Friday, July 3, 2015

သတင်းထုတ်ပြန်ချက်



 ၁။  ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ (၂၉) ကြိမ် မြောက် ပုံမှန် အစည်းအဝေးတွင် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) မှ တင်သွင်း သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော အဆိုမူကြမ်း တစ်ရပ်ကို (၃-၇-၂၀၁၅) ရက်နေ့တွင်  ချမှတ်ခဲ့ သည်။

၂။ ယင်းဆုံးဖြတ်ချက် အဆိုမူကြမ်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာအာဏာ ပိုင်မှုကို ထိပါး ရာရောက်ခြင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် စပ်လျဉ်းပြီး မဟုတ်မမှန်စွပ်စွဲချက်များ ပါဝင်ခြင်း၊ ပြည်တွင်း စီရင်ပိုင်ခွင့်အတွင်း ကျရောက်သည့် ကိစ္စများအား ဝင်ရောက်စွက်ဖက်ခြင်း၊ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ရှိနေခြင်းအား အထင်အမြင်လွဲမှားစေမည့် ဖော်ပြချက်များ ပါဝင်ခြင်းတို့ကြောင့် ဓမ္မဓိဋ္ဌာန်မ ကျသော ဆောင်ရွက်ချက် တစ်ရပ်သာဖြစ်ပြီး ဘာသာရေးကိစ္စအတွက် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီကို အသုံးချ၊ အမြတ်ထုတ်မှု တစ်ရပ် ဖြစ်သည်။
၃။  ထို့အပြင်၊ ယင်းအဆိုမူကြမ်းသည်မြန်မာနိုင်ငံအတွင်း မတူညီသော ဘာသာကိုးကွယ်သူများ အကြား တည်ရှိနေသည့် ငြိမ်းချမ်းမှုနှင့် ညီညွတ်မှုကို ထိခိုက်ပျက်ပြားစေရန် ကြိုးပမ်းမှု တစ်ရပ် အဖြစ် သုံးသပ်ရရှိသည်။ ပိုမိုကျယ်ပြန့်စွာစဉ်းစားပါက ကမ္ဘာ့ဘာသာကြီးများအကြား ရှင်သန် ဖြစ်ထွန်းနေပြီး၊ ဝိုင်းဝန်း ထိန်းသိမ်းသွားရမည့် သဟဇာတဖြစ်မှုကို ထိခိုက်စေရန် အစပျိုးမှု တစ်ရပ်ဖြစ်ရာ သတိပြုရမည့် ခြေလှမ်းတစ်ရပ် ဖြစ်သည်။
၎။ သို့ဖြစ်ရာ ယင်းအဆိုမူကြမ်းအား လူ့အခွင့်အရေးကောင်စီ၌ စဉ်းစားဆောင်ရွက်ရာတွင် ကုလသမဂ္ဂ ဆိုင်ရာ မြန် မာအမြဲ တမ်း ကိုယ်စားလှယ်က အဆိုမူကြမ်းတွင်ပါဝင်သော မြန်မာနိုင်ငံက လက်မခံသည့် အသုံးအ နှုန်းကို လည်းကောင်း၊ ဆုံးဖြတ်ချက်ပါ အပိုဒ်တစ်ပိုဒ်ချင်းစီကို လည်းကောင်း၊ ပြင်းထန်စွာကန့် ကွက်လျက်ပယ်ချခဲ့သည်။ ထို့အပြင် အိုအိုင်စီ၏ အဆိုမူကြမ်း တစ်ရပ်လုံးသည် မြန်မာနိုင်ငံနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အမြဲတမ်းကိုယ်စားလှယ်က ခိုင်မာစွာ ရပ်တည်ပြောကြားခဲ့သည်။
၅။ မြန်မာနိုင်ငံအနေဖြင့် ပြည်သူများ၏ လူ့အခွင့်အရေး တိုးတက်ရရှိရေးနှင့် ကာကွယ် စောင့်ရှောက် ရေးတို့ အတွက်၊ နိုင်ငံ အတွင်း မတူညီသည့် ယုံကြည်မှုများနှင့် လူများအကြား ကွဲပြား ခြားနားမှုများကို လက်ခံလျက် သဟဇာတရှိရှိဖြင့် ငြိမ်းချမ်းစွာ ဆက်လက် အတူယှဉ်တွဲ နေထိုင်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
၂၀၁၅ ခုနှစ် ဇူလိုင်လ   ၃ ရက်

No comments:

Post a Comment