Friday, July 3, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မိခင်နှင့် ကလေးသေဆုံးမှုကျဆင်းရေး အရှိန်အဟုန်မြှင့် လုပ်ငန်းစတင်ခြင်း အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြား




 နေပြည်တော် ဇူလိုင် 
မိခင်နှင့် ကလေးသေဆုံးမှု ကျဆင်းရေး အရှိန်အဟုန် မြှင့်လုပ်ငန်း စတင်ခြင်း အခမ်းအနားကို  ယနေ့နံနက် (၉)နာရီတွင် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်၍ အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေ (၅၁)သန်း ကျော်တွင် မွေးဖွားမှု၊ သေဆုံးမှု စာရင်းမှတ်ပုံတင်ရေးအဖွဲ့ တင်ပြချက်အရ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း မွေးဖွားဦးရေ (၆၄၅၀၀၀)ကျော်ဖြစ်ပြီး သေဆုံးဦးရေ (၂၃၅၀၀၀) ကျော်ဖြစ်ပါကြောင်း၊ သေဆုံးဦးရေသည် မွေးဖွားဦးရေ၏ (၃၆ ဒမသ ၄၃)ရာခိုင်နှုန်း ရှိသည့်အတွက် လူဦးရေ(၁၀၀)မွေးဖွားတိုင်း (၃၆)ဦး သေဆုံးနေသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုကဲ့သို့ သေဆုံးမှုမြင့်နေခြင်းကြောင့် မြန်မာနိုင်ငံသားများ၏ ပျမ်းမျှသက်တမ်းသည် အရှေ့တောင်အာရှဒေသနိုင်ငံများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းနှင့် နှိုင်းယှဉ်ကြည့်ပါက အနိမ့်ဆုံးအုပ်စုထဲတွင် ပါဝင်စေသည့် အကြောင်းရင်းတစ်ခုဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှဒေသ နိုင်ငံများထဲတွင် ပျမ်းမျှမျှော်မှန်းသက်တမ်း အရှည်ဆုံးမှာ စင်ကာပူနိုင်ငံ (၈၃)နှစ်ဖြစ်ပြီး အနိမ့်ဆုံးမှာ အိန္ဒိယနိုင်ငံ (၆၆)နှစ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် (၆၆ ဒသမ ၈)နှစ်ဖြစ်ပြီး အရှေ့ တောင်အာရှနိုင်ငံများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းများထဲတွင် သက်တမ်းတိုသည့် စာရင်း၌ ပါဝင်နေပါကြောင်း။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များထဲမှ ပျမ်းမျှမျှော်မှန်းသက်တမ်းကို ကြည့်လျှင်လည်း မကွေးတိုင်းဒေသကြီးသည် (၆၀ ဒသမ ၆)နှစ်ဖြစ်၍ သက်တမ်း အတိုဆုံးဖြစ်ပါကြောင်း၊ (၁)နှစ်အောက်နှင့် (၅)နှစ်အောက်ကလေးသေဆုံးမှုနှုန်း တွင်လည်း  အများဆုံးမှာ မကွေး တိုင်းဒေသကြီးဖြစ်ပါကြောင်း။
(၅)နှစ်အောက်ကလေးများ သေဆုံးရသည့် အကြောင်းအရင်းများမှာ နေ့စေ့ လစေ့ မဟုတ်ဘဲ မွေးဖွားခြင်း၊ ကိုယ်အလေးချိန်မပြည့်ခြင်း၊ အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း၊ ဦးနှောက်ပိုးဝင်ခြင်း၊ မွေးဖွားစဉ် ရေမွှန်းခြင်း၊ ၀မ်းပျက် ၀မ်းလျှောဖြစ်ခြင်း၊ မွေးကင်းစ အသားဝါဖြစ်ခြင်း၊ မွေးရာပါကိုယ်အင်္ဂါချို့ယွင်းခြင်း၊ ဗီတာမင်ဘီဝမ်း အာဟာ ရချို့တဲ့ခြင်း၊ မတော်တဆ အန္တရာယ်ဖြစ်ခြင်း၊ သွေးအဆိပ်တက်ခြင်း အစရှိသည့် ရော ဂါများကြောင့် ဖြစ်ပါကြောင်း။
အဆိုပါရောဂါများကြောင့် မြန်မာနိုင်ငံ၏ ၅ နှစ်အောက်ကလေးသေဆုံးမှုသည် အကြမ်းအားဖြင့် တစ်နှစ်အတွင်း (၆၅၀၀၀)နီးပါး သေဆုံးပြီး တစ်နာရီလျှင် ကလေး ၈ ဦးနှုန်းခန့် သေဆုံးနေပါကြောင်း၊ သက်ဆိုင်ရာ မိသားစုများအတွက် ၀မ်းနည်း ကြေကွဲရ သလို နိုင်ငံတော်အတွက်လည်း တန်ဖိုးမဖြတ်နိုင်သည့် ဆုံးရှုံးမှုများပင် ဖြစ်ပါကြောင်း၊ ယင်းသေဆုံးမှု ထဲတွင် ကျေးလက်နေကလေးများ၏ သေဆုံးမှုသည် မြို့ပြနေကလေးများ၏ သေဆုံးမှုထက် ပိုများနေသည်ကို တွေ့ရပါကြောင်း၊ ၅ နှစ်အောက်ကလေးများ အပါအ၀င် မြို့ပြနေပြည်သူ လူထုအတွက် ကျန်းမာရေးစောင့် ရှောက်မှု လိုအပ်သကဲ့သို့ ကျေးလက်နေပြည်သူလူထုအတွက်လည်း ကျန်းမာရေးစောင့် ရှောက်မှုကို တိုးမြှင့်ပေးနိုင်မှသာ ဆုံးရှုံးမှုများ လျော့ကျလာမည်ဖြစ်ပါကြောင်း။
လူနေမှုအချက် အလက်များကို ကြည့်ခြင်းဖြင့် မကွေးတိုင်းဒေသကြီး၏ အခြေအနေသည် အလယ်အလတ် အဆင့်အထက်တွင် ရှိသည်ကို တွေ့ရပါကြောင်း၊ သို့သော် လူနေမှုအညွန်းကိန်းများ နိမ့်ကျနေမှုသည် အခြားသော အခြေခံ အဆောက် အအုံများ ပြည်စုံမှု၊ မပြည့်စုံမှု၊ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ပြည့်ဝမှု၊ မပြည့်ဝမှု၊ ကျန်းမာရေးလေ့လာလိုက်စားမှု ရှိ၊ မရှိ နှင့် မိသားစု စားသောက်မှုပုံစံ များအပေါ်တွင် တည်ရှိနေပါကြောင်း။
ယခုကဲ့သို့ မကွေးတိုင်းဒေသကြီးအတွင်း ၅ နှစ်အောက်ကလေး သေဆုံးမှု မြင့်မားနေသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် ကျန်းမာရေးဌာနဆိုင်ရာ ၀န်ထမ်းများ၏ စွမ်းဆောင်မှုတစ်ခုတည်းဖြင့် သေဆုံးမှုကျဆင်းရန်၊ မျှော်မှန်းသက်တမ်းပိုရှည်ရန် စွမ်းဆောင်နိုင်မည်မဟုတ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့်အတူ ဌာနဆိုင်ရာ အဆင့်ဆင့်နှင့် မြို့ပြကျေးလက် လူထုလူတန်းစားများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအ ဖွဲ့များနှင့် ပေါင်းစပ်ဆောင် ရွက်နိုင်မှသာ သေဆုံးမှု နှုန်းကျ ဆင်းလာမည်ဖြစ်ပါကြောင်း။
ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၏ ၅ နှစ်အောက် ကလေးနှင့် မိခင်သေဆုံးမှု ကျဆင်းလာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်ပြီး ပြည်သူလူထု၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် မည်သို့မည်ပုံပေါင်းစပ်ဆောင် ရွက်သွားနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲမှ စတင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
ထို့အတူ လူလတ်၊ လူငယ်၊ လူကြီးအရွယ် သေဆုံးမှုလျော့ပါးလာရေးအတွက် ငှက်ဖျား၊ တီဘီ၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် စသည့်ရောဂါကြီးများမှအစ ကူးစက်တတ်သည့် အခြားရောဂါများ ကာကွယ်တားဆီး ကုသတိုက်ဖျက်ရေးတွင် လည်းကောင်း၊ မကူးစက်တတ်သော်လည်း တစ်ချိန်ချိန်တွင် ဒုက္ခအကြီးအကျယ် ပေးတတ်သည့် ရောဂါများဖြစ်သည့် သွေတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာနှင့် မော်တော်ယာဉ်ကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှု၊ သဘာဝဘေးဒဏ်နှင့် လူသား တို့ကြောင့် ထိခိုက်သေဆုံးမှုများကိုလည်း သိသာစွာလျှော့ချနိုင်မှသာ မကွေးတိုင်း ဒေသကြီး အပါအ၀င် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး သေဆုံးမှုနှုန်း လျော့ကျလာမည်ဖြစ်ပြီး လူ့ပျမ်းမျှမျှော်မှန်း သက်တမ်းသည်လည်း တိုးတက်လာနိုင် မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် တာဝန်ရှိသူအားလုံးက မိခင်၊ ၅ နှစ်အောက်ကလေးများအပါအ၀င် အရွယ်သုံးပါး သေဆုံးမှု ကျဆင်း ရေးလုပ်ငန်း များတွင် မိမိတတ်စွမ်းသည့်ဘက်မှ ပါဝင်ဆောင်ရွက်ကြပြီး မကွေးတိုင်းဒေသကြီး ၏ မျှော်မှန်းသက် တမ်း မြင့်တက်လာ ရေးမှသည် တစ်နိုင်ငံလုံးမျှော်မှန်းသက်တမ်း တိုးမြှင့်နိုင်ရေးအတွက် ကူညီပံ့ပိုးပေး ကြရန် တိုက်တွန်းပြောကြားသည်။ 
ထို့နောက် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်တို့က မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံဆေးပေးခန်း၊ ကျန်းမာရေးဌာနများရှိ ကျန်းမာရေးဝန်ထမ်းအင်အားနှင့် မိခင်နှင့် ကလေး ကျန်းမာရေးအခြေအနေနှင့် အသက်ငါးနှစ်အောက် ကလေးနှင့်မိခင်သေဆုံးမှု ကျဆင်းရေး အတွက် ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မကွေးမြို့မှ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာလာ ရာ နေပြည်တော်လေဆိပ် သို့ နံနက် (၁၁)နာရီ (၁၅)မိနစ်တွင် ပြန်လည်ရောက်ရှိကြသည်။  



No comments:

Post a Comment