Sunday, July 19, 2015

လွန်ခဲ့သည့် ၆၈ နှစ်က သူတို့ဤသို့မြင်တွေ့ခဲ့ကြသည်




လွန်ခဲ့သည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ (စနေနေ့) နံနက် ၁ဝ နာရီ ၃၅ မိနစ်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများ ရန်ကုန်မြို့အတွင်းဝန်များရုံး၌ လုပ်ကြံခံခဲ့ရသည့် သတင်းသည် တစ်မုဟုတ်ချင်း ရန်ကုန်မြို့တွင်း ပျံ့နှံ့သွားသည်။

ထို့နောက် နာရီပိုင်းအတွင်း တစ်နိုင်ငံလုံး ပျံ့နှံ့သွားသည်။ ထိုနေ့မကုန်မီ ပြည်သူက ထိုသတင်းဆိုး ကိုကြားသိခဲ့ကြပြီးနောက် တစ်တိုင်းပြည်လုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။

''မိုးကစိုစို၊ ကျီးအုပ်ပြို၍
ထိုမှဤမှ၊ ထိုလမ်းမတွင်
ပျံကြဝဲကြ၊ ငရဲထသို့
အုံကြွမည်အား၊ မသာယာကို
ငါကြားခဲ့၏၊ မှတ်မိ၏
ထိုနေ့၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
မြေခသတင်း၊ မိုးကြိုးခွင်းသို့
အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင်၌
မချင့်မရဲ၊ ဝမ်းနည်းခံခက်
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်ရွာဦးပိုင်းမှ သင်္ချိုင်းထိ'' ဟူ၍ ဆရာ ဇော်ဂျီက ထိုနေ့ ထိုဖြစ်ရပ် ဆိုးကြီးနှင့် ပြည်သူတို့၏ခံစားချက်တို့ကို ''ပြောလိုက်ပါဘိ၊ ဟောပါဘိ'' ကဗျာတွင် ''ငါ့ညီ ပြောင်ဝင်းသို့'' ဟူ၍ ဆိုခဲ့ပါအတိုင်း စပ်ဆိုသီကုံးခဲ့သည်။

''ဗိုလ်ချုပ်တို့ကျဆုံးတော့ ရန်ကုန်မြို့ကြီးတစ်မြို့လုံး မကြုံစဖူး ခြောက်ကပ်ပြီး တိတ်ဆိတ်သွားတာပဲ။ မြို့ပျက်ကြီးတစ်ခုလိုကိုဖြစ်သွားတာ'' ဟု ရန်ကုန်မြို့ သုဝဏ္ဏမြို့ ပေါ်ဆန်းမွှေးလမ်းနေ ယခုအသက် (၉၂)နှစ်အရွယ်ရှိ ဦးချစ်မောင်က ဆိုသည်။

''ကျွန်တော်တို့က လူငယ်အရွယ်ပဲရှိပေမယ့် သူငယ်ချင်းတွေနဲ့ အာဇာနည်ကြီးတွေ အလောင်း ပြင်ထားတဲ့ ဂျူဗလီဟောကိုသွားပြီး ဂါရဝပြုခဲ့တယ်။ လူတွေကများလွန်းလို့ တစ်သုတ်ပြီး တစ်သုတ်ဝင် ရတယ်။ လူတိုင်းနီးပါး ငိုကြတာတွေ့ရတယ်'' ဟု ၎င်းကပြောသည်။

ထိုစဉ်က ကြည့်မြင်တိုင်မြို့နယ် အုန်းပင်လမ်းနေ ယခု အသက်(၉ဝ)အရွယ်ရှိ ဒေါ်သန်းမြင့်က''အဘွားက အဲဒီအချိန်က အပျိုအရွယ်ဆိုတော့ အဲဒီခေတ်က ထုံးစံ အတိုင်း အပြင်ဘက်မထွက်ကြဘူး။ ဒါပေမယ့် အိမ်ထဲ ကနေ ဗိုလ်ချုပ်တို့ ကျဆုံးတဲ့သတင်းကို ကြားရတယ်။ နောက်ပြီး လူတွေငိုကြတာ တွေ့ရတယ်'' ဟု ပြောသည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း) (၇ဝ)ရပ်ကွက် မင်းရဲကျော်စွာလမ်းနေ အသက် (၉ဝ) အရွယ် အဘ ဦးထွန်းရီက ''ဗိုလ်ချုပ်က ကျိုက်လတ်ဘုရားကြီးထဲမှာ တရားလာဟောတာကို မြင်ဖူးတယ်။ ရန်ကုန်ကနေ ကျိုက်လတ်ကမ်းပေါ်အတက် စွပ်ကျယ်ဂျိုင်းပြတ်နဲ့ပေါ့၊ အဲဒီအချိန်မှာ အဘက အသက် (၂ဝ) အရွယ်ပေါ့။ ဈေးသွားဝယ်ရင်း မြင်ဖူးတာ၊ နောက်တစ်ခါ ရွှေတိဂုံဘုရား ခြေရင်းမှာ နိုင်ငံရေးတရားဟောတာ တစ်ခါတွေ့ဖူးတယ်။ ဗိုလ်ချုပ်က ဟောတဲ့အခါ ပြတ်ပြတ်သားသား တိတိ ကျကျပြောတာပဲ။ ပြည်သူတွေကတော့ ဗိုလ်ချုပ်ရောက် တဲ့နေရာတိုင်းမှာ ကြိတ်ကြိတ်တိုးပဲ။ မြင်ဖို့တောင် ခက်ခဲတယ်'' ဟုဆိုသည်။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် (၁ဝ)ရပ်ကွက် ပြည်တော်သာလမ်းနေ အသက် (၈၃)နှစ် အရွယ်ရှိ အဘ ဦးသုဝေက ''ဗိုလ်ချုပ်ဆုံးတဲ့အရွယ်က ကျွန်တော်က ၁၅ နှစ်၊ ၁၆ နှစ်အရွယ်ပေါ့၊ ဗိုလ်ချုပ်ကို တစ်ခါပဲ တွေ့ဖူးတယ်။ သူမဆုံးခင် ၁၉၄၇ ခုနှစ် လူထုရွေးကောက်ပွဲအတွက် ကျွန်တော်တို့တောင်ငူမှာ တရားဟောတာမြင်ဖူးတယ်။ ကျွန်တော်က ဗိုလ်ချုပ်ဟောတဲ့ စင်ရဲ့ဘေးနားထောင့်မှာ သွားနားထောင်တာပဲ။ ဗိုလ်ချုပ်ရဲ့ အမှတ်တရတွေ၊ ဆောင်ရွက်ခဲ့ တာတွေကတော့ အများကြီးပါပဲ။ အရင်က တောင်ငူ-ပျဉ်းမနား-လယ်ဝေးတို့ဆိုတာက ကွန်မြူနစ် လွှမ်းမိုးတဲ့ဒေသတွေပဲ။ တောင်ငူမှာလည်း နိုင်ပါ့မလား ဆိုပြီး တကယ်တမ်းကျတော့ တောင်ငူမှာ ကွန်မြူနစ်က မနိုင်ခဲ့ဘူး။ ဗိုလ်ချုပ်က အပြတ်အသတ်အနိုင်ရခဲ့တယ်။ ဒီဒေသမှာ တောင်သူလယ်သမားတွေ အများဆုံးပဲ။ ဒီလို တရားဟောတာကို ကျွန်တော့်အနေနဲ့ မျက်မြင်တွေ့ဖူး တာပါ။ ဗိုလ်ချုပ်က စကားပြောတဲ့အခါ ပြတ်သားတယ်။ ဒါပေမယ့် စကားလုံးကဝါးတယ်'' ဟု အမှတ်တရဆိုသည်။

''ဗိုလ်ချုပ်တို့ကျဆုံးတဲ့အခြေအနေကို ရေဒီယိုကနေ ကြားတဲ့အခါ မြို့ကတိတ်ဆိတ်ပြီး ခြောက်ကပ်သွားတယ်။ ရေဒီယိုကလွှင့်တာ အင်မတန် ဝမ်းနည်းစရာကောင်း တယ်။ ဗိုလ်ချုပ်က အမျိုးသားခေါင်းဆောင်ကြီး၊ သူရဲကောင်းကြီးလေ။ ဒီလိုဖြစ်ဖို့ကလည်း လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။ သူက တိုင်းပြည်ကို လမ်းပြသွားတယ်။ ဈာပနအခမ်းအနားမှာ ဦးနုပြောသွားတဲ့ မိန့်ခွန်းရှိ တယ်။ ခေါင်းဆောင် ကြီးများ ကျဆုံးသွားတဲ့အတွက် ဝမ်းနည်းတာတော့ ဝမ်းနည်းတာပေါ့။ ဒါပေမယ့် အမြဲတမ်း ဝမ်းနည်းနေစရာ မလိုဘူး။ ဗိုလ်ချုပ်ချမှတ် ထားတဲ့ မဏ္ဍိုင်(၅)ရပ်ကို အမြဲတမ်းစိုက်ထူပြီး ဆောင်ရွက်ဖို့ မှာတယ်'' ဟု ၎င်းက ဆက်လက်ပြော သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ကြီးများ ကျဆုံးခဲ့သည်မှာ ယခု ၂ဝ၁၅ ခုနှစ်ဆိုလျှင် (၆၈)နှစ်မြောက် တိုင်ခဲ့ချေပြီ။ သို့တစေ အာဇာနည်မျိုး သေရိုးမရှိဆိုသည့်နှယ် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ကြီးများ၏ ဂုဏ်သတင်းမှာ ယခုတိုင် မြန်မာ့မြေပေါ်တွင် မွှေးပျံ့သင်းကြိုင်ပျံ့လွင်နေဆဲ။

နိုင်ငံချစ်စိတ် မျိုးချစ်စိတ်တည်းဟူသည့် အာဇာနည် တို့၏ ဝိညာဉ်တို့ကလည်း မြန်မာလူငယ်တို့၏ နှလုံးသား ဝယ် လက်ဆင့်ကမ်း သက်ဝင်ရှင်သန်နေဆဲ။ သို့ဖြင့် သားစဉ်မြေးဆက် ပြောထုံးဖြစ်အောင် မြန်မာတစ်မျိုး သားလုံးက အာဇာနည်နေ့ရယ်ကိုဖြင့် ကမ္ဘာတည်သရွေ့ ဆက်လက်ကျင်းပနေဦးမည် ဖြစ်ပေသည်။ ။

တွေ့ဆုံမေးမြန်း- ခင်မောင်ထွေး၊ ၀င်းဝင်းမော်

No comments:

Post a Comment