Friday, July 24, 2015

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ညှိနှိုင်းအစည်းအဝေးတွင် လော်ခီးလာမှအဆိုပြုသည့် အချက်(၁၃)ချက် ဆွေးနွေးနိုင်ခဲ့




ရန်ကုန် ဇူလိုင် ၂၄

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD)တို့၏  တတိယနေ့ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီ လမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)တွင် ဆက်လက် ပြုလုပ်သည်။


အစည်းအဝေး ပြုလုပ်ခဲ့သည့် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ  ၃ ရက်တာကာလ အတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ်မူကြမ်း (NCA) အတွက် (၈) ကြိမ်မြောက် တရားဝင် ညှိနှိုင်းဆွေးနွေးကြရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ အဆင်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD)မှ တောင်းဆိုထားသည့်အချက် လေးချက်အား ဆွေးနွေးကြခြင်းဖြစ်သည်။

ပထမနေ့နှင့် ဒုတိယနေ့ ဆွေးနွေးပွဲတွင်   ဆွေးနွေးခဲ့သည့် လော်ခီးလာ အစည်းအဝေးမှ ပြင်ဆင်သည့် NCA စာချုပ်(မူကြမ်း) ပါ အချက် (၁၃) ချက်ကို ဆွေးနွေးနိုင်ခဲ့သည်။

တတိယနေ့အစည်းအဝေးတွင် UPWC နှင့် SD တို့၏ NCA ဆွေးနွေးပွဲတွင် NCA စာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ရမည့် အသိသက်သေများနှင့် ပါဝင်လက်မှတ်ရေးထိုးကြမည့်သူများ ကိစ္စ၊ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးကြမည့် တိုင်းရင်းသားအဖွဲ့များစာရင်းကိစ္စနှင့် အထွေထွေကိစ္စရပ်များကို ဆက်လက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲကို မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရပ်နားခဲ့ပြီး အစည်းအဝေးအပြီးတွင် UPWC ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးကော်မတီ(UPWC)နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ အချက်လေးချက်ပါသည့် ပူးတွဲ သတင်းထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။

ယင်းနောက် UPWC ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက  ယနေ့ ကျင်းပသည့် အစည်းအဝေးသည် SD အဖွဲ့နှင့် UPWC တို့၏ တတိယနေ့နှင့် နောက်ဆုံး အစည်းအဝေး ဖြစ်ပါကြောင်း၊ နှစ်ဖက်စာချုပ်နှင့် ပတ်သက်သည့်  အချက်များအပေါ် အချောသတ် နိုင်ခဲ့ပါကြောင်း၊ ကျန်ရှိသည့် အချက်တစ်ချက်၊ နှစ်ချက်အား တိုင်းရင်းသားခေါင်းဆောင်များထံမှ မူဝါဒများ ရယူပြင်ဆင်ပြီး နောက်တစ်ကြိမ် အစည်းအဝေး ထပ်မံပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊  ယခုအစည်းအဝေးကဲ့သို့ အောင်မြင်စွာ ဆောင်ရွက်နိုင်အောင် တိုင်းရင်းသား ခေါင်းဆောင်များဘက်က ဆောင်ရွက်ပေးရန်အတွက် မိမိအနေဖြင့် တင်ပြပါ ကြောင်း၊  ထိုအစည်းအဝေးသည် NCA စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် နောက်ဆုံးအပြီးသတ် ဆောင်ရွက်သည့် အစည်းဝေးဖြစ်စေလိုသောဆန္ဒ မိမိတို့ထံတွင်ရှိနေကြပါကြောင်းဖြင့် ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD)၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ပဒိုနော်စီဖိုးရာစိန်က  NCA နှင့် ပတ်သက်ပြီး သုံးရက်အတွင်း အချက် (၁၃) ချက် အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ အထက်သို့ ပြန်လည်တင်ပြရမည့် အချက်များအား နောက်လာမည့် အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ နောက်ပြုလုပ်မည့် အစည်းအဝေး တွင် NCA ကို အချောသတ်နိုင်ရန် အားလုံးပါဝင် ကြိုးစားကြမည်ဖြစ်သကဲ့သို့ UPWC၊ တပ်မတော်၊ အစိုးရ ဘက်မှလည်း ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ NCA စာချုပ် ချုပ်ဆိုနိုင်ရေးသည် အားလုံးတွင် တာဝန်ရှိပြီး ပူးပေါင်းဆောင်ရွက်မှသာ စာချုပ်ကို ချုပ်ဆိုနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ SD ဘက်မှ တင်ပြခဲ့သည့်ကိစ္စရပ်များအပေါ်   တညီတညွတ်တည်း လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်  ပါကြောင်းဖြင့်   ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သည့် UPWC နှင့် SD တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတွက် (၈) ကြိမ်မြောက် ပြုလုပ်သော ဆွေးနွေးပွဲအပြီးတွင် MPC မှ အထူးအကြံပေး ဦးလှမောင်ရွှေ၊ SD မှ ဒုတိယ အဖွဲ့ခေါင်းဆောင် (၂) ဖြစ်သူ ပူးဇင်ကျုံးနှင့် အဖွဲ့ဝင် ဖြစ်သူ ပဒိုစောကွယ်ထူးဝင်းတို့က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်  ပြုလုပ်ခဲ့သည်။


(သတင်းစဉ်)

No comments:

Post a Comment