ကေကေ(မဟာဝိဇ္ဇာ)
(ယမန်နေ့မှအဆက်)
ထောင်ကျခြင်း၊ ရဟန်းဝတ်သွားခြင်း၊ နိုင်ငံခြား သားအဖြစ် ခံယူသွားခြင်း၊ မဲစာရင်းထပ်နေခြင်း၊
နေရပ်ပြောင်းရွှေ့သွားခြင်း၊ ယာယီသက်သေခံ လက်မှတ်ကိုင်သူဖြစ်ခြင်း၊ စိတ်ပေါ့သွပ်သူဖြစ်ခြင်း၊
ကွယ်လွန်သွားခြင်းတို့ကြောင့် ကန့်ကွက်ကြောင်း တွေ့ရှိရသည်။ ကွယ်လွန်သူကို ကန့်ကွက်ခြင်းမှာ
အများစုဖြစ်သည်။ အိမ်ထောင်စုစာရင်းတွင် ကွယ်လွန်သူကို တရားဝင်ဖျက်မထားလျှင် အခြေခံ
မဲဆန္ဒရှင်စာရင်းတွင် ပါဝင်မည်ကို လက်ခံဖို့လို သည်။ သဘောပြောရလျှင် မဲစာရင်းအကြိမ်တစ်ရာ
ပြုစုလည်း ကွယ်လွန်သူသည် အကြိမ်တစ်ရာပါနေမည် ဖြစ်သည်။ အဓိကကျသောအချက်မှာ မဲဆန္ဒရှင်
မိသားစုက ကွယ်လွန်သူကို မဲစာရင်းမှ တရားဝင်ဖျက် ထားရန် လိုအပ်သည်ဆိုသော အချက်ဖြစ်သည်။
ဤသို့တရားဝင် ဖျက်မထားသော အကြောင်း အရင်းများအနက် စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းပြချက်တစ်ခုမှာ
¤င်းတို့၏ မိသားစုဝင် ကွယ်လွန်သူကို အိမ်ထောင်စုစာရင်းမှ ထုတ်မပစ်ရက် ခြင်း၊ လူမရှိတော့သော်လည်း
နာမည်ကိုဆက်လက် ရှိနေစေလိုခြင်းဖြစ်ပါ၏။ ကွယ်လွန်သူ၏ ဓာတ်ပုံ ထောင်ထားပြီး အမွှေးနံ့သာထွန်းညှိပေးသော
လူမျိုး ခြားဓလေ့တစ်ခု၏ အငွေ့အသက်သည် အိမ်ထောင်စု ဇယားအထိ ကူးစက်လာသည်ဟု ယူဆရပေသည်။
မည်သို့ဖြစ်စေ... ကွယ်လွန်သူကို အိမ်ထောင်စု စာရင်းမှ မဖျက်သော်လည်း (ဤအထောက်အထား မရရှိသော်လည်း) ကာယကံရှင်မိသားစုဝင်တစ်ယောက် က ပုံစံ ၄ ဖြည့်ပြီး ဝန်ခံလက်မှတ်ရေးထိုးလျှင် မဲဆန္ဒ ရှင်စာရင်းမှ အလွယ်တကူဖျက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖြေလျှော့ပေးထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။

ဤအမှား၏ ဇာစ်မြစ်သည် ကာယကံရှင်မဲဆန္ဒရှင် နှင့် သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဦးစီးဌာနတို့ကြားတွင် လုပ်ဆောင်ရ မည့်အလုပ်ကို လုပ်မထားသော ပျက်ကွက်မှုဖြစ်သော်
လည်း အခြေခံမဲဆန္ဒရှင် စာရင်းပြုစုရသော ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ဗဟိုကော်မရှင်
ဖြစ်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အထိ တက်၍ ဝေဖန်အပြစ်တင်သည်မှာ ဓမ္မဓိဋ္ဌာန်မကျဘဲ
ပုဂ္ဂလဓိဋ္ဌာန်ကျနေပြီလားဟု သံသယဖြစ်ဖွယ် ကောင်းသည်။
မဲဆန္ဒရှင်စာရင်းတစ်ခုတွင် အမည်မပါခြင်း၊ အချက်အလက်မှားခြင်း၊ မပါသင့်သူ ပါခြင်းဟူသော
အမှားသုံးမျိုးသာရှိနိုင်ပေသည်။ အမည်မပါခြင်းမှာ မဲဆန္ဒရှင်၏ အခွင့်အရေးဆုံးရှုံးခြင်းဖြစ်၍
အရေး ကြီးသည်။ ဦးစားပေးပြုပြင်ရမည့် အမှားဖြစ်သည်။ သို့ရာတွင် ပုံစံ -၃တိုင်းကို မျက်စိမှိတ်လက်ခံရန်
မဆိုလိုပေ။ ဥပဒေပုဒ်မ ၆၊ ပုဒ်မ ၇ မဲဆန္ဒရှင် စာရင်းပြုစုခြင်းနှင့် အချက်အလက်ထည့်သွင်းခြင်း
လက်စွဲစာစောင်တို့နှင့် ညီမညီစိစစ်ရန် လိုအပ်သည်။ ညီညွတ်မှလက်ခံထည့်ပေးပြီး မညီညွတ်က
ငြင်းပယ် ရပေမည်။
အချက်အလက်မှားခြင်းမှာ မဲပေးခြင်းကိုမထိခိုက် သည့်အပြင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု
ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူးတို့ကိုပင်
ပြင်ဆင်ခွင့်ပေးထားသော ကြောင့် အမှားငယ်ဟု ဆိုအပ်သည်။ မပါသင့်သူ ပါနေခြင်းမှာလည်း အထိုက်အလျောက်
အရေးကြီး သည်။ ကွယ်လွန်သူက မဲလာမပေးနိုင်သော်ငြား မဲပေးခွင့် မရှိသော အသက်ရှင်နေသူက
မဲလာပေးလျှင် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ဥပဒေပုဒ်မ ၇ ကို မလိုက်နာသော
စေတနာအမှားဖြစ်သွားသကဲ့သို့ ပါတီ အဖွဲ့အစည်းအချို့အနေဖြင့် နစ်နာစရာဖြစ်သွားနိုင်ပေ
သည်။
သို့ဖြစ်၍ ဤအဖြစ်မျိုးမရောက်ရလေအောင် အခြေခံ မဲဆန္ဒရှင်စာရင်းကို ပြသကြေညာခြင်း၊
အမည်မပါလျှင် ပုံစံ - ၃ဖြင့် တောင်းဆိုစေခြင်း၊ အချက်အလက်မှားယွင်း နေလျှင် ပုံစံ ၄(ဂ)ဖြင့်
ပြင်ပေးရန် တောင်းဆိုစေခြင်း၊ မပါသင့်သူပါနေလျှင် ပုံစံ - ၄ဖြင့် ကန့်ကွက်စေခြင်း ဖြစ်သည်။
ဤနေရာတွင် မီဒီယာသမားတစ်ယောက်၏စကားကို သတိရမိသည်။ ကော်မရှင်က မဲစာရင်းပြုစုရမယ့်သူ
တာဝန်ရှိတာကို ပြည်သူတွေကို ပုံစံဖြည့်ခိုင်းပြီး ပြန်ခိုင်းနေတယ်ဟု အရပ်ထဲမှာ ပြောဆိုနေကြောင်း
ဖြစ်သည်။
ကော်မရှင်၏ မဲဆန္ဒရှင်စာရင်းပြုစုရေးတာဝန် ဆိုသည်မှာ (၁) ပုံစံ ၆၆/၆ကို အခြေခံ၍
မဲဆန္ဒရှင် စာရင်းပြုစုလိုက်ခြင်း၊ (၂) ယင်းမဲဆန္ဒရှင်စာရင်းကို သတ်မှတ်ရက်အတိုင်း ပြသကြေညာ၍
ပုံစံသုံးမျိုး တောင်းခံလွှာ၊ ကန့်ကွက်လွှာများ စုဆောင်းရယူခြင်း၊ (၃)ယင်းပုံစံများကို
စိစစ်လက်ခံခြင်းနှင့် ပြင်ဆင်ခြင်း၊ (၄)ပြင်ဆင်ပြီး မဲဆန္ဒရှင်စာရင်း ထွက်လာခြင်း---
ဟူသည့် အစိတ်အပိုင်းအားလုံး အကျုံးဝင်သည်။ မဲဆန္ဒရှင်တို့ပုံစံဖြည့်ခြင်းသည် ကော်မရှင်အဖွဲ့ခွဲက
မဲဆန္ဒရှင်စာရင်းပြုစုခြင်း၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။
လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပုဒ်မ ၉ တွင် ''---မဲစာရင်းများကို ကြေညာပြီးနောက်
ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများသည် သက်ဆိုင်ရာမဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်း ရှိ မရှိကို
လာရောက်ကြည့်ရှုရန် တာဝန်ရှိ သည်။ မိမိအမည်ပါဝင်ခြင်း မရှိသေးပါက မဲစာရင်း တွင် ထည့်သွင်းပေးရန်
တောင်းဆိုလွှာ ပုံစံ -၃ဖြင့် သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့
တင်သွင်းနိုင်သည်---''ဟု ပြဋ္ဌာန်း ထားသည်။ ထို့ကြောင့် ပြည်သူကို ပြင်ခိုင်းခြင်းမဟုတ်
ဘဲ တာဝန်အရ ပူးပေါင်းဆောင်ရွက်ရန် ကြေညာ ခြင်းမျှသာ ဖြစ်ပေသည်။
အထက်ပါမဲဆန္ဒရှင် စာရင်းပြုစုခြင်းတာဝန်၏ အစိတ်အပိုင်းများအနက် နောက်ဆုံးအစိတ်အပိုင်းဖြစ် သော ပြင်ဆင်ပြီး မဲဆန္ဒရှင်စာရင်း ထွက်လာခြင်းမှာ၊ ရွေးကောက်ပွဲကော်မရှင်က ရယူလိုသော ရလဒ်ဖြစ် သည်။ ပြုစုပြီးသော မဲဆန္ဒရှင်စာရင်းသည် ဆေးမစားမီ ပုံဖြစ်၍ ပြင်ဆင်ပြီးသော မဲဆန္ဒရှင်စာရင်းမှာ ဆေးစား ပြီးပုံဖြစ်သဖြင့် အထိုက်အလျောက် ပြည့်စုံမှန်ကန်လာ သော မဲဆန္ဒရှင်စာရင်းဟု ဆိုနိုင်သည်။

ဤမဲဆန္ဒရှင်စာရင်းဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် အပြီးသတ်မဲဆန္ဒရှင်စာရင်းကို အချောကိုင်ရန်
ရည်ရွယ် သော်လည်း ပါတီအဖွဲ့အစည်းတို့၏ ထုတ်ပြန်ပြောဆို ချက်၊ မီဒီယာများ၏ ရေးသားဖော်ပြချက်၊
အမှားရာခိုင် နှုန်းကြောင့် ပုံစံလက်ခံရက်ကို ၁ဝ.၇.၂ဝ၁၅ ရက် နေ့အထိ အချိန်တိုးပေးခဲ့ရသဖြင့်
ယခုထက်တိုင် ပြင်ဆင် ပြီး မဲဆန္ဒရှင်စာရင်းချုပ်ကို မရနိုင်သေးပေ။ ရွေးကောက်ပွဲ ကော်မရှင်က
သူ့အချိန်ဇယား၊ သူ့ခြေလှမ်း၊ သူ့စီမံချက် အတိုင်းသွားနေသည်ကို အပြုသဘောထက် အဖျက် သဘော(မရည်ရွယ်ဘဲ)
သက်ရောက်သွားလေသလား ဟု အတွေးလွန်မိသည်။
မိမိညွှန်ပြလိုသောအချက်မှာ ရွေးကောက်ပွဲရက် ကြေညာပြီးဖြစ်သဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
အဆင့်ဆင့်တို့သည် ရွေးကောက်ပွဲလုပ်ငန်းစဉ် (Ele-ctoral Process) ကို အချိန်ဘောင်
(Time Frame) ရေးဆွဲကာ စနစ်တကျ ဆောင်ရွက်ရတော့မည့် အချိန်အခါတိုင်ပြီဟူသော အချက်ဖြစ်သည်။
နည်းဥပဒေ ၁၁ (ဃ)တွင် ''သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသည် နည်းဥပဒေခွဲ (က)တွင် သတ်မှတ်ထားသည့် ကာလ အပိုင်းအခြား (မှတ်ချက်။ ၁၄ ရက် ဖြစ်ပါသည်။)ထက်ကျော်လွန်သော တောင်းဆိုလွှာ (သို့မဟုတ်)ပြင်ဆင်လွှာ (သို့မဟုတ်)ကန့်ကွက်လွှာကို လက်ခံခြင်း မပြုရ''ဟု ပြဋ္ဌာန်းထားသည်နှင့်အညီ ပုံစံလက်ခံခြင်း ကို ဖြတ်တန်းကဖြတ်၊ ရပ်တန်းက ရပ်ချိန်တန်ပါပြီ ဟူသော အချက်ဖြစ်သည်။

မဲဆန္ဒရှင်များအနေဖြင့် အပြီးသတ်မဲစာရင်းကို ပြသကြေညာချိန်တွင် ပုံစံတင်သွင်းသော
အခွင့်အရေး ကို ထပ်မံရရှိဦးမှာဖြစ်သကဲ့သို့ ပြုစုဆဲ အခြေခံ မဲဆန္ဒရှင်စာရင်းကို သဲကြီးမဲကြီးလိုက်ခဲ့သော
ပါတီ များအနေဖြင့် ¤င်းတို့ပါတီ၏ ကိုယ်စားလှယ်လောင်း များအတွက် အပြီးသတ်မဲဆန္ဒရှင်စာရင်းတစ်စုံကို
ဥပဒေအရ အခမဲ့ကူးယူနိုင်သော အခွင့်အရေးလည်း ရရှိမည်ဖြစ်သည်။
မိမိတို့သည် ရွေးကောက်ပွဲရက်သိရှိပြီး ဖြစ်ကြ သောကြောင့် ရွေးကောက်ပွဲကာလအတွင်း
လုပ်ဆောင် ရမည့် လုပ်ငန်းများအပေါ်တွင် အာရုံစူးစိုက်ထားရ တော့မည်ဖြစ်သည်။ လူတိုင်းအဖွဲ့အစည်းတိုင်း
ရရှိ မည့် အခွင့်အရေးများရှိသလို ထိုအခွင့်အရေးရရှိရန် လုပ်ဆောင်ရမည့် တာဝန်များရှိသည်ကိုလည်း
သတိ ချပ်ရပါမည်။
ရွေးကောက်ပွဲဝန်ဆောင်မှု (Electoral Service) ပေးသော ကော်မရှင်အဖွဲ့ခွဲတို့သည် အပြီးသတ် မဲဆန္ဒရှင်စာရင်းကို အခြေခံမဲဆန္ဒရှင်စာရင်းအား အခြေပြုလျက် အတတ်နိုင်ဆုံးပြည့်စုံမှန်ကန်အောင် ပြုစုရန်နှင့် လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုကိစ္စ ဖြည့်ဆည်းပေးရန်မှာ ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်သည်။ အပြီးသတ်မဲဆန္ဒရှင်စာရင်း ပြသ ကြေညာထားချိန်တွင် ကြည့်ရှုဖြစ်အောင် ကြည့်ရှု၍ လိုအပ်သောပုံစံများ တင်သွင်းရန်မှာ မဲဆန္ဒရှင်တို့၏ တာဝန်ဖြစ်သည်။

မိမိတို့စည်းရုံးထားသော မဲဆန္ဒရှင်များ၏အမည် မဲစာရင်းတွင်ပါဝင်မှ မိမိတို့မဲရမည်ဖြစ်၍
မိမိတို့ စည်းရုံးထားသူများ မဲဆန္ဒရှင်စာရင်းကို သွားကြည့် ရန်နှင့် လိုအပ်သော တောင်းဆိုလွှာ၊
ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများ အချိန်မီတင်သွင်းစေရန်၊ စည်းရုံး ကြရန်မှာ နိုင်ငံရေးပါတီတို့၏
တာဝန်ဖြစ်သည်။ ဤသို့ လျှင် သုံးဦးသုံးဖလှယ် တာဝန်ကျေပွန်ကြခြင်းဖြင့် ၂ဝ၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက်
ပြည့်စုံမှန်ကန်သော အပြီးသတ်မဲဆန္ဒရှင်စာရင်း ရရှိအောင် ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းလိုက်ရပါ
သည်။ ။

No comments:
Post a Comment