ရန်ကုန် ဇူလိုင် ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်
နိုင်ငံရေးပါတီများအကြား ပူးပေါင်းညှိနှိုင်းမှု ဆိုင်ရာ အစည်းအဝေးကို ရန်ကုန်မြို့ရှိ Park Royal
ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲအရာရှိ၊
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများမှ
တာဝန်ရှိသူ(၈၂)ဦး တက်ရောက်ခဲ့ ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက
အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေး သည် ကော်မရှင်နှင့်နိုင်ငံရေးပါတီများအကြား
ပူးပေါင်းညှိနှိုင်းမှုဆိုင်ရာ အစည်းအဝေး ဖြစ်ကြောင်း၊ ယခင်ညှိနှိုင်းအစည်းအဝေးများတွင်
ရွေးကောက်ပွဲအတွက် ရလဒ်ကောင်းများရရှိခဲ့ပြီး ယခုလည်း ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများရရှိမည်ဟု
မျှော်လင့်ပါကြောင်း။
ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကိုလည်းကောင်း၊
လွှတ်တော် အသီးသီး အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊
ရုပ်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် နေ့ရက်များကိုလည်းကောင်း
သတ်မှတ်ကြေညာပြီးဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းစိစစ်ပြီးက အတည်ပြု
ကြေညာမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးနိုင်မည်ဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးခြင်းကို ရက်ပေါင်း (၆၀) ခွင့်ပြုပေးမည်
ဖြစ်ပြီး မဲဆွယ်စည်းရုံးရာတွင် နိုင်ငံရေးပါတီများကျင့်ဝတ်နှင့်အညီ
လေးစားလိုက်နာ ဆောင်ရွက် ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲကာလ တည်ငြိမ်အေးချမ်းရေးသည်
အဓိကကျပြီး မိမိတို့ပါတီအား ထောက်ခံအားပေးကြသည့်ပြည်သူလူထုကို ပဋိပက္ခမဖြစ်အောင် ထိန်းသိမ်း
ဆော်သြကြရန် လိုကြောင်း၊ ရွေးကောက်ပွဲ ဥပဒေအခန်း
(၁၃) နှင့် အခန်း (၁၄) ပါ ပြစ်မှုများနှင့် အငြင်းပွားမှုများမဖြစ်စေရန် အလေးထားဆောင်ရွက်စေလိုကြောင်း။
ကော်မရှင်အနေဖြင့် မဲစာရင်းမှန်ကန်ရေး
ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် မဲစာရင်းကြေညာသည့်အခါ ယခင် (၇)
ရက်အစား (၁၄) ရက်ကပ်ထား ကြေညာရန် နည်းဥပဒေတွင် ပြင်ဆင်ထားကြောင်း၊ မဲစာရင်းတွင်အမည်ပါမှသာ
ဆန္ဒမဲပေးနိုင် မည်ဖြစ်၍ အရေးကြီးကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်
အရွေးခံကြမည့် သူများလည်း မဲစာရင်းတွင်ပါမှသာ ရွေးကောက်ခံပိုင်ခွင့်ရှိကြောင်း၊ မဲစာရင်းမှားယွင်းမှု
ရှိသော်လည်း မဲပေးပိုင့်ခွင့်ဆုံးရှုံးမည် မဟုတ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူ အမှန်ဖြစ်ကြောင်း
တာဝန်ခံပြောကြားသူရှိလျှင် ပြင်ဆင် ရေးမှတ်၍ မဲပေးခွင့်ပြုမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်
ပြည်သူများသိရှိအောင် နိုင်ငံရေးပါတီများအနေဖြင့် အသိပညာပေးဆောင်ရွက် ကြစေလိုကြောင်း၊
အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကာလ တည်ငြိမ် အေးချမ်းရေးအတွက်
နိုင်ငံရေး ပါတီများအနေဖြင့် ပူးပေါင်းဆောင်ရွက် ကြရန် တိုက်တွန်း ပြောကြားသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က အခြေခံမဲစာရင်းကြေငြာသည့် လုပ်ငန်းစဉ်မှ ရရှိသည့်
သင်ခန်းစာများနှင့် တစ်နိုင်ငံလုံး မဲစာရင်းကြေငြာမည့်လုပ်ငန်းစဉ်အား ရှင်းလင်း ပြောကြားပြီး
တက်ရောက်လာသူများမှ မေးမြန်းမှုများကို ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက်ကျင့်ဝတ်ကို
လက်မှတ် ရေးထိုးရန်ကျန်ရှိသော နိုင်ငံရေးပါတီများအနက် (၁၃) ပါတီမှ လက်မှတ်ရေးထိုးကြ
သည်။ ယခင် (၆၉)ပါတီ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်၍ စုစုပေါင်း(၈၂) ပါတီရှိပြီဖြစ်ပါသည်။
ကျန်ရှိသောပါတီများအနေဖြင့် နောင်ဆွေးနွေးပွဲများတွင် လက်မှတ် ရေးထိုးနိုင်ရေး ဆောင်ရွက်
သွားမည် ဖြစ်ကြောင်းသိရသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင်ဥက္ကဋ္ဌက
ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး ကော်မတီအဆင့်ဆင့်၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်
ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း၊
မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ညွှန်ကြားချက်၊ မဲဆွယ်စည်းရုံးရေးရန်ပုံငွေ ထုတ်ဖော်ကြေညာခြင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ်များ
ဆိုင်ရာတို့နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး မေးမြန်းချက်များအပေါ်
ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် ပြောကြားကာ အခမ်းအနားကို
ရုတ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment