Saturday, July 18, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ဒေသခံပြည်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့၊ သီရိမင်္ဂလာ တောင်တော်ရှိ တောင်ကွဲ စေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ရုပ်ပွားတော်မြတ်အား  ဆီမီး၊ ပန်း၊ ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်း ပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက စေတီတော်မြတ်ကြီးအတွက် န၀ကမ္မအလှူ ငွေများ ပေးအပ်လှူဒါန်းရာ စေတီတော်ဂေါပကအဖွဲ့က လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် စေတီတော်မြတ်ကြီး၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် စေတီတော်ရင်ပြင်မှ ကယားပြည်နယ် လွိုင်ကော်မြို့၏ ရှူခင်းများအား ကြည့်ရှူပြီး စေတီတော်ဂေါပက အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းဓာတ်ပုံ ရိုက်သည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့၊ ဆုတောင်းပြည့် မြို့နာမ်ရွှေ စေတီတော်မြတ်အား သွားရောက်ဖူးမြော် ကြည်ညိုကြ သည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် စေတီတော်လှိုဏ်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဆီမီး၊ ပန်း၊ ရေချမ်း တို့ကို ဆက်ကပ်လှူဒါန်းပူဇော်ပြီး စေတီတော် မြတ်ကြီးအတွက် န၀ကမ္မအလှူငွေများကို စေတီတော် ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်း သည်။
ယင်းနောက် နိုင်ငံတော်သမ္မတအား စေတီတော်ဂေါပကအဖွဲ့က အမှတ်တရ လက်ဆောင် ပြန်လည်ပေးအပ်ပြီး နိုင်ငံတော်သမ္မတက ဧည့်သည်တော်မှတ်တမ်း တွင် လက်မှတ်ရေးထိုးသည် ။

ထို့နောက် နိုင်ငံတော်သမ္မတသည် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်း အဝေး ခန်းမတွင် ပြုလုပ်သည့် လွိုင်ကော်မြို့နယ်နှင့် ဒီမောဆိုမြို့နယ်တို့မှ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီနှင့် စည်ပင်သာယာရေးကော်မတီဝင် များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ယခုခရီးစဉ်သည် သံလွင်တံတား (ဖားဆောင်း) ဖွင့်ပွဲအခမ်းအနားနှင့် ကယားပြည်နယ်ရှိ မြို့နယ်အားလုံးသို့လျှပ်စစ် ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးသည့်  အခမ်းအနားကို အားပေးရန်လာရောက်ခြင်း ဖြစ်ပါကြောင်း၊ သံလွင်တံတား (ဖားဆောင်း)ကို ဖွင့်လှစ်နိုင်ခြင်းကြောင့် ယခင်က ကယားပြည်နယ်နှင့်လည်းကောင်း၊ မြန်မာနိုင်ငံရှိ ကျန်ဒေသများနှင့် လည်းကောင်း အဆက်ပြတ်ပြီး သီးခြားဖြစ်နေသည့် သံလွင်မြစ်အရှေ့ဖက်ခြမ်း မဲစဲဒေသသည် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ ပိုင်ဆိုင်သွားသည် သာမက ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးများကို လုပ်ဆောင် နိုင်တော့မည် ဖြစ်ကြောင်း။

မကြာမီမဲစဲဒေသတွင် ထိုင်းနိုင်ငံနှင့်ညှိနှိုင်းပြီး နယ်စပ်ကုန်သွယ်ရေးကို ဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၊ ကယားပြည်နယ် အနေဖြင့် မိမိတို့၏ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို တစ်ဖက်နိုင်ငံသို့ တင်ပို့နို်င်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ထိုသို့တင်ပို့နိုင်ရန် အတွက် မိမိတို့ပြည်နယ်အတွင်းတွင် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ တည်ထောင်ရန် လိုအပ်ကြောင်း၊ထိုသို့တည်ထောင်နိုင်ရန်အတွက် ကယားပြည်နယ် အတွင်းလျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး ပေးရန် မိမိတို့အစိုးရတာဝန်ယူချိန်တွင် ဆောင်ရွက်ခဲ့ပါကြောင်း။

၁၉၆၀ ပြည့်နှစ်မှစတင်ပြီး ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းဖြင့် ရန်ကုန် မန္တလေးမြို့ကြီးများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခဲ့သော်လည်း  လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် ကယားပြည်နယ်တွင်မူ ၂၀၁၁ ခုနှစ်အထိ မြို့ ၅ မြို့နှင့် ကျေးရွာ အနည်းငယ်သာ မဟာဓာတ်အားလိုင်းစနစ်မှ ဓာတ်အားရရှိခဲ့ပါကြောင်း၊ ယခုအခါ ကယားပြည်နယ်အတွင်းရှိ မြို့ ၈ မြို့နှင့် ကျေးရွာ ၂၅၄ ရွာသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ် ဓာတ်အားကို အကျိုးရှိစွာ အသုံးချရန်လိုအပ်ပါကြောင်း။

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရန်၊ သန့်ရှင်းသောသောက်သုံးရေနှင့် လုံလောက် သော စိုက်ပျိုးရေးရရှိရန်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းလုံး ညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန်တို့ လိုအပ်ပါကြောင်း။

ကယားပြည်နယ်အတွက် ပထမလေးချက်ကို ရရှိအောင် မိမိတို့ဆောင်ရွက်ပေးခဲ့ပြီး ငြိမ်းချမ်းရေး ရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့်သုံးနှစ် ကျော်တွင် ကယားပြည်နယ်အတွင်း သေနတ်သံ မကြားရဘဲ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး၏ အကျိုးကျေးဇူးကို လက်တွေ့ ခံစားနေရပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက မြို့ဖွံ့ဖြိုးတိုးတက်ရေး၊ ရေပေးဝေရေး၊  ဘီလူးချောင်း မြစ်ကြောင်း ထိန်းသိမ်းရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတို့နှင့် ပတ်သက် ပြီး တင်ပြဆွေးနွေးကြရာ နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် လွိုင်ကော်မြို့ မြို့တော်ခန်းမ၌ ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက အစိုးရ သစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့်အတူ ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းလာစေရန်အတွက် ဆောင်ရွက်မှု အခြေအနေများအား လည်းကောင်း၊ မွေးမြူရေး  ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအား လည်းကောင်း ။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ကယားပြည်နယ်အတွင်း မြို့နယ်နှင့်ကျေးရွာများအလိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်မှုအခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း ။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က ကယားပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းဆိုင်ရာ များကို လည်းကောင်း ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ကယား ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ် ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က မြန်မာနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု အခြေအနေများ နှင့် ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ  ပိုမို မြင့်မား တိုးတက် လာစေရေး ဆောင်ရွက်မှု အခြေ အနေများကို လည်းကောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးက မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များကို နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်များ ဖြစ်လာစေရန် ဆောင်ရွက်မှု အခြေအနေများ ကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ပြည်နယ်ဖွံ့ဖြိုး တက်စေရန်အတွက် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ရန် ၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန်၊ သန့်ရှင်း သောသောက်သုံးရေနှင့် လုံလောက်သော စိုက်ပျိုးရေ ရရှိရန်၊ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် ဆောင်ရွက် ရမည့် အချက်များကို ဆွေးနွေးပြောကြားခဲ့သည် ။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့မှ အထူး လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာလာကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။  နေပြည်တော် ဇူလိုင် ၁၈

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့မှ အထူး လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာလာကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။  

No comments:

Post a Comment