ရန်ကုန်-ဇူလိုင် ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့နံနက် (၈)နာရီခွဲတွင် ရန်ကုန်မြို့ ထန်းတပင်မြို့နယ်ရှိ
ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ပင်မဆောင် ဘွဲ့နှင်းသဘင် ခန်းမ၌ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့်
ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပညာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ
များနှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊
ဘာသာရပ်အလိုက်သင်ကြားပို့ချမှု၊ သုတေသနလုပ်ငန်းများ ဆောင်ရွက် နိုင်မှု၊ ဘာသာရပ်အလိုက်
တက်ရောက်နေသည့် ကျောင်းသားဦးရေနှင့် တက္ကသိုလ်၏ လိုအပ်ချက်များကို ရှင်လင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီး ဌာနတွင် တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် တက္ကသိုလ်၊ ကောလိပ်စုစုပေါင်း(၁၈၀)ခန့်ရှိပါကြောင်း၊ ရန်ကုန်မြို့တွင်လည်း
တက္ကသိုလ်၊ ကောလိပ်များစွာရှိပါကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးစရိတ်များကိုနှစ်စဉ်
တိုးမြှင့်ခွဲဝေပေးခဲ့ပါ ကြောင်း၊ တက္ကသိုလ်တစ်ခု၏အင်္ဂါရပ်များတွင် တက္ကသိုလ်နှင့် လျော်ညီသည့်
အဆောက်အအုံ များနှင့် ဆရာ၊ ဆရာများနေထိုင်ရန် အဆောင်များ ကောင်းမွန်ရန်၊ တက္ကသိုလ်နှင့်
ဆက်စပ်နေသည့်လမ်းများ ကောင်းမွန်ရန်လိုအပ်ပါကြောင်း၊
အထူးသဖြင့် ဆရာ၊ဆရာမများ၏ အရေအတွက်နှင့် အရည်အသွေး ကောင်းမွန်ရန် လိုအပ်ကြောင်း၊
သို့ဖြစ်၍ ပညာရေးနှင့်ကျန်းမာရေးအတွက် နိုင်ငံတော်အစိုးရမှ ဝန်ထမ်း များကို အရေအတွက်
ပြည့်မီအောင် ခန့်အပ်ပေးလျက်ရှိရာတွင် အရေအတွက်ပြည့်မီ လာသော်လည်း အရည်အသွေးများ လျော့ကျ
မသွားစေရေး ဂရုပြုရန်နှင့် တက္ကသိုလ်များတွင် လိုအပ်သည့် သင်ကြားမှုအထောက်ကူပြုပစ္စည်းများ
ပြည့်စုံမှုရှိရန် လိုအပ်ပါကြောင်း။
ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများကို ပြုစုပျိုးထောင်မွေးထုတ်ပေးမည့် ဆရာ၊
ဆရာမများသည် မိမိတို့ကိုယ်တိုင် အရည်အသွေးပိုင်းကို အမြဲမပြတ် မြှင့်တင်နေရန်နှင့်
မိမိတို့ တတ်စွမ်းသမျှ စေတနာအပြည့်ဖြင့် ကြိုးစားသင်ကြားပေးမှသာ အရည်အသွေး ပြည့်ဝသည့်
ကျောင်းသားကျောင်းသူများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အရည်အသွေး
ပြည့်ဝစေရန်အတွက် နိုင်ငံတကာ တက္ကသိုလ်များနှင့်ချိတ်ဆက်ပြီး လေ့လာသင်ယူနိုင်ရေး ကြိုးပမ်း
အားထုတ်ကြရန် ဆွေးနွေး တိုက်တွန်းမှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယသမ္မတက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအား
ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ဘူမိဗေဒပြခန်း၊ စာကြည့်တိုက်နှင့် Language
Lab အပါအဝင် တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သည် ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်
တွင် တည်ရှိပြီး ၂၀၀၁ ခုနှစ် ဇွန် ၂၉ ရက်တွင်ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်တွင် အထူးပြု
ဘာသာရပ်အလိုက် နေ့သင်ကျောင်းသားနှင့် အဝေးသင်ကျောင်းသား ဦးရေစုစုပေါင်း (၂၉၅၉၁)ဦး တက်ရောက်
ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။



No comments:
Post a Comment