Monday, July 13, 2015

ကြက်ပျံမကျ တိုးမပေါက်အောင် စည်ကားသိုက်မြိုက်ခဲ့သည့် မှော်ဝန်းတံတားဖွင့်ပွဲကြားက ၀မ်းသာပီတိ စကားသံများ


တွေ့ဆုံမေးမြန်း-၀င်းဝင်းမော်၊ နေလင်း
ဓာတ်ပုံ-ဇော်မင်းလတ်၊ ရဲထွဋ်

ကြက်ပျံမကျ စည်ကားသိုက်မြိုက်သည့် မြင်ကွင်းမျိုးကို မြင်တွေ့နိုင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ ထိုသို့ ကြက်ပျံမကျ စည်ကားသည့် မြင်ကွင်းကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင်ကျင်းပသည့် ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ မှော်ဝန်းတံတားဖွင့်ပွဲအခမ်းအနားတွင် အံ့သြဘနန်း မြင်တွေ့လိုက်ရသည်။


မှော်ဝန်းတံတား ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီးသည်နှင့် ကျောက်တန်းမြို့၏ ဟိုဘက်ကမ်းတောင်ဘက်ခြမ်း ကျေးရွာများနှင့် သည်ဘက်ကမ်းမြောက်ဘက်ခြမ်းကျေးရွာများရှိ သောင်းနှင့်ချီသော ဒေသခံပြည်သူများသည် တံတားကြီးပေါ်တွင် တိုး၍မပေါက်အောင် ပိတ်ဆို့သွားသည်။

ဤမှော်ဝန်းတံတား ဖွင့်လှစ် နိုင်ခြင်းသည် ရန်ကုန်တောင်ပိုင်း ခရိုင် ကျောက်တန်းမြို့နယ်နှင့် ဆက်စပ်ကျေးရွာအုပ်စုများအတွက် ကြီးမားကျယ်ပြန့်သော ဖွံ့ဖြိုး တိုးတက်မှု၏ ကနဦးအစသာ ဖြစ်ပေလိမ့်မည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏ဒေသခံပြည်သူများအား နှုတ်ခွန်း ဆက်အမှာစကားတွင် ဤဒေသ၏ ကြီးမားသော အခွင့်အလမ်းနှင့် အနာဂတ်မျှော်မှန်းချက်များကို ထည့်သွင်း ပြောကြားခဲ့ပေသည်။ သို့ဖြင့် မှော်ဝန်းတံတားဖွင့်ပွဲအခမ်း အနားတွင် ဒေသခံပြည်သူများ ၏ ဝမ်းသာပီတိစကားသံများကို ကောက်နုတ် စုစည်းတင်ပြလိုက် ပါသည်။

ဦးမြင့်စိုး (ချောင်းဝကျေးရွာ-အုပ်ချုပ်ရေးမှူး)
ကျွန်တော်က လယ်ယာ လုပ်ငန်းလုပ်ကိုင်ပါတယ်။ အခု ဒီတံတားကြီး ဆောက်လုပ်ပြီးချိန် က စပြီးတော့ ကျေးရွာလူတွေက ရန်ကုန်ကို ကားနဲ့သွား ဈေးဝယ် လို့ရပြီ။ အရင်တုန်းကတော့ စက်လှေတွေ အသုံးပြုပြီး သွားလာ ရတယ်။ ရေလမ်းဆိုတော့ အခက် အခဲတော့ ရှိပါတယ်။ ကိုယ်သွားချင် တိုင်းသွားလို့မရဘူး။ အခုဆိုရင် ကားလမ်းတွေ ဖောက်တဲ့အခါ ချောင်းဝကနေ ကျောက်တန်းကို ဆိုင်ကယ်နဲ့သွားသွား၊ ကားနဲ့သွား သွား သွားလို့ရတယ်။ ဒီတံတားကြီး ဆောက်လုပ်တဲ့အတွက် ရန်ကုန် အရောက် တိုက်ရိုက်သွားနိုင် ပြီး ကျေးရွာပြည်သူတွေအတွက် အလွန်ပဲ အကျိုးကျေးဇူးရှိပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေ သွားလာနိုင်ပါပြီ။ အရင်ကဆို သီးနှံ၊ ဆန်စပါးတွေကို ပို့မယ်ဆိုရင် ကျောက်တန်းကို စက်လှေနဲ့ အရင် ပို့ရတယ်။ ကျောက်တန်းကနေ တစ်ဆင့် သန်လျင်နဲ့ ရန်ကုန်ကို တစ်ဆင့်ထပ်ပို့ရတယ်။ အခု ကတော့ ကားနဲ့ သန်လျင်ပို့မလား၊ ရန်ကုန်ပို့မလား ကြိုက်တာပို့လို့ ရနေပါပြီ။ ချောင်းဝက တံတားကြီး နဲ့ ၂၅ မိုင်လောက် ဝေးပါတယ်။ အရင်က ဒီဘက်ကို လာချင်ရင် သုံးခွဘက်ကပတ်ပြီး လာရတယ်။ ရန်ကုန်တို့၊ သန်လျင်တို့ကို ဘုရား ကုန်းလမ်းဆုံကနေခွဲပြီး သွားရတယ်။ အခု ဒီတံတားဖွင့်တာကြောင့် လွယ်လင့်တကူသွားလာလို့ရပြီ။

ဦးအောင်ကျော်ခင် (ကျောက်တန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
အရင်တုန်းက ဒီကျောက်တန်း ဒေသဟာ ချောင်းမြောင်းတွေလည်း ပေါတယ်။ နောက်ပြီး မိုးလည်းများ တယ်။ သွားလာရခက်ခဲတဲ့ ဒေသဖြစ် ပါတယ်။ အခုတော့ တံတားကြီးထိုး လိုက်တော့ ဒေသခံတွေက အတိုင်း မသိ ဝမ်းသာရတာပေါ့။ အိပ်မက် တွေ အကောင်အထည်ဖော်နိုင်တဲ့ အိပ်မက်တံတားလို့တောင် ပြောလို့ ရပါတယ်။ ယခင်ကတော့ ရေလမ်းပဲ အသုံးပြုသွားနေရတာ။ ရေလမ်းဆို တာက မှော်ဝန်းချောင်းကို အဓိက ထားတယ်။ ခရီးစဉ်တစ်ခုကို သွားရင် တစ်နာရီ၊ နှစ်နာရီလောက် အချိန်ယူ ရတယ်။ တံတားမြို့နယ်နဲ့ သူနဲ့အကျုံး ဝင်တဲ့ ကျေးရွာတွေ ကျောက်တန်း၊ ရန်ကုန်၊ သန်လျင်သွားမယ်ဆိုရင် ရေလမ်းမှာ ရေတက် ရေကျစောင့်ပြီး မှ သွားရတယ်။

အခုဆိုရင်တော့ တံတားမြို့နယ် သွားမယ်ဆိုရင် နာရီဝက်၊ ၄၅ မိနစ် လောက်ဆိုရောက်ပြီ။ နောက်ဒေသ ကထွက်တဲ့ ကောက်ပဲသီးနှံဆန်စပါး တွေ ပို့ဆောင်တဲ့အခါ ဒီတံတားကြီး ကို အသုံးပြုပြီး အချိန်တိုတိုနဲ့သွားလာ နိုင်ပြီ။ ပညာရေးနဲ့ပတ်သက်လာရင် လည်း ကျောင်းသား ကျောင်းသူတွေ နည်းပညာတက္ကသိုလ်၊ အရှေ့ပိုင်း တက္ကသိုလ်၊ သမဝါယမတက္ကသိုလ် တွေကို အချိန်တိုအတွင်း သွားလာ တက်ရောက်နိုင်ပြီဖြစ်တယ်။ ဒေသ အတွက် အများကြီးအကျိုးရှိတယ်။ ဖွံ့ဖြိုးမှုအတွက်လည်း အလွန်ပဲ အထောက်အကူပြုပါတယ်။ 

အရင်ကဆို တံတားမြို့နယ်အပါ အဝင် အကျုံးဝင်ကျေးရွာတွေက သုံးခွကနေ ရန်ကုန်-သန်လျင်ကို မိုင် ၃ဝ ခရီးသွားရတယ်။ နှစ်နာရီ၊ သုံးနာရီသွားရတယ်။ အခုဆို သုံးခွ ဘက် ပတ်နေစရာ မလိုတော့ဘူး။ ဒီတံတားပေါ်ကနေ ကျောက်တန်း၊ သန်လျင်ကိုသွားလို့ရပြီ ဖြစ်တယ်။ ဒါကြောင့် ပြောချင်တာက နိုင်ငံတော် ကို အများကြီး ကျေးဇူးတင်ပါတယ်။ အစိုးရသစ်လက်ထက်မှာ ဒေသဖွံ့ဖြိုး အောင် ဖော်ဆောင်ပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ ယခင်ကလည်း ဒီမှာ ဒီတံတားနေရာ မှာ လမ်းအူကြောင်းရှိထားတယ်။ အခု အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်ရဲ့ ငွေကြေးတွေ အကုန် အကျခံပြီး ဆောက်လုပ်ပေးခဲ့တဲ့ အတွက် ဒေသခံပြည်သူတွေကိုယ်စား နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်။

ဆရာမဒေါ်ဌေးရီ အလယ်တန်း ကျောင်းအုပ်(ကျောက်တန်း)
တံတားလည်းထိုး၊ လမ်းလည်း ကောင်းသွားတော့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်ထမ်းတွေ အတွက် သွားရေးလာရေး အဆင်ပြေ သွားတယ်။ အချိန်မီ အစည်းအဝေး တွေ တက်နိုင်တယ်။ သတင်းပို့လိုက် တာနဲ့ ချက်ချင်းသွားနိုင်လာနိုင်တယ်။ အရင်တုန်းက ဒီဘက်က သွားရေး လာရေးအဆင်မပြေဘူး။ ဒီဘက်က နေ ကျောက်တန်းသွားမယ်ဆို စက်လှေ နဲ့သွားရတယ်။ ပညာသင်ကြားနေတဲ့ ကလေးတွေအတွက်လည်း သွားရေး လာရေး အလွန်ခက်ခဲတယ်။ အခုလို အချိန်တိုအတွင်းမှာ လမ်းတွေ ကောင်းပြီး တံတားကြီးဆောက်ပေး လိုက်တော့ အားလုံးအတွက် သွားရေး လာရေးအဆင်ပြေသွားတာပေါ့။

ဦးကြည်ဝင်း (လယ်သမား-ပုတ္တလုပ်ကျေးရွာ)
အရင်ကဒီကနေ ကျောက်တန်း ကို သွားမယ်ဆို ရေလမ်းခရီး က ခြောက်နာရီလောက်ကြာအောင် မော်တော်စီးသွားရတယ်။ မိုးရာသီ ဆိုရင် မော်တော်နဲ့ သွားရတော့ မိုးကရွာ လေကထန်တော့ အသက် အန္တရာယ်တောင် စိုးရိမ်ရတယ်။
စပါးတွေကိုလည်း မော်တော်နဲ့ ကျောက်တန်းကိုပို့၊ ကျောက်တန်း ကနေ ရန်ကုန်ကိုပို့ အဆင့်ဆင့် ဖြစ်ပြီးတော့ အချိန်လည်းကုန်၊ လူလည်း ပန်းပါတယ်။ အခုလမ်း ကလည်း ကောင်းသွားပြီ၊ တံတား ကလည်း ထိုးပြီးသွားပြီဆိုတော့ ကျောက်တန်းတို့ ရန်ကုန်တို့ကို ကားနဲ့အချိန်တိုအတွင်း တိုက်ရိုက် သွားလို့ရသွားပြီ။ လယ်သမားတွေ စပါးဈေးကွက်ကအစ ဈေးကွက် အခြေအနေကို ချက်ချင်းသိနိုင်ပြီ။

ကိုသန်းဌေး (မင်္ဂလွန်းရွာ)

ရန်ကုန်ကို သွားရင် သုံးခွဘက် ကနေ သွားရင်သွား၊ မသွားရင် ဒီကနေ စက်လှေစီးပြီး ကျောက် တန်းကိုသွား၊ ကျောက်တန်းကနေ တစ်ဆင့် ရန်ကုန်သွားရတယ်။ အခုတံတားဆောက်လုပ် ဖွင့်လှစ် ပေးတော့ ဖြတ်လမ်းသဘောမျိုး ဖြစ်သွားပြီး ခရီးက တအားနီးသွား တယ်။ နေ့ည အချိန်မရွေးသွားလို့ ရသွားတယ်။ ဒီဘက်မှာက မိုးစပါး စိုက်တယ်၊ နွေကျမှ ပဲစိုက်တယ်။ ကုန်စည် ပို့ဆောင်ရေးက ရေလမ်း ကိုပဲ အားကိုးရတာ။ ရေလမ်းက တစ်ဆင့် မော်တော်နဲ့သယ်ရတာ။ ရန်ကုန်ကို တိုက်ရိုက်ပို့ဖို့ခက်ခဲ တယ်။ အခုကျကားနဲ့ တစ်ခါတည်း ပို့လို့ရသွားပြီ။

No comments:

Post a Comment