Friday, July 24, 2015

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၇၃)ရက်မြောက်နေ့ ဆက်လက်ကျင်းပ




နေပြည်တော် ဇူလိုင် (၂၄)

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၇၃) ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပသည်။


အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ "ရန်ကုန်မြို့ ၊ ကျိက္ကဆံကွင်း အနောက်ဘက်ခြမ်းရှိ ဟစ်တိုင်နေရာကို လူအများ သွားလာသည့် နေရာတစ်ခုသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိမရှိ   " မေးခွန်းနှင့်စပ်လျဉ်း၍ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း က ရန်ကုန်တိုင်းဒေသကြီးအတွင်း ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်များကို ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်နိုင်ရန်အတွက် တာမွေမြို့နယ်  ကျိုက္က ဆံကွင်းအတွင်း နေရာသတ်မှတ်ပေးထားပြီးဖြစ်ပါကြောင်း ၊ တာမွေမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အချက်အချာကျပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူ ကာ ရန်ကုန်မြို့၏ အလယ်ဗဟိုတွင် တည်ရှိသော မြို့နယ်ဖြစ်ပါကြောင်း ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေ့စဉ်ဆန္ဒဖော်ထုတ်မှုများရှိပြီး ယခင်ဟစ်တိုင်ကွင်းမရှိမီက ဆူးလေ ဘုရားအနီး၊ မဟာဗန္ဓုလပန်းခြံနှင့်  အဆင်ပြေသည့်နေရာများတွင် ဆန္ဒ ဖော်ထုတ်မှု များ ပြုလုပ်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ အများဆုံးဖြစ်ပွားပြီး အများ ပြည်သူ စိတ်အနှောက်အယှက် ဖြစ်ပွားရပါကြောင်း။

ရန်ကုန်မြို့၏ အချက်အချာကျပြီး သွားလာရေးအဆင်ပြေသည့် တာမွေမြို့နယ်ရှိ ကျိက္ကဆံကွင်းတွင် အလျား ၃၄၀ ပေ အနံ ၁၅၅ ပေ အကျယ်အ၀န်းရှိသည့်ကွင်းတွင် ဟစ်တိုင်အဖြစ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း ၊ ဟစ်တိုင်ကွင်းအတွင်း ဟောပြော စင်ပြုလုပ်ပေးခြင်း ၊ လျှပ်စစ်မီးသွယ်တန်းပေးခြင်း ၊ ရေရရှိရေး ဆောင်ရွက်ပေးခြင်းတို့ အား စီမံဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း ၊ အဆိုပါဟစ်တိုင်ကွင်းသည်  အများ ပြည်သူသွားလာရန် လွယ်ကူသည့်နေရာတွင် ခွင့်ပြုပေးထားခြင်းဖြစ်ပြီး ခွင့်ပြုချက်ဖြင့် စီတန်းလမ်းလျှောက်လိုသူများအတွက်လည်း ဗိုလ်စိန်မှန်ကွင်းတွင် စုရပ်လုပ်ပြီး  ဟစ်တိုင်ကွင်းသို့ စီတန်းလမ်းလျှောက်ပါက တစ်မိုင်ခန့်သာဝေး၍ ယာဉ်ကြောပိတ်ဆို့မှု မရှိခြင်းနှင့် အများပြည်သူ စိတ်အနှောက်အယှက်မဖြစ်စေရေးအတွက် ဟစ်တိုင်ကွင်း တွင် ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်နိုင်ရန် ခွင့်ပြုပေးထားခြင်း ဖြစ်ပါကြောင်း ၊ သို့ဖြစ်ပါ ၍ အဆိုပါဟစ်တိုင်ကွင်းအား အခြားတစ်နေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ် မရှိပါ ကြောင်းနှင့် ဟစ်တိုင်ကွင်းအား ကာရံထားသည့် အုတ်တံတိုင်းသည် လုံခြုံရေးအရ ကာရံထားသော  အုတ်တံတိုင်းသာ ဖြစ်သောကြောင့် ဖြိုချပေးရန် အစီအစဉ်မရှိပါ ကြောင်းဖြင့် ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထို့နောက် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ  လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဆွေးနွေးသည်။

ယင်းနောက် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မော်တော်ယာဉ်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပေးပို့လာသော ၂၀၁၂ ခုနှစ်  ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ် တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်း ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ သည်။

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဒေါ်သိန်းသိန်း ဌေးက ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ် တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရာ  မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဦးက ထောက်ခံပြီး အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် သင့်မသင့် အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ အတည်ပြုသည်။

ထို့နောက် အမျိုးသားလွှတ်တော် ၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဥာဏစိုးက ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာ ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းပြီး အမျိုး သားလွှတ်တော်ဥက္ကဋ္ဌကယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်  လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည် ။

ယင်းနောက် အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေး ကော်မတီ၏ လောက်ကိုင်ဒေသတွင် နိုင်ငံအတွက် အသက်ပေးဆက်ခဲ့သူများ/ ဒဏ်ရာရစစ်သည်များနှင့် ကြက်ခြေနီမောင်မယ်များအတွက်  ဂုဏ်ပြုထောက်ပံ့ ပေးအပ်ခြင်း၊ ပျော်ဘွယ်မြို့နယ် ၊ ရမည်းသင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် များအား ကုသပေးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် (တွံတေး ၊ ကော့မှူး ၊ ကွမ်းခြံ ကုန်း) မြို့နယ်များအတွင်း လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေးကူညီ ဆောင်ရွက်မှုများနှင့် အထွေထွေလှူဒါန်းခြင်းအစီရင်ခံစာ (၇/၂၀၁၅)ကို အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး ၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ၊ ကချင် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူ က အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး ၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်း ရာ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ယနေ့အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းနှစ်ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း(၄)ခုကို ဆွေးနွေးဖတ်ကြားခြင်း၊ အစီရင်ခံစာ (၂)ခုတို့ကို ဖတ်ကြား တင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။


(သတင်းစဉ်)

No comments:

Post a Comment