Wednesday, July 22, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လာအိုပြည်သူ့ ဒီမိုကရက် တစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ ကုန် သွယ်မှုနှင့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေး ချမ်းရေး၊ ပြည်သူအချင်းချင်းဆက်ဆံမှု မြှင့်တင်ရေး၊ စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံများ၊ ဧရာဝတီ-ကျောက်ဖယား-မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများ ၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ သည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ဦးဝဏ္ဏမောင်လွင်၊ ဦးဇေယျာအောင်၊ ဦးမောင်မြင့်၊ ဒေါက်တာ      မြင့်အောင်၊ ဦးကျော်လွင်၊ ဦးရဲထွဋ်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး ဧည့်သည်တော် လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီးလည်း တက်ရောက် သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် လာအို ပြည်သူ့ ဒီမိုကရက် တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာကျူမာလီဆိုင်ညဆွန်တို့သည် နှစ်နိုင်ငံ သံတမန် အဆက် အသွယ် ထူထောင်မှု နှစ်(၆၀)ပြည့်မြောက် အခါသမယဖြစ်သည့် ၂၀၁၅ ခုနှစ် မေလ ၉ ရက်တွင် နှစ်နိုင်ငံ ပူးပေါင်း တည် ဆောက်ခဲ့သော မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို ဖွင့်လှစ်၍ သမိုင်းမှတ်တိုင် စိုက်ထူ ခဲ့ကြသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ်သည် ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံသို့ ၂၀၀၁ ခုနှစ် သြဂုတ် လအတွင်း လာရောက်ခဲ့သည့် နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်၊ ၂၀၀၃ ခုနှစ် နိုဝင်ဘာလ အတွင်း ပုဂံမြို့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အက်မက်စ် ထိပ်သီးအစည်းအဝေး နှင့် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ဗုဒ္ဓဘာသာ ထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့ပြီးနောက် ယခုခရီးစဉ်သည် ဒုတိယသမ္မတ တာဝန် ယူပြီး နောက် ပထမဦးဆုံးခရီးစဉ်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment