Tuesday, July 7, 2015

လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်သေဆုံး၊ မသန်စွမ်းနှင့် ကုသစရိတ် တစ်လုံးတစ်ခဲတည်း ထုတ်ပေးပွဲ ကျင်းပ

ရန်ကုန် ဇူလိုင် ၆
၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုများအား ငွေလုံးငွေရင်း အကျိုးခံစားခွင့် တစ်လုံးတစ်ခဲတည်း ထုတ်ပေးခြင်း၊ အမြဲတမ်း မသန်စွမ်းမှု ပင်စင်ငွေ ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးခြင်း၊ ဆေးကုသမှု ကုန်ကျငွေများအား ပြန်လည် ထုတ်ပေးခြင်း အခမ်းအနားကို ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန် (၁)ရှိ ကနောင်ခန်းမ ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး လူမှုဖူလုံရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်းက အဖွင့် အမှာစကား ပြောကြားပြီး လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင် ထားသော ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အမြဲတမ်းမသန်စွမ်းမှု ပင်စင်၊ နာရေးစရိတ်နှင့် အကျိုးခံစားခွင့်၊ ဆေးကုသ ခွဲစိတ်မှုအတွက် ခွင့်ပြုထုတ်ပေးငွေ၊ အမြဲတမ်း မသန်စွမ်းမှု ပင်စင်ငွေ ငွေလုံးငွေရင်း တို့ကို အာမခံ အလုပ်သမားတို့အား ပေးအပ်ခဲ့ပြီး အမျိုးသား အဆင့် လူမှု ဖူလုံရေးအဖွဲ့ အဖွဲ့ဝင် အထည်ချုပ် လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဦးမြင့်စိုးက ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ အာမခံ အလုပ်သမား ဦးဝင်းထွန်းနိုင်၏ အမြဲတမ်း မသန်စွမ်းမှု ပင်စင် ငွေလုံးငွေရင်း ငွေကျပ် ၁၆ သိန်းကျော်ကို ပေးအပ်ခဲ့ကာ ယင်းနေ့တွင် အလုပ်ခွင်၌ ထိခိုက်မှု ကြောင့် သေဆုံးသူ၏ ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့် ငွေလုံး ငွေရင်း ငွေကျပ် ၂၄၇ သိန်းခန့်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေးအဖွဲ့မှ အာမခံ အလုပ်သမား ဦးဝင်းထွန်းနိုင်က '' ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှာ ထိခိုက် ဒဏ်ရာရခဲ့တာပါ။ ဝန်ထမ်းတစ်ဦး အနေနဲ့ ရသင့် ရထိုက်တဲ့ နစ်နာမှု အကျိုးခံစားခွင့် ရရှိတဲ့ အတွက် ကျေးဇူးတင်လို့ မဆုံးပါဘူး။ ရတဲ့ငွေကို ဘဏ်မှာ စာရင်း သေအပ်ပြီး ဘဏ်တိုးလေးနဲ့ မိဘတွေနဲ့ အတူ နေသွားမယ်လို့ ဆုံးဖြတ် ထားပါတယ်''ဟု ပြောကြားပြီး Dagon
International Co.,Ltd. မှ အမြဲတမ်း မသန်စွမ်းမှုပင်စင် ငွေကျပ် ၄၅ သိန်းကျော်ရသော ဦးကြည်မောင်မောင်၏ ကိုယ်စား ညီမဖြစ်သူ စက်မှု (၁)မှ အငြိမ်းစားဝန်ထမ်း ဒေါ်ခင်မာချိုက ''အစ်ကိုက လုပ်ငန်းခွင်မှာ ထိခိုက် ဒဏ်ရာ ရရှိပြီးတော့ ခါးရိုးထိခဲ့ တာပါ။ လူမှုဖူလုံရေး ဝင်ထားတဲ့ အကျိုးလို့ ပြောရမှာပါ။ အခုလို အလုပ်သမား တစ်ယောက်ရဲ့ ခံစားခွင့်ကို လုပ်ဆောင် ပေးတာဟာ တိုင်းပြည်မှာ ရှိတဲ့ အလုပ်သမားထု အတွက် အနာဂတ် ခံစားခွင့်ကို ပုံဖော်ပေးရာ လည်းကျပါတယ်။ အခုလို ဆောင်ရွက် ပေးတဲ့အတွက် အားလုံးကို ကျေးဇူး တင်ပါတယ်''ဟု ဝမ်းသာစွာဖြင့် ပြောကြားသည်။

လူမှုဖူလုံရေး ဥပဒေနှင့် အညီ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုများအား ငွေလုံးငွေရင်း အကျိုးခံစားခွင့် တစ်လုံး တစ်ခဲတည်း ထုတ်ပေးခြင်း၊ အမြဲတမ်း မသန်စွမ်းမှု ပင်စင်ငွေလုံး ငွေရင်း ခွင့်ပြုထုတ်ပေးခြင်း၊ ဆေးဖိုး ကုန်ကျငွေများကို ပြန်လည် ထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြီးနောက် စက်မှုဇုန် ကြီးကြပ်မှု ကော်မတီ များ၊ CMP အထည်ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ကနောင်ခန်းမ၌ ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။

No comments:

Post a Comment