Monday, July 6, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ



နေပြည်တော် ဇူလိုင် ၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံ  အိုဆာခါမြို့မှ ခန်ဆိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာ လာရာ  နေပြည်တော်သို့ ညနေ ၅  နာရီ မိနစ် ၄၀တွင် ပြန်လည်ရောက်ရှိကြသည်။


နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။

နိုင်ငံတော် သမ္မတနှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသော ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊ ဦးကျော်လွင်၊  ဒေါက်တာ ကံဇော်၊ ဒေါက်တာသန်းအောင်၊ ဦးရဲထွဋ်၊ ဒုတိယ၀န်ကြီး ဦးအုန်းသန်း၊ ဦးဟံစိန်၊  ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးဆက်အောင်၊  ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်မှူးချုပ် ကိုကိုနိုင်နှင့် တာဝန်ရှိသူများ ပြန်လည် လိုက်ပါလာကြသည်။

ယခုခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် (၇)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဂျပန်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ဖြစ်ကြသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ ပါဝင်သည့် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးကို ၂၀၀၉ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ (၆)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်း အဝေးကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ (၁၂)ရက်က မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပခဲ့သည်။

မဲခေါင် - ဂျပန်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ၂၀၀၇ ခုနှစ် ဂျပန်အစိုးရက ထုတ်ပြန်ကြေညာခဲ့သော ဂျပန် - မဲခေါင် ဒေသမိတ်ဘက် အစီအစဉ် (Japan-Mekong Partnership 2007-2009) မှစတင်ခဲ့ရာ မြန်မာနိုင်ငံသည် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့နှင့်အတူ ယင်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။
           
ဂျပန်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အဓိကရည်မှန်းချက်မှာ မဲခေါင်ဒေသ နိုင်ငံများ၏ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက် လာစေရန်နှင့် မဲခေါင်ဒေသအတွင်းရှိ အရှေ့-အနောက်စီးပွားရေး စင်္ကြံလမ်း၊ တောင်ပိုင်းစီးပွားရေး စင်္ကြံလမ်းများ ဖွံ့ဖြိုး တိုးတက် လာစေရန်တို့အတွက် Japan - ASEAN Integration fund (JAIF)အောက်မှ ငွေကြေးထောက်ပံမှု ပြုလုပ် ဆောင်ရွက်ပေးလျက် ရှိသည်။

မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေသော အဓိကအစီအစဉ်များမှာ မဲခေါင်မြစ် ကော်မရှင်၊ မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်နှင့် အာဆီယံ- မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်တို့ ဖြစ်သည်။

မဲခေါင်ဒေသတွင်းနိုင်ငံများတွင် လူဦးရေ သန်း ၂၄၀ နီးပါးနေထိုင်ပြီး ဂျီဒီပီ ပမာဏ အမေရိကန်ဒေါ်လာ ၆၆၄ ဘီလီယံခန့် ရှိသည့်အတွက် စီးပွားရေးဖွံ့ဖြိုးရန် ကြီးမားသည့် ဈေးကွက်ဖြစ်သည်။

ယခုထိပ်သီး အစည်းအဝေးတွင် တိုကျိုမဟာဗျူဟာ ၂၀၁၅ ကို ချမှတ်နိုင်ခဲ့ပြီး ယင်းမဟာဗျူဟာ ၂၀၁၅  သည် မဏ္ဍိုင်လေးရပ် တွင် ပူးပေါင်း ဆောင်ရွက်မှုများအဖြစ် စက်မှုအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ စိမ်းလန်းသော မဲခေါင်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မဲခေါင် ဒေသတွင်းနိုင်ငံများနှင့် သက်ဆိုင်သူများအကြား ညှိနှိုင်း ဆောင်ရွက်သွားရေးတို့ ပါဝင်သည်။

ထို့ပြင် ဂျပန် - မြန်မာထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး တို့က ထားဝယ်အထူးစီးပွားရေး ဇုန်အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်နိုင်ရေး၊ ရန်ကုန်မြို့ပတ် ရထားလမ်းနှင့် ရန်ကုန် - နေပြည်တော် - မန္တလေး ရထားလမ်း အဆင့်မြှင့်တင်နိုင်ရေး၊ ရန်ကုန်မြို့တော် အများပြည်သူခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများ တိုးမြှင့်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ ဖြေရှင်းနိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ယခုခရီးစဉ်တွင် ရန်ကုန်ြမို့ပတ်ရထားလမ်း စီမံကိန်း၊ အမျိုးသား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစီမံကိန်း အဆင့်နှစ်နှင့် အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းမကြီး ဖွံ့ဖြိုးရေး စီမံကိန်းတို့အတွက် ချေးငွေအကူအညီ ယန်း ဘီလီယံ ၁၀၀ ပေးအပ်ရန် ဂျပန်အစိုးရက အတည်ပြုခဲ့သည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်သည့် Memorandum of Intent လက်မှတ် ရေးထိုးပွဲကိုလည်း ယခုအစည်း အဝေးကာလအတွင်း ကျင်းပ နိုင်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အများပြည်သူ ခရီးသွားရထားများ စီးနင်း၍  တိုကျိုမြို့မှ နာဂိုယာမြို့သို့ လည်းကောင်း၊ နာဂိုယာမှ ကျိုတိုမြို့သို့ လည်းကောင်း လိုက်ပါခဲ့ပြီး ဂျပန်နိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ်ကို လေ့လာခဲ့သည်။

နိုင်ငံတော်သမ္မတသည် ဂျပန်နိုင်ငံတွင် အကြီးဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် သည့် စက်ရုံဖြစ်သော နေ့စဉ် ၄၁၀၀ မီဂါဝပ်ကို ထုတ်လုပ်လျက်ရှိသည့် ဟဲခိနန် အဆင့်မြင့် နည်းပညာသုံး ကျောက်မီးသွေး အသုံးပြု ဓာတ်အားထုတ်လုပ်ရေး စက်ရုံကို လေ့လာ ခဲ့သည်။

ထိုပမာဏသည့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ထုတ်လုပ်ပြီး မဟာဓာတ်အား လိုင်းမှ ဒေသအနှံ့ ဓာတ်အားဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အားပမာဏ၏ နှစ်ဆနီးပါး၊ ရန်ကုန်မြို့တော်တွင် သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား ပမာဏ၏ လေးဆနီးပါးဖြစ် သည်။ အဆိုပါ စက်ရုံတွင် နိုင်ငံတော်သမ္မတက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်း ဆုံးဖြင့် ကျောက်မီးသွေးမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နေသည့် ဂျပန်နိုင်ငံ၏ အတွေ့အကြုံနှင့် နည်းပညာများကို မိမိတို့ အသုံးပြုလိုကြောင်း ချူဘူးကုမ္ပဏီ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်စေလိုကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အားကစား ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာထွက်ကုန်များ ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ရေး၊ ဆန်စပါး ထုတ်လုပ်မှု အရည်အသွေး မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် အစိုးရအဖွဲ့သစ် တာဝန်ယူပြီး ချိန်မှစ၍ ဂျပန်နိုင်ငံသို့ ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးသို့ လည်းကောင်း၊၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် နှစ်(၄၀)ပြည့် အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေးနှင့် ပဉ္စမအကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးများသို့ လည်းကောင်း တက်ရောက်ခဲ့ပြီး ယခုကျင်းပပြီးစီးခဲ့သည့် (၇)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေး တက်ရောက်ခြင်းမှာ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် တတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ 

No comments:

Post a Comment