မိုင်းပွန်စော်ဘွား စ၀်စံထွန်း၊ ဦးဘ၀င်းနှင့် ရဲဘော်ကိုထွေး
မျက်ရည်ဖြိုင်လို့ ဘဝင်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး။
ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း ပြည်သူတို့ စိတ်နှလုံးညှိုးနွမ်းရသည်။ ဇူလိုင်လမိုးစက်တို့နှင့်အတူ
ပြည်သူများ ဝမ်းနည်းပူဆွေး၊ အောက်မေ့တမ်းတသတိရစိတ်တို့ဖြင့် ကြေကွဲခဲ့ရသည်မှာ ယနေ့ဆိုလျှင်
(၆၈)နှစ်တိုင်ခဲ့ပြီ။
ပြည်သူတစ်ရပ်လုံး နှမြောတသယူကျုံးမရဖြစ်ခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို
ကမ္ဘာတည်သရွေ့ မေ့နိုင်မည်မဟုတ်ပေ။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စိတ်နှလုံးဝယ် အသက်ပင်သေသော်လည်း
ကမ္ဘာတည်သရွေ့ မမေ့နိုင်သည့် ဇူလိုင်လ ၁၉ ရက်နေ့သို့ တစ်ဖန်ရောက်ခဲ့ပြန်ပြီ။
တိုင်းပြည်ကောင်းစားရေး၊ လူထုကောင်းစားရေးတို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ
ကြိုးပမ်းဆောင်ရွက်ခဲ့သော အာဇာနည် ပုဂ္ဂိုလ်များ၏ သွေးမြေခခဲ့သည့် ယနေ့ကာလရောက်လေတိုင်း
အတိတ်ကဖြစ်ရပ်ဆိုးကြီးကို မနေ့တစ်နေ့ကလို တမ်းတမြင်ယောင်နေသည်မှာ ယနေ့ မျိုးချစ်ပြည်သူများနှင့်
ကျန်ရစ်သူအာဇာနည် မိသားစုဝင်များပင်။
သို့မို့ကြောင့် လွမ်းတသသဖြစ်နေကြသော ကျန်ရစ်သူ အာဇာနည်မိသားစုဝင်များအား မြန်မာ့အလင်းသတင်းအဖွဲ့က
သွားရောက် တွေ့ဆုံ၍ ရင်တွင်းစကားသံများကို ရေးသားတင်ပြလိုက်ရပါသည်-
ဦးစဝ်ကိုင်ဖ (မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏သား၊ မြန်မာ့အလင်းအယ်ဒီတာချုပ်-ငြိမ်း)
ကျွန်တော်က မိုင်းပွန်စော်ဘွားစဝ်စံထွန်းရဲ့ သားသမီး ညီအစ်ကို မောင်နှမငါးဦးထဲက
တတိယမြောက်သားပါ။ နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်း တက်ရောက်ဂါရဝပြုဖြစ်တာများပါတယ်။ နှစ်နှစ်ပဲ
ကျန်းမာရေးကြောင့် မတက်ဖြစ်ခဲ့တာပါ။ နှစ်စဉ် မိသားစုဝင် ၁ဝ ဦးကျော် တက်ရောက်ဖြစ်ပါတယ်။
အာဇာနည်နေ့နဲ့ ပတ်သက်လို့ ပြောရရင်တော့ ခုနောက်ပိုင်း နိုင်ငံတော် အနေနဲ့ ပြောင်းလဲတိုးတက်
လာတာတော့ တွေ့ရပါတယ်။ ထူးထူးခြားခြား မနှစ်ကစပြီး ဒုတိယသမ္မတ တက်ရောက်ဂါရဝပြုခဲ့တယ်။
ဒုတိယသမ္မတ ကိုယ်တိုင်ဦးစီးလုပ်ဆောင်ပေးတဲ့အတွက် အသက်ပေးသွားတဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ
ဖြစ်တဲ့ ကျွန်တော်တို့အတွက်လည်း ဝမ်းသာစရာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း ပိုပြီးတော့
သတိတရဖြစ်လာပါတယ်။
ခုနောက်ပိုင်း အာဇာနည်နေ့တက်ရောက်ဂါရဝပြု မယ်ဆိုရင် သက်ဆိုင်ရာက လိုအပ်တာ ဘာရှိလဲ၊
ကား လိုလားစသဖြင့် မေးပါတယ်။ အဲဒီအတွက်လည်း ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့
အခုချိန်ထိ ဘာအကူအညီ၊ ဘာအခွင့်အရေးမှ မတောင်းခဲ့ပါဘူး။
အာဇာနည်နေ့ အဖေတို့ဖြစ်တဲ့အချိန်မှာ ကျွန်တော် က တောင်ကြီးမှာ ကျောင်းတက်နေတာ
၁ဝ နှစ်သား အရွယ်လောက်ပေါ့။ အဖေက ဖြစ်ဖြစ်ချင်း ဇူလိုင် ၁၉ ရက်နေ့မှာ မဆုံးဘဲ နောက်နေ့
၂ဝ ရက်နေ့မှ ရန်ကုန် ဆေးရုံကြီးမှာ ဆုံးတယ်။ သွေးလွန်ပြီးဆုံးတယ် ပြောရမှာပေါ့။ ဒဏ်ရာကတော့
လည်ပင်းမှာ တစ်ချက်၊ အောက်ဆီးစပ်မှာတစ်ချက် ထိခဲ့ပြီးဆုံးသွား တာပါ။
အဖေဆုံးတဲ့အချိန် ကျွန်တော့်အနေနဲ့ အမှတ်ရ စေခဲ့တဲ့အချက်တစ်ခုကတော့ တောင်ကြီးမှာ
ငှက်လိုက် ပစ်နေတဲ့အချိန် အိမ်ပြန်ရောက်တော့ အဘိုးတော်စပ် သူက မင်းကသူများအသက်ကို လိုက်သတ်နေတယ်။
ခုမင်းအဖေသေပြီလားမသိဘူးဆိုတဲ့ စကားတစ်ခွန်း က ခုချိန်ထိ ကျွန်တော့်ကို သတိတရဖြစ်စေခဲ့တယ်။
ကျွန်တော်တို့ ကျန်ရစ်တဲ့ မိသားစုဝင်တွေအနေနဲ့ ကတော့ နှစ်စဉ် အဖေဆုံးတဲ့ ဇူလိုင်လ ၂ဝ ရက်နေ့ ရောက်တိုင်း ဆွမ်းကပ်လှူဒါန်း ဒါနပြုတာတွေ လုပ်ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ခုနောက်ပိုင်း အာဇာနည်နေ့ကို အရင်ထက် ပိုပြီးတော့ ဂရုတစိုက်လုပ်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။ ကျန်ရစ်သူမိသားစုဝင်အနေနဲ့ ဝမ်းလည်းသာပါ တယ်။
ဦးထွေးဝင်း (အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ အငယ်ဆုံးသား)
အဖေဆုံးတဲ့အချိန် ဇူလိုင်လ ၁၉ ရက်နေ့မှာ အဖေ့အသက်က ၄၇ နှစ်ပါ။ မဆုံးခင် အဖေက
ရေနံချောင်းအမျိုးသားကျောင်းမှာ ကျောင်းအုပ် လုပ်နေရင်း အမတ်အရွေးခံပြီး ကူးသန်းရောင်းဝယ်
ရေးဝန်ကြီးအဖြစ် ရန်ကုန်ကို လာရောက်ထမ်းဆောင် နေတဲ့အချိန်ပေါ့။ ပြောရရင် အဖေက ကျောင်းဆရာ
အလုပ်ကိုပဲ သူကဝါသနာပါတာ။ အဲဒီအချိန်မှာ ညီဖြစ်တဲ့ ဗိုလ်ချုပ်က ပြည်သူလေးစားချစ်ခင်တဲ့
ပုဂ္ဂိုလ်တစ်ဦးဖြစ်နေတဲ့အချိန်။
သူ့ထက် အတွေ့အကြုံရင့်တဲ့၊ လေးစားဖြူစင်တဲ့ စိတ်ထားရှိသူတွေကို တိုင်းပြည်ထူထောင်ဖို့အတွက်
လိုအပ်နေတဲ့အချိန်ပေါ့။ အဲဒါနဲ့ ဒီးဒုတ်ဦးဘချိုတို့ရဲ့ အကြံပေးမှုနဲ့ အဖေ့ကို ရေနံချောင်းကနေ
အမတ်အဖြစ် အရွေးခံပြီး ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာဖြစ်တယ်။
အဖေတို့ ညီအစ်ကိုမောင်နှမခြောက်ဦးက ဦးဘဝင်း၊ ဒေါ်ခင်ညွန့်၊ ဒေါ်ဝက်၊ ဦးနေအောင်၊
ဦးအောင်သန်းနဲ့ အငယ်ဆုံးကတော့ဗိုလ်ချုပ်အောင်ဆန်းပေါ့။ ကျွန်တော် က အဲဒီအချိန်မှာ
ရှစ်လသားအရွယ်ပဲ ရှိသေးတာ။ ကျွန်တော်က ညီအစ်ကို၊ မောင်နှမခြောက်ဦးထဲက အငယ်ဆုံးသားပါ။
အာဇာနည်နေ့တိုင်း ကျွန်တော်တို့ မိသားစုဝင် တွေအနေနဲ့ နှစ်စဉ်တက်ရောက် ဂါရဝပြု
လွမ်းသူ့ ပန်းခွေချဖြစ်ခဲ့ပါတယ်။ ခုနောက်ပိုင်းအမေက အသက် ကြီးလာတော့ ကျွန်တော်ပဲ တက်ဖြစ်တာပါ။
တဖြည်း ဖြည်းနဲ့တော့ အရင်ကနဲ့စာရင် အာဇာနည်နေ့ကို နိုင်ငံ တော်အကြီးအကဲတွေ နည်းနည်းတော့
အာရုံရှိလာပါပြီ။ အရင်ကဆို ကျွန်တော်မှတ်မိသလောက် ဗိုလ်ချုပ်ကြီး နေဝင်းလာတက်တယ်။ အဲဒီနောက်ပိုင်း
မြို့တော်ဝန် အဆင့်ပဲ တက်ခဲ့တာ။
မနှစ်က ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်တယ်ဆိုတော့ နည်းနည်းတော့ အာရုံရှိလာတဲ့
သဘောပေါ့။ တိုင်းပြည်ရဲ့ ဗိသုကာ၊ တိုင်းပြည်ကို ပုံဖော်ခဲ့တဲ့ အာဇာနည်တွေလို့လည်း ပြောတယ်။
အရင်တုန်းက သမ္မတကြီးတွေတောင် တက်ရောက် ဂါရဝပြုခဲ့သေးတာပါ။ သမ္မတတို့၊ ကာကွယ်ရေးဦးစီး
ချုပ်တို့ ကိုယ်တိုင်တက်စေချင်လို့ ပြောတဲ့ သဘော မဟုတ်ပါဘူး။ ဖြစ်သင့်တာကို ပြောတာပါ။
ခုနောက်ပိုင်းနှစ်တွေမှာတော့ အာဇာနည်နေ့ ရောက်တိုင်း မြို့တော်စည်ပင်က လူကြီးတစ်ယောက်
လာခေါ်တယ်။ နည်းနည်းတော့ ပြောင်းလဲလာပါပြီ။ အရင်နဲ့ စာရင်ပေါ့။
ဒေါ်မမကြီး(ရဲဘော် ကိုထွေးတူမ၊ ကျောင်းဆရာမ-ငြိမ်း)
ကျွန်မက ရဲဘော်ကိုထွေးရဲ့အစ်မ ဒေါ်ကြည်ကြည် ရဲ့သမီး ဖြစ်ပါတယ်။ ရဲဘော် ကိုထွေးမှာ
မွေးချင်း ခြောက်ဦးရှိပါတယ်။ ဦးအောင်သန်းစိန်၊ ဒေါ်အေးကြည်၊ ဦးသာချို၊ ဒေါ်ကြည်ကြည်၊
ဦးသာမောင်နဲ့ အငယ်ဆုံး သားကိုထွေး ဖြစ်ပါတယ်။ ကျွန်မအမေက ကိုထွေးနဲ့ပတ် သက်ပြီး ပြောခဲ့တာကတော့
ကိုထွေးကို မိသားစုတွေက ကိုကိုလို့ခေါ်ကြတယ်။
ကိုထွေးက ငယ်ငယ်ကတည်းက တိုက်ခိုက်တာတွေ ဝါသနာပါတယ်။ ကိုထွေးတို့မိသားစုက မန္တလေးမှာနေကြ
တာ။ မန္တလေးမှာ ဦးရာဇတ်အိမ်နဲ့ ဘေးချင်းကပ်ပေါ့။ ဦးရာဇတ်က ကိုထွေးကို အလွန်ချစ်တယ်။
ဦးရာဇတ် ဝန်ကြီးဖြစ်တော့ သက်တော်စောင့်အနေနဲ့ ခေါ်လို့လုပ်ဖြစ် သွားတာ။
ဦးရာဇတ် ရန်ကုန်မှာ တာဝန်ယူထမ်းဆောင်တော့ ကျွန်မတို့အမေနေထိုင်တဲ့ ၃၁ လမ်း၊
အောက်ဘလောက်၊ အမှတ် ၇၂ မှာ ရဲဘော်ကိုထွေးက လာနေတယ်။ တစ်ခါ တလေ ပြန်မအိပ်ဘဲ ဦးရာဇတ်တာဝန်နဲ့သွားရာ
လိုက်သွား တတ်တယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက အိမ်မှာ မိုးကာအင်္ကျီလာယူသွားသေးတယ်။
ပြီးမှ အတွင်းဝန်ရုံးကို သွားခဲ့တဲ့အချိန်မှာ လုပ်ကြံခံခဲ့ရတာ။
ကိုထွေးလုပ်ကြံမခံရခင် ဇူလိုင်လ ၁၈ ရက်နေ့မှာ ကိုထွေးဆုရခဲ့တဲ့ ဘူးလေးက အိမ်နံရံမှာ
ချိတ်ထားရာကနေ သူ့အလိုလိုပြုတ်ကျသွားတယ်။ အဲဒါ ကိုထွေးရဲ့အဘွားက ဒါနိမိတ်မကောင်းဘူး။
ငါ့မြေးတစ်ခုခုများ ဖြစ်မလားဆိုပြီး တဖွဖွပြောနေတာ။ နောက်နေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာပဲ
ဗိုလ်ချုပ်တို့ လုပ်ကြံခံရတာ ဖုန်းဆက်ပြောလို့ သိရပြီး ယူကျုံးမရဖြစ်ခဲ့ရတယ်။
ဒီလိုလုပ်ကြံခံရတော့ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းနဲ့ ကိုထွေးတို့နှစ်ဦးပဲ
ဆေးရုံကြီးရောက်ပြီးမှ ဆုံးသွားကြတာ။ ဒဏ်ရာတွေနဲ့ ဆေးရုံရောက်တော့ အဘိုးက သွားကြည့်တယ်။
အဘိုးကို မှတ်မိတဲ့အနေနဲ့ တစ်ချက်ကြည့်ပြီး လက်လှမ်းပေးပြီးမှ ဆုံးသွားခဲ့တယ်လို့ အဘိုးက
ပြောပြခဲ့တယ်။
အာဇာနည်နေ့ရောက်တိုင်း နိုင်ငံတော်အစီအစဉ်နဲ့ လွမ်းသူ့ပန်းခွေသွား ချရင်း မွန်းလွဲပိုင်းမှာ
သူ့အတွက်ရည်စူးပြီး အလှူလုပ်ပေးတယ်။ ဦးရာဇတ်နဲ့ ကိုထွေးရဲ့ အုတ်ဂူထားရာ တာမွေသင်္ချိုင်းမှာ
နှစ်တိုင်းဆုတောင်းမှု ပြုလုပ်ခဲ့ တယ်။ ဒီနှစ်လည်း အာဇာနည်နေ့ အခမ်းအနားတက်ရောက်မှာပါ။
ဦးလေး ဖြစ်သူအတွက် ကောင်းမှုကုသိုလ်လုပ်ဆောင်ပေးဖို့ စိတ်ကူးထားပါတယ်။
နိုင်ငံနှင့် ပြည်သူအတွက် အသက်ပေးခဲ့ကြသည့် အာဇာနည်ခေါင်းဆောင် ကြီးများအား မြန်မာပြည်သူတစ်ရပ်လုံးက
မေ့ဖျောက်လို့မရ လွမ်းဆွတ်နေကြ မည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။
သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ၊ မောင်စိန်လွင် (မြန်မာ့အလင်း)
ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)၊ မင်းထက်






No comments:
Post a Comment