Monday, July 20, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားသည့် အခြေအနေ များအား လှည့်လည်ကြည့် ရှုစစ်ဆေး








နေပြည်တော် ဇူလိုင် ၂၀
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ၀န်ကြီး ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယ၀န်ကြီးများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားသည့် အခြေအနေများအား လှည့်လည်ကြည့် ရှုစစ် ဆေးရန် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက် ရှိရာ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်နှင့် တာဝန်ရှိ သူများက ကြိုဆိုကြသည်။

အဆိုပါ လေဆိပ်ဧည့်ခန်းမ၌ MJAS မှ ဒုတိယဥက္ကဋ္ဌ Mr.Futoshi Hiroi နှင့် အထွေထွေမန်နေဂျာ Mr. Yosuke Shigemori တို့က စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိရေဘေးသင့်ပြည်သူ များအတွက် အလှူငွေကျပ်သိန်း(၃၀)ကို ပြည်ထောင်စု ၀န်ကြီး ဦးမြင့်လှိုင်နှင့် ဦးအုန်းမြင့်တို့ထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ကန့်ဘလူ မြို့သို့ ရောက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများက လှိုက်လှဲစွာ ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ကန့်ဘလူမြို့မှ ဆက်လက် ထွက်ခွာရာ မင်းမြင်ရေလှောင် တမံသို့ရောက်ရှိပြီး ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သည့် တမံရေတိုက်စား မှုအား ရွှေဘိုတပ်နယ်မှ တပ်မတော်သား များ က ပြန်လည်ပြုပြင် လုပ်အားပေးနေမှုများကို ကြည့်ရှု စစ်ဆေးပြီး အားပေးစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု ၀န်ကြီးများနှင့် ၀န်ကြီးချုပ် တို့က လုပ်အားပေးနေ သည့် တပ်မတော်သား များအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ကြ သည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတသည် တမံအတွင်း ရေစီးဝင်မှု၊ ရေတိုက်စား ခဲ့မှုနှင့် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေ အနေများကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး တမံအနီးဝန်းကျင်ရှိ ကျေး ရွာများမှ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ ကာ မိုးရွာသွန်းမှုနှင့် စိုက်ပျိုးရေး အခြေအနေတို့ကို မေးမြန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် တမံစီမံကိန်းရှင်းလင်း ဆောင်သို့ရောက်ရှိရာ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဦးက တမံဆိုင်ရာ အချက်အလက်များ၊ ရေသိုလှောင်နိုင်မှု၊ ဇူလိုင်လအတွင်း  ထူးကဲ နေ့ညမပြတ် မိုးရွာသွန်းမှုကြောင့် ဆည်အတွင်း ရေ၀င်ရောက်လာမှု၊ ရေများတမံပေါင် ကျော်ခဲ့မှု၊ ဆည်အောက်ရှိ ကျေးရွာများအား ရွှေ့ပြောင်းပေးခဲ့မှုနှင့် ဆည်တမံများ အား မကျိုးပေါက်အောင် စီမံ ဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးတို့က ဆည်တမံများ ကြံ့ခိုင်ရေးနှင့် ထူးကဲမိုးရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြ သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ကြုံတောင့်ကြုံခဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း ဆည်များကို ခိုင်ခံမှု အပြည့် အ၀ ရရှိရန်အတွက် စနစ်တကျ စီမံဆောင်ရွက်ကြရန်နှင့် မိုးနှောင်းကာလတွင် ထပ်မံရွာ သွန်းရန် ကျန်ရှိနိုင်မှုကို   ကြိုတင် ခန့်မှန်းပြီး လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် တစ်နိုင်ငံလုံးရှိ ဆည်တမံများ ကြံ့ခိုင်ကောင်းမွန်ရေး စစ်ဆေးဆောင်ရွက်သွားရန်၊ မင်းပြင်ရေလှောင်တမံ ကျိုးပေါက်မှု မရှိအောင် ထိန်းသိမ်းနိုင်ခြင်းမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု၊ ဌာနဆိုင်ရာများ၏ ကျွမ်းကျင်မှု၊ တပ်မတော်သား များနှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကိုလည်း အလားတူ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက် ကြရန် မှာကြားသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် သဖန်းဆိပ်ရေလှောင်တမံ စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ညွှန်ကြားရေးမှူး ဦးကြည်ဆွေက တမံဆိုင်ရာအချက်အလက်များ၊ ရေသိုလှောင်နိုင်မှု၊ လအလိုက် မိုးရွာသွန်းမှု၊ ယခုနှစ် ရေ၀င်ရောက် မှုနှင့် ယမန်နှစ်များက ရေ၀င်ရောက်ခဲ့မှု အခြေအနေများကို လည်းကောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ၀န်ကြီးချုပ် ဦးသာအေးတို့က စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတို့အတွက် ရေပေးဝေမှု အခြေအနေများနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေ များကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ဆည်ကြံ့ခိုင်မှုကို အမြဲမပြတ် စစ်ဆေးရန်၊ ရေကင်းချထားရန်၊ နှစ်စဉ်ဆည်အတွင်း သဲနုန်းပို့မှုကို တွက်ချက်ပြီး စိုးရိမ်ရေအမှတ်ကို ပြန်လည်စစ်ဆေးသွားရန်၊ ဆည်ရေကို အကျိုးရှိစွာ အသုံးချ နိုင်ရေး စီမံဆောင်ရွက် သွားရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေစီးဝင်မှု၊ ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှု အခြေအနေနှင့် ရေယူ အဆောက်အအုံရှိ ဆည်ရေထုတ်တံခါးတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
သဖန်းဆိပ်ရေလှောင်တမံသည် အရှေ့တောင်အာရှတွင် အလျားအရှည်ဆုံး ဆည်တစ်ခုဖြစ်ပြီး နှစ်စဉ်ပျမ်းမျှ စပါးစိုက်ဧက (၈ ဒသမ ၂)သိန်းကို အကျိုးပြုလျက် ရှိသည့်အပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ နှစ်စဉ်ပျမ်းမျှ (၁၁၈ ဒသမ ၄၉၅) ကီလိုဝပ် နာရီသန်းဖြစ်ကြောင်း သိရသည်။
ကန်ရေပြည့်ရေလှောင် ပမာဏမှာ (၂၈၈၀၀၀၀)ဧကပေဖြစ်ပြီး လက်ရှိ ကန်ရေပြည့်ပမာဏမှာ (၂၀၁၀၀၀၀)ဧကပေရှိသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ကျွန်းလှမြို့သို့ ရောက်ရှိပြီး ရေကြီးရေလျှံ မှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ကျွန်းလှမြို့နယ် စုပေါင်းခန်းမ၌ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာ ယာရေး ကော်မတီ ၀င်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော် မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ တို့က မြို့နယ်အတွင်း ဖြည့်ဆည်းဆောင်ရွက် ပေးစေလိုသည့် ပညာရေး၊ ကျေးရွာ လျှပ်စစ်မီးရ ရှိရေးနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ရေးတို့ကို တင်ပြကြသည်။
ယင်းနောက် ၀န်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် ကသာခရိုင်၊ ကန့်ဘလူခရိုင်နှင့် ရွှေဘိုခရိုင် များတွင် ရေကြီးရေလျှံ ဖြစ်ပေါ်မှု၊ သဘာဝဘေး ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို တင်ပြ သည်။
ထို့နောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ဒေသခံများ၏   တင်ပြချက်များကို ပြန်လည်စိစစ်၍ အတတ်နိုင် ဆုံး ဖြည့်ဆည်း ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း။
မြို့နယ်တစ်မြို့နယ်၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန်မှာ လမ်းပန်း ဆက်သွယ်မှု တိုးတက်ကောင်းမွန်ရန် လိုအပ်သကဲ့သို့ တယ်လီဖုန်းဆက်သွယ်ရေး ကွန်ယက် ကျယ်ပြန့်ကောင်းမွန်ပြီး လျှပ်စစ်မီးရရှိရန်လည်း လိုအပ်ပါကြောင်း။
ရရှိပြီးဖြစ်သော လျှပ်စစ်မီးကို သာမန်ကိစ္စရပ်များတွင် အသုံးပြုမှုဖြင့် ကျေနပ်မနေဘဲ ဒေသထွက် ကုန်များနှင့် သဘာဝအရင်း အမြစ်များကို တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ထူထောင်လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ တစ်ဦးချင်း ၀င်ငွေ တိုးတက်ပြီး မိမိတို့ဒေသသည်လည်း အမြန်ဆုံး ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးသည်လည်း အရေးကြီး ပါကြောင်း။
ထိုသို့ လုပ်ဆောင်နိုင်ရန် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် အထူးလိုအပ်ပါကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် အလွန်အရေးကြီး ပါကြောင်း၊ ထို့ကြောင့် မိမိတို့ မျိုးဆက်သစ်များကို ကျန်းမာသန်စွမ်းပြီး ဥာဏ်ရည်ဥာဏ်သွေး မြင့်မားသူများ ဖြစ်အောင် ပြုစုပျိုးထောင်ကြရန် လိုအပ်ပါကြောင်း။
ထို့ပြင် စည်းလုံးညီညွတ်မှုရှိရန်နှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိ ရန်လည်း အထူးလိုအပ်ပါကြောင်း၊ ကျွန်းလှမြို့သည် တည်ငြိမ်အေးချမ်းသည့် ဒေသတစ်ခု ဖြစ်သည့်အတွက် စည်းစည်းလုံးလုံး တက်ညီလက်ညီဖြင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျင် အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ၀န်ကြီးချုပ်၊ ဒုတိယ၀န်ကြီးများနှင့် အလှူရှင်များက ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်း များကို ပေးအပ် လှူဒါန်းကြသည်။
စစ်ကိုင်းဒေသကြီးအတွင်း ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာတွင် ဇူလိုင် ၁၈ ရက် ၉ နာရီခွဲက တိုင်းထွာချက်များအရ ကန့်ဘလူစခန်း၌ မိုးရေချိန်မှာ  (၇ ဒသမ ၈၃) လက်မအထိ ရှိခဲ့သဖြင့်   လွန်ခဲ့သောနှစ်ပေါင်း ၂၄ နှစ်အတွင်း စံချိန်သစ်တင်ခဲ့သည်။
ထိုသို့ စံချိန်တင်ရွာသွန်းမိုးကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာ၊ ထီးချိုင့်၊ ကောလင်း၊ အင်းတော်၊ ၀န်းသို၊ ပင်လည်ဘူး၊ မင်းကင်း၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦးနှင့် ဘုတလင် မြို့နယ်များအတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၁၄၂)အုပ်စုမှ တောင်သူပေါင်း (၁၃၈၅၁)ဦး၏ နွေစပါး (၂၄၅၃)ဧက၊ မိုးစပါး   (၃၆၆၈၉)ဧကနှင့် မိုးစပါး ပျိုးခင်း(၃၁၄၇)ဧကတို့ ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။










No comments:

Post a Comment