တက္ကသိုလ်ဘုန်းနိုင်
ကြေးမုံသတင်းစာတွင်
ဝတ္ထုကဏ္ဍယခင်က ထည့်သွင်း ဖော်ပြပေးခဲ့ဖူးပါသည်။ ထိုဝတ္ထုကဏ္ဍကို စာဖတ် ပရိသတ်များ ပြန်လည်
ဖတ်ရှုနိုင်ရန်အတွက် ကြေးမုံသတင်းစာတွင် နေ့စဉ် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။ ထိုသို့
ဖော်ပြပေးရာတွင် စာဖတ်ပရိသတ် စွဲလမ်းဆဲလက်စရှိသည့် ဆရာတက္ကသိုလ် ဘုန်းနိုင်၏ ''သူငယ်ချင်းလို့ပဲ
ဆက်၍ခေါ်မည်...ခိုင်'' ဝတ္ထုကို အခန်းဆက်ဝတ္ထုအဖြစ် ဦးစွာတင်ဆက်ပေးလိုက်ပါသည်။
ထိုဝတ္ထုကို
ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးတင်ဆက်ခဲ့ပြီးဖြစ်သော်လည်း ရုပ်ရှင်ရသခံစားမှုထက်
ဝတ္ထုရသ ခံစားမှုက ပရိသတ်အား ပိုမိုဆွဲဆောင်မှုရှိသည်ကို ဖတ်ရှုလေ့လာ သိသာနိုင်ရန်ဖြစ်ပါသည်။
ယင်းနောက် စာဖတ် ပရိသတ်၏ နှလုံးသားကို စွဲငြိစေမည့် ရသမြောက်သည့် ထင်ရှားသော ဝတ္ထုများကိုလည်း
ဆက်လက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ (စာတည်း)
ယမန်နေ့မှအဆက်
''သိပ်ပိုတဲ့
အစ်ကိုမောင်ကြီး။ သိပ် ... သိပ်ကိုပိုတဲ့ အစ်ကိုမောင်ကြီး ဟုတ်လား ..''
ကျွန်တော်နှင့်
လှိုင်သည် ပြိုင်တူရယ်မောမိကြပြီး လွမ်းစေတီတောင်ထိပ်မှ ယှဉ်တွဲ ပြေးဆင်းလာကြသည်။
အခြားတစ်ဖက်ရှိ
ရပ်တော်မူဘုရား တောင်ကုန်းစောင်းတွင် တိုင်းရင်းသား လူငယ်တစ်ဦးက မယ်ဒလင် တီးနေ၏။ သူနှင့်
ယှဉ်ထိုင်နေသော သူ့အဖော် သူငယ်ချင်းက အဆိုတော်ကိုမြကြီး၏ လွမ်းစေတီသီချင်းကို ဆွဲငင်လှိုက်လှဲစွာ
ဆိုသည်။
''လွမ်းစေတီ
...။ မယ်နဲ့ မောင် ... ချစ်သဒ္ဓါမှုနဲ့ သစ္စာပြုပါသည်။ ချစ်သူငယ် သူ့အား ...ဝေးပါပေါ့
ဘုရားလို့ တမ်းတကာရည် ... လွမ်းရပါပြီ ...မယ့်ကို ရည်မှန်း ... တည်ထားခဲ့မည် လွမ်းစေတီ
...''
(၃၄)
လှိုင့်အတွက် ချယ်ရီဦး
မောင်ရေ
...။
ဟိုတစ်နေ့က
မောင့်ဆီက စာရတယ် ...။ လှိုင့်ဆီက စာကိုလည်း ရတယ်။
ချယ်ရီတွေ
မပွင့်သေးတာမို့ မောင့်စာအိတ်ထဲမှာ ချယ်ရီပန်းအနွမ်းတွေ ပါမလာတာဘဲလို့ ခိုင် ယူဆမိတယ်။
ခိုင့်စကားကို
ပြန်ပြင်ပါရစေ မောင် ...။ နွမ်းကာမှ နွမ်းပါစေ၊ မောင် ပို့လိုက်မယ်ဆိုရင် ချယ်ရီနွမ်းကိုပဲ
လန်း တယ်လို့ ခိုင် မြင်ထင်ကြည့်ပြီး ကျေးဇူးတင် ဝမ်းသာမိပါမယ် မောင် ...။
ရှားသောအရာဟာ
တန်ဖိုးကြီးသတဲ့ မောင်၊ ချယ်ရီပွင့်လန်းကို အဝေးကနေမှန်း လွမ်းရတဲ့ အခြေမှာမို့ ပွင့်နွမ်းရရင်ပဲ ဆန်းပါပေတယ်လို့ ... စိတ်ဖြေမြတ်နိုးယုယမှာပါပဲ မောင် ...။
လှိုင်ကတော့
စွယ်တော်ရွက်ကလေးတွေ ထည့်ပေးလိုက်တယ် မောင်။ ထင်းရှူးနဲ့ ချယ်ရီပင်တွေသာ ရှိတယ် ထင်တဲ့
တောင်ကြီးမှာ စွယ်တော်ပင်လည်း ရှိမှန်းသိလို့ ခိုင် အံ့သြတယ်။ ရေကောင်း မြေကောင်းမှာ
ပေါက်ရ လို့လား မသိဘူး၊ လှိုင် ပို့လိုက်တဲ့ စွယ်တော်ရွက်ကလေးဟာ ခိုင် တွေ့ဖူးသမျှထဲမှာ
အဖွံ့ဆုံး၊ အထွားဆုံးနဲ့ အလှဆုံးပဲ ...။
မြေကောင်း၊
ရေကောင်းမှာ ပေါက်ဖွားရှင်သန်ရတဲ့ စွယ်တော်ပင်လေးတွေဟာ ကံကောင်းတယ်လို့ ဆိုရမှာပဲ မောင်
နော် ...။
တောနဲ့
တောင်၊ လျှိုနဲ့ မြိုင်၊ ပွင့်ခေါင် ပွင့်မင်း၊ ပွင့်စုံခင်းပြီး ထုံသင်းကြိုင်လျှမ်း
မြရောင်လွှမ်းတဲ့ ရှမ်းတို့ရဲ့ ပန်းမြို့တော် မောမြေဘုံခန်း ရဝေနန်းပေါ်မှာ စံမြန်းမွေ့လျော် ပျော်ဖွယ်အကြောင်းနဲ့ စုံသူအပေါင်းကိုလည်း
... ကံကောင်းတယ်လို့ပဲ ဆိုရမှာပဲ မောင်ရယ်နော် ...။
မောင့်
မိခိုင်
လှိုင်နှင့်
ကျွန်တော် လွမ်းစေတီရင်ပြင်ပေါ်၌ စကားထွေလာ ဆိုကြပြီးနောက် တစ်ပတ်ကျော်ကျော်ခန့်တွင်
ခိုင့်ထံမှ အထက်ပါစာကို ရသည်။
စာ၌
ခိုင်သည် သူနှင့် ငြိမ်းမောင်တို့၏ ရှေ့ရေးကို ထည့်မရေး။ အခြား ဘာကိုမျှလည်း ထည့်မရေး။
ခံစားမှုရှိမှ စာရေး၍ရသည်ဆိုသော ခိုင်သည် သူ့ခံစားမှု သက်သက်ကိုသာ ရေးလေခဲ့သည်။
ခက်သည်မှာ
လူ့လောက၌ ခံစားမှုတစ်ခုတည်းနှင့် ကျင်လည်ရှင်သန်ခွင့် မရှိခြင်းသာ ဖြစ်ပါ၏။
ခံစားမှုတစ်ခုတည်းနှင့်
ကျင်လည်ရှင်သန်ခွင့် မရှိပါဘဲလျက် သဘာဝတရားသည် အဘယ်ကြောင့် ခံစားတတ်သော နှလုံးသားကို ရင်၌ ထားပေးရပါမည်နည်း ...။
ထားပေးရပါမည်နည်း။
ဤအတွေးဖြင့်
တစ်ညနေတွင် ကျွန်တော်သည် ခြံဝ၌ ရပ်လျက်ရှိနေခဲ့သည်။
ခြံပြင်ဘက်
လမ်းဘေးမြက်ခင်းပြင်တွင် မြမြလွင်သော အရွက်ဖားဖားတို့နှင့် စွယ်တော်ပင်ပေါက်တို့သည်
လေဝယ် တိမ်းပါး လှုပ်ရှားနေကြ၏။
''ကိုမောင်ညို
... ကိုမောင်ညို ...''
ကျွန်တော်က
ခြံတွင်းသို့ လှမ်းခေါ်သည်။
ကိုမောင်ညိုက
အပြေးကလေး ထွက်လာ၏။
''
ဘာလဲ မောင် ... အလန့်တကြား ''
''
ဘာ(လ်)ကီ ပြန်သွားပြီလား ''
ဘာ(လ်)ကီသည်
ကျွန်တော်၏ ဂေါ်ရခါးလူမျိုး မာလီဖြစ်သည်။ နေ့တွင် အိမ်အလုပ်လုပ်၍ ညနေစောင်းလျှင် သူတို့လူမျိုးတွေ
စုပေါင်းနေထိုင်သော စောစီရွာသို့ ပြန်လေ့ရှိ၏။
''
မပြန်သေးဘူး မောင်။ မိုးကုန်ရင် ဒေလီယာနေရာမှာ ချဖို့ ပေါ်ပီမျိုးစေ့တွေ ရွေးနေတယ်
...''
''သွားခေါ်လိုက်စမ်းပါ၊
မြက်ရှင်းတဲ့ ဓားလည်းယူခဲ့လို့ ...''
ကိုမောင်ညိုသည်
ကျွန်တော့်ကို နားမလည်ဟန် တစ် ချက်ကြည့်ပြီး လှည့်ထွက်သွား၏။ မကြာမီပင်ဘာ(လ်)ကီသည် မြက်ခုတ်ဓားကို လက်တစ်ဖက်နှင့် ကိုင်ရင်း အခြား လက်တစ်ဖက်နှင့် ဆလံပေးလျက် ကျွန်တော့်ရှေ့
တွင် ခြေစုံရပ်လာ၏။
''သြော်
... ဘာ(လ်)ကီ ... ဟောဒီ မြက်တွေရော အပင်တွေရော အားလုံး ခုတ်ပစ်စမ်းနော်။ ခုခုတ်၊ နက်ဖြန်
စပြီး အမြစ်တွေ နုတ်ပစ်ပြီး မြက်ကောင်းမျိုးစေ့ ထပ်ချ၊ ကြားလား ''
အမိန့်ကို
နာခံ၍ တာဝန်ကို မငြင်းတတ်သော ဂေါ်ရခါး ပီပီ ဘာ(လ်)ကီသည် မြက်ခင်းကို စတင်ခုတ်ထွင် ရှင်းလင်းသည်။
ကိုမောင်ညိုကသာ
မကျေမနပ်နှင့် ပြော၏။
''
မောင်ကလည်း ... ဒါ ခြံအပြင်ဘက်က မြူနီစီပယ် မြေပဲ။ ရှင်းချင်ရင် နက်ဖြန်မှ မြူအရာရှိချုပ်
ဦးလေး ဦးချစ်ဆွေကြီးဆီ တယ်လီဖုန်း ဆက်လိုက်ပါလား ... သူ ချက်ချင်း ရှင်းပေးခိုင်းမှာပေါ့
''
''ဦးလေး
ဦးချစ်ဆွေကြီးနဲ့ သူ့မြူအလုပ်သမားတွေက အားရတယ်မှ မရှိဘဲ။ တစ်ခါတလေ မောင်တို့ကလည်း
မောင်တို့ တတ်နိုင်တဲ့ တာဝန်ကို မောင်တို့ဘာသာ ယူပြီး ကိုယ့်အိမ်ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးကို
ကိုယ့်
ဘာသာလည်း လုပ်ဦးမှပေါ့ ''
ဘာသာလည်း လုပ်ဦးမှပေါ့ ''
ကိုမောင်ညိုသည်
ဘာမျှမပြောတော့ဘဲ အိမ်ဆီသို့ ပြန်ဝင်သွား၏။
ဘာ(လ်)ကီသည်
မြက်ခုတ်ဓားကို ဝေ့ကာလွှဲကာနှင့် သွက်လက်စွာ အလုပ်များနေ၏။
ထိုစဉ်
ခရီးတိုပြေး တက္ကစီလေးဘီး ကားလေးတစ်စီး ထိုးဆိုက်လာ၏။ ကားပေါ်မှ လှိုင်ဆင်းလာသည်။
''ဟော
... လှိုင်က ရောက်လာပြီ။ အစ်ကိုမောင် အခုပဲ လာခေါ်တော့မလို့ ''
လှိုင်က
တောက်ပစွာ ချစ်စဖွယ် ပြုံးသည်။
''အစ်ကိုမောင်
နေ့လည်ကနေ ညနေအထိ အော်ပရေးရှင်း (ခွဲစိတ်ကုသခြင်း) လုပ်သွားတာ ပင်ပန်းနေမှာပေါ့။ ဒါကြောင့်
လှိုင့်ဘာသာ လာခဲ့တာ ...''
ကျွန်တော့်ကို
ရှင်းပြပြောဆိုနေရာမှ လှိုင်သည် မြက်ခုတ်ဓားနှင့် အလုပ်များနေသော ဘာ(လ်)ကီထံ လှမ်း ကြည့်၏။
''ဘာ(လ်)ကီက
ဘာဖြစ်လို့ ခြံပြင် ထွက်ရှင်းနေရတာလဲ အစ်ကိုမောင် ...''
''အစ်ကိုမောင်
ခိုင်းထားလို့ပါ ...။ ခြံတွင်းက လှသလောက် ခြံပြင်မှာ ရှုပ်နေတယ် လှိုင်။ ခြံပြင်ဆိုတာဟာလည်း
ကိုယ့်အိမ်မျက်နှာစာပဲ မဟုတ်လား ''
လှိုင်က
ကျွန်တော်ပြောသည်ကို သဘောတူဟန် ခေါင်းညိတ်သည်။ သို့ရာတွင် ခဏချင်းမှာပင် မျက်လုံးလေး
ပြူးလျက် အလန့်တကြား ဆိုသည်။
''ဟော
... ရှင့် ... ကုန်ပါပြီ ...''
ကျွန်တော်က
လှိုင့်ကို နားမလည်ဘဲ ပြန်မေးမိသည်။
''လှိုင်ကလည်း
အလန့်တကြား ဘာပြောတာလဲ ''
''စွယ်တော်ပင်လေးတွေ
...စွယ်တော်ပင်လေးတွေ ...ကုန်ပါပြီ ...''
လှိုင်သည်
ဘာ(လ်)ကီအနားသို့ ပြေးသွားလျက် မြက်ခုတ်ခြင်းကို ရပ်ခိုင်း၏။
ဘာ(လ်)ကီ၏
ဓားချက်ကြောင့် မြက်များနှင့်ရောလျက် စွယ်တော်ပင်ကလေးများလည်း အပိုင်းပိုင်းပြတ်ကာ
ရှိနေသည်။
ဆက်လက်ဖော်ပြပါမည်။

No comments:
Post a Comment