွင် ထည့်ပေးနိုင်မည်မဟုတ်ပါ။
မဲစာရင်းများမှားနေသည်ဟုဆိုရာတွင် အမှားရှိသည်ကို ငြင်းစရာအကြောင်းမရှိသော်လည်း အမှားရာခိုင်နှုန်း များဖော်ပြရာတွင် ၈ဝ ရာခိုင်နှုန်း မှားနေသည်ဆိုသည်မှာ မည်သည့်အချက်ပေါ်တွင် သုံးသပ်သည်ကိုမသိရပါ။ ခရိုင်တစ်ခုတွင် မဲစာရင်းစိစစ်ရေးဆောင်ရွက်နေသည့် ပါတီတစ်ခုမှ ၇ဝ ရာခိုင်နှုန်း မှားနေသည်ဟု တင်ပြ ပါသည်။ အမှားများသည်ဆိုသော ရပ်ကွက်/ကျေးရွာများကို အတိအကျတင်ပြပေးရန် မေးမြန်းသောအခါ တိကျ သော အဖြေမရခဲ့ပါ။ တိကျစွာသိရှိပါက ယင်းအမှားများကို အမြန်ဆုံး အမှန်ဖြစ်ရေးကူညီပေးနိုင်ရန် မေးမြန်း ခဲ့ခြင်း ဖြစ်ပါသည်။
သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲများက မဲစာရင်းကိုလာရောက်ကြည့်ရှုသူ၊ ပြင်ဆင်ကန့်ကွက်၊ ဖြည့်စွက်ပုံစံများ တင်သွင်းသူများစာရင်း ကို အသီးသီးကောက်ယူထားကြပါသည်။ ပုံစံ (၃)မှာ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာ ဖြစ်ပါသည်။ ပုံစံ (၄)မှာ မဲစာရင်းနှင့် စပ်လျဉ်း သော ကန့်ကွက်လွှာဖြစ်ပြီး ပုံစံ ၄ (ဂ) မှာ မဲစာရင်းနှင့်စပ်လျဉ်း သော ပြင်ဆင်လွှာဖြစ်ပါသည်။ ဤသို့ ဖြည့်စွက်၊ ကန့်ကွက်၊ ပြင်ဆင်ရန် တောင်းခံလွှာရရှိမှုကို ကြည့်သော အခါ ခရိုင်ကိုလိုက်၍ အနည်းဆုံး ၁၅ ရာခိုင်နှုန်းနှင့် အများဆုံး ၃ဝ ရာခိုင်နှုန်းအထိသာ ရရှိခဲ့ကြောင်း သိရ ပါသည်။ ၈ဝ ရာခိုင်နှုန်း အမှားများကြောင့် ရွေးကောက်ပွဲ မှာ မျှတမှုရှိမည်မဟုတ်ဟူသော ကောက်ချက်များသည် မှန်၊ မမှန် သိသာနိုင်ပါသည်။
အချို့ကလည်း မဲစာရင်းမှားနေ၍ မသမာမှုများ ဖြစ်လာနိုင်သည်ဟူ၍လည်းကောင်း၊ သန်းခေါင်စာရင်းပါ လူဦး ရေနှင့်ညှိကာ လူဦးရေမည်မျှ မဲပေးခွင့်ရနိုင်မည် မဟုတ်ဟူ၍လည်းကောင်း ရေးသားပြောဆို နေကြသည်ကို လည်းတွေ့ရပါသည်။ သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် မဲပေးခွင့်ရှိသူတိုင်း မဲစာရင်း ပါရေးအတွက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ကျေးလက်တောရွာအများစုတွင် နှစ်ပေါင်း များစွာ နေထိုင်သည့် ဒေသခံများဖြစ်သော်လည်း အိမ်ထောင်စုစာရင်း မရှိသူ၊ မှတ်ပုံတင်မရှိသူများအား ဥပဒေနှင့်အညီ မဲဆန္ဒပေးပိုင်ခွင့် ရှိသူဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်/ ကျေးရှိအထောက်အကူပြုကော်မတီ များမှ ထောက်ခံခြင်းဖြင့် မဲစာရင်းကို ထည့်သွင်းခွင့်ပြုခဲ့ပါသည်။
ယခင်က မဲပေးခွင့်ရှိပြီး မဲစာရင်းမပါသူများမှာလည်း ယခင်ကဥပဒေများအရ မဲပေးခွင့်ရခဲ့သော ယာယီ သက် သေခံ ကတ်ကိုင်ဆောင်သူများမှာ မကြာမီက လွှတ်တော်မှ ပြင်ဆင်ချက်အရ ယင်းပုဂ္ဂိုလ်များ မဲစာရင်းတွင် ပါတော့ မည်မဟုတ်ပါ။ သို့သော် ဤကိစ္စနှင့်ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးဌာနမှ မိုးပွင့်စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပါ သည်။ ယင်းဌာန၏ ဆောင်ရွက် ချက်များအရ ဤပုဂ္ဂိုလ်များထဲမှ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများကို စိစစ်ထုတ်ပြန် ပေးနိုင်ပါက ဥပဒေနှင့်အညီ မဲစာရင်းတွင် ပြန်လည်ထည့်သွင်းပေးမည်ဖြစ်ပါသည်။
ယခုမဲစာရင်းပြုစုပြီး ကပ်ထားကြေညာရသော ရည်ရွယ်ချက်မှာလည်း မဲစာရင်းအမှားများကို မြင်၍ အမှန်ပြင် နိုင်ရန်ဖြစ်ပါသည်။ သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်အမှန်များကို စာရင်းသွင်းသူများ က မည်သည့်နည်းနှင့်မျှ အမှန်အားလုံးသိရှိနိုင်မည်မဟုတ် ပါ။ ဤသို့အမှားများကို ဖော်ထုတ်ပြသ၍ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက အမှန်ပြင်ပေးကြလျှင် မှန်ကန်သောမဲစာရင်း ကို ရရှိနိုင်မည်ဖြစ်ပါသည်။ မှန်ကန်သော မဲစာရင်း တစ်ခုရရှိပါက နောက်နောင်သော ရွေးကောက်ပွဲများအတွက် မှန်ကန်သော အခြေခံမဲစာရင်းတစ်ခုရှိနေပြီး အချိန်အခါ အလိုက်မဲစာရင်းများပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လွယ်ကူစွာ ပြုလုပ်နိုင်မည် ဖြစ်သည်။ ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၉ တွင်လည်း မဲစာရင်းကပ်သည့်အချိန်တွင် မိမိအမည်မဲစာရင်းတွင် ပါ/မပါ ကြည့်ရှုရန် တာဝန်ရှိသည် ဟုလည်း ပြဋ္ဌာန်းထားပါသည်။ ပြည်သူတိုင်းသည် ကိုယ်စီကိုယ်ငှတာ ဝန်ထမ်း ဆောင်ပါက အောင်မြင်မှုရမည်မှာ မလွဲမသွေပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ကျင့်သုံးသောစနစ်ကိုလည်း သတိပြုရန်လိုပါသည်။ မဲဆန္ဒကို ပေးလိုကပေးနိုင်ပြီး ပေးလိုခြင်း မရှိပါက မပေးဘဲနေနိုင်သည့်စနစ်ဖြစ်သည်။ အချို့နိုင်ငံများတွင် မဲမပေးမနေရစနစ်ဖြစ်၍ လူတိုင်း မဲဆန္ဒပေးရန် မှတ်ပုံတင်ရသော စနစ်ကျင့်သုံးသည် ကိုလည်း လေ့လာရပါသည်။ မြန်မာနိုင်ငံတွင်မူ မိမိဆန္ဒ အလျောက် မဲပေး၊ မပေး ဆောင်ရွက်နိုင်ခွင့်ရှိသည်ဖြစ်ရာ မဲစာရင်းတွင် မိမိအမည်ပါရေးသည် ပြည်သူများတွင် လည်း တာဝန်ရှိပါသည်။ ယခုအခါ မဲစာရင်းတွင် အမည် ပါ/မပါ လာရောက်ကြည့်ရှုသူရာခိုင်နှုန်းမှာ ဒေသကို လိုက်၍ အချို့ ဒေသတွင် အလွန်နည်းပါးနေသည်ကို တွေ့ရပါသည်။ ကြည့်ရှုပြီး ဝိုင်းဝန်းပြင်ဆင်ပေးမှသာ အမှန် မဲစာရင်း ဖြစ်လာပါမည်။
အချုပ်အားဖြင့်ပြောရလျှင် မဲစာရင်းအမှားများကြောင့် မဲပေးခွင့်မဆုံးရှုံးနိုင်ပါ။ မဲစာရင်းအမှားကြောင့် မသမာမှု မဖြစ်စေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပါသည်။ လက်ရှိအမှားများကို အမှန်ကန်ဆုံးဖြစ်စေရန် ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နေသည်ဖြစ်၍ လက်ရှိ ပူးပေါင်းဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ ပြည်သူများက ဥပဒေနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပါက မသမာမှုများအတွက် စိုးရိမ် စရာမ ရှိနိုင်ပါ။
အရေးကြီးဆုံးမှာ မဲစာရင်းတွင် အမည်မပါပါက မဲပေးခွင့်ရရှိနိုင်မည်မဟုတ်သည်ကိုတော့ သိရှိကြရန် လိုအပ်ပါ သည်။ ထို့ကြောင့် ရွေးကောက်ပွဲနီးလျှင် နောက်ဆုံးမဲစာရင်းတစ်ကြိမ် ထပ်မံကြေညာပါဦးမည်။ ထိုအချိန် ကျ လျှင် ပြင်ဆင်ရန် ၁၄ ရက်ခွင့်ပြုဦးမည်ဖြစ်ပြီး ယင်းမဲစာရင်းသည် ရွေးကောက်ပွဲအတွက် မဲစာရင်းဖြစ် ပါသည်။ ထို့ကြောင့် မဲစာရင်းကပ်သည့်အခါ ကြည့်၍ အမှားပြင်ပေး အမှန်ရောက်ရေးကို ဝိုင်းဝန်းကြိုးပမ်း ပေးရန် နှိုးဆော်အပ်ပါသည်။ ။
ကော်မရှင်အဖွဲ့ဝင်တစ်ဦး

No comments:

Post a Comment