Monday, July 20, 2015

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ရထားလမ်းပိတ်ဆို့မှုတွင် ပါဝင်သည့် ခရီးသည်များ အဆင်ပြေစေရန် မြန်မာ့မီးရထားက စီစဉ်ဆောင်ရွက်လျက်ရှိ


 
နေပြည်တော်  ဇူလိုင် ၂၀
 
ကချင်ပြည်နယ်နှင့်‌ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကိုးထောင်ဘို့- ကောလင်း၊ ဘုံချောင်း-မဲဇာ၊ မဲဇာ-ဆန်ရွာ ရထားလမ်းပိုင်း များတွင် ရေကြီးရေလျှံ၍ ရထားလမ်း ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရာ ဇူလိုင် ၁၈ရက်က  ချပ်သင်း-ကျွန်းလှ-ကိုးထောင်ဘို့နှင့် ထန်းတပင်သို့ ရောက်ရှိနေသော အမြန် ရထားနှင့် စာပို့ရထား (၆)စင်းမှ ခရီးသည်များအား ရွှေဘိုမှတဆင့် မန္တလေးသို့ ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာ့မီးရထားက စီစဉ်ဆောင်ရွက်ပေးခဲ့သည်။    
ထို့ပြင် မြန်မာ့မီးရထားက အဆိုပါ ခရီးစဉ်အတွက် မန္တလေးဘူတာတွင်  ရောင်းချပြီးသော ရထား လက်မှတ်များကို လက်မှတ် ဖိုးငွေ ပြန်အမ်းခြင်း၊ ရထားထွက်မည့်နေ့တွင် မူလလက်မှတ် ပြန်လည်တင်ပြပါက ထိုလက်မှတ်ဖြင့် ပြန်လည် စီးနင်းနိုင်ရေး တို့ကို ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ဆည်ရွာ-နဘား-မော်လူး တို့တွင် ရောက်ရှိနေသော အမြန်ရထားနှင့် စာပို့ရထား (၄)စင်း ကိုလည်း မြစ်ကြီးနား သို့ ပြန်လည်ပို့ဆောင်ပေးပြီး လက်မှတ်ခ ပြန်အမ်းခြင်း၊ အဆိုပါလက်မှတ်ဖြင့် ရထား ပြန်လည်စီးနင်းနိုင်ရေး တို့ကို ဆောင် ရွက်ပေး ခဲ့သည်။
ထို့အပြင် မန္တလေး နှင့် မြစ်ကြီးနားသို့ ရွှေ့ပြောင်း၍ မရနိုင်ဘဲ ရေကြီးရေလျှံမှုကြောင့် လမ်းတွင်ရပ်တန့် နေသည့် မဲဇာဘူတာရှိ အမှတ်(၅၆)အစုန်ရထားမှ ခရီးသည်(၅၅၂)ဦး ၊ ကောလင်းဘူတာရှိ အမှတ်(၄၂)နှင့် (၅၈)အစုန်ရထားနှစ်စင်းတို့မှ ခရီးသည် (၅၈၆)ဦး၊ ကိုးထောင်ဘို့ဘူတာရှိ အမှတ်(၃၄)နှင့်(၃၈)အစုန် အမြန်ရထားနှစ်စင်းမှ ခရီးသည်(၃၄၉)ဦးတို့ အား ကောလင်း ဘူတာ တွင် ခေတ္တနေရာချထားပြီး အစားအစာများ ထောက်ပံ့ကျွေးမွေးခြင်း၊ ဆေးဝါးကုသပေးခြင်း တို့ကို မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊  NGO အဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ 
မဲဇာဘူတာနှင့် ကိုးထောင်ဘို့ ဘူတာရှိ ရထားစီးခရီးသည်များအတွက်လည်း မြန်မာ့မီးရထား နှင့် ဒေသဆိုင်ရာ အဖွဲ့အစည်း များမှ အစား အစာထောက်ပံခြင်း ၊ ဆေးဝါးကုသပေးခြင်းတို့ကို ဆောင်ရွက်လျှက် ရှိသည်။
ယနေ့ မွန်းတည့် ၁၂ နာရီတွင် မန္တလေး - မြစ်ကြီးနား  ကားလမ်း အသုံးပြုနိုင်ပြီဖြစ်၍ ခရီးသည်အချို့မှာ လိုရာခရီးသို့ ဆက်လက်ထွက်ခွာလျက်ရှိရာ မဲဇာဘူတာတွင် ခရီးသည် (၃၅၀)ဦးနှင့် ကောလင်းဘူတာတွင် (၁၉၄)ဦးသာ ကျန်ရှိပြီး ယင်းခရီးသည်များ ခရီးသွားလာရေး အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများဖြင့် ညှိနှိုင်း ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန အနေဖြင့်‌ ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာသော သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများကို အဆင့်‌ဆင့်‌တာဝန်ယူ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ရထားလမ်း အမြန်ဆုံး ပြန်လည်ဖွင့်‌လှစ်ပြီး ခရီးသွားပြည်သူ များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်စီစဉ် ဆောင်ရွက်လျက်  ရှိကြောင်း သိရသည်။       

                       


No comments:

Post a Comment