Monday, July 6, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဟိုဂျူစုပေါင်း စိုက်ခင်းကို ကြည့်ရှုလေ့လာ



နေပြည်တော် ဇူလိုင် ၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် ကျိုတိုမြို့ အပြင်ဘက်ရှိ ဟိုဂျူ စုပေါင်းစိုက်ခင်းသို့ သွားရောက်ကြည့်ရှုလေ့လာသည်။


ရှေးဦးစွာ ဟိုဂျူစုပေါင်းစိုက်ခင်း အသင်းအဖွဲ့ အကြီးအကဲ Mr. Sakai နှင့် အဖွဲ့က ကြိုဆိုနှုတ်ဆက်ကြပြီး စိုက်ခင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် စိုက်ခင်းအတွင်း အသုံးပြုသည့် စက်ယန္တရားများကို လိုက်လံကြည့်ရှုသည်။

စိုက်ခင်းအတွက် ရင်းနှီးထားသည့် အဆင့်မြင့် စက်ယန္တရားများ၏ တန်ဖိုးမှာ ဒေါ်လာ တစ်သန်းခန့်ရှိကြောင်း သိရသည်။

ယင်းစုပေါင်းစိုက်ခင်းနေရာကို လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော် ကတည်းက ဒေသခံတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အလုပ်လုပ်ကိုင်ခဲ့ကြကြောင်း၊ ထိုစဉ်က မိုးရာသီတွင် ရေကြီးရေနစ်မြုပ်မှုများစွာ ခံခဲ့ရသော်လည်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက ပြန်လည်ပြုပြင်ပြီး နောက်ပိုင်းတွင် ရေနစ်မြုပ်မှုများ မရှိသလောက် နည်းပါးလာခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းစိုက်ခင်းသည် အကျယ်အ၀န်းအားဖြင့် ဟက်တာ ၁၅၀ (၃၇၅ ဧက) ရှိပြီး ဒေသခံတောင်သူ လယ်သမား အသင်းသား စုစုပေါင်း ၃၃၈ ဦးက စုပေါင်း ထည့်ဝင်ငွေဖြင့် ဖွဲ့စည်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အဓိက စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများမှာ စပါး၊ နေကြာ၊ အသီးအရွက်နှင့် အခြားသီးနှံစုံတို့လည်း ပါဝင်ကြောင်း၊ ရရှိသည့် ၀င်ငွေကို အသင်းသားများ ခွဲဝေယူကြကြောင်း သိရသည်။

ထို့နောက် အိုဆာကာမြို့သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိပြီး အိုဆာကာဓာတ်ငွေ့ကုမ္ပဏီ အဆင့်မြင့်စွမ်းအင် ကွန်ယက် စီမံကိန်းကို သွားရောက် လေ့လာသည်။

အိုဆာကာဓာတ်ငွေ့ ကုမ္ပဏီသည် အိုဆာကာမြို့ အီဝါဆာကီ (Iwasaki) နယ်မြေတွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။ ထိုသို့ ဖြန့်ဖြူးရာတွင် Gas Cogeneration System ကို အသုံးပြုပြီး သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာမှ ထွက်ရှိ လာသော အပူငွေ့အား သတ်မှတ်နယ်မြေအတွင်း လေပူလေအေး ပေးရာတွင် အကျိုးရှိစွာ အသုံးချလျက်ရှိသည်။

ထို့ပြင် ဓာတ်အားဖြန့်ဝေသည့် နယ်မြေအတွင်း၌ ဒေသခံပြည်သူများ ဆူနာမီရန်မှ တိမ်းရှောင်ရန် ဘေးကင်းနေရာအဖြစ် သတ်မှတ်ထားသည့် အိုဆာကာ မိုးလုံလေလုံ ခန်းမ Kyocera Dome Osaka နှင့် AEON ဈေးဝယ်စင်တာတို့ကို သဘာဝ ဓာတ်ငွေ့နှင့် နေရောင်ခြည်စွမ်းအင်တို့ကို အသုံးပြုပြီး အရေးပေါ် အခြေအနေတွင် ဓာတ်အားပြတ်လပ်မှုမရှိစေရန် စီမံဆောင်ရွက် ထားသည်။


ယင်းနောက် RIHGA Royal ဟိုတယ်၌ ပုဂ္ဂလိက ကုမ္ပဏီ လုပ်ငန်းရှင်များက တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

No comments:

Post a Comment