Friday, July 17, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို




နေပြည်တော် ဇူလိုင် ၁၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ညနေ (၄)နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဆရာတော်ကြီးများအား လွိုင်ကော်မြို့၊ ရွှေတောင်ပရိယတ္တိ စာသင်တိုက် ဓမ္မဒါယဗိမာန်  ၌ ဖူးမြောက်ကြည်ညိုသည်။










ရှေးဦးစွာ နိုင်ငံတော်သမ္မတ အမှူးပြုသည့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရား ကန်တော့ကြပြီး ရွှေတောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက သက်တော်ရှည် ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ရွှေတောင်ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက သက်တော်ရှည် ဆရာတော်ကြီးထံမှ သြ၀ါဒကထာ နာယူကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ အမှူးပြုသည့် ဧည့်ပရိသတ်များက ရွှေတောင် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက သက်တော်ရှည် ဆရာတော်ကြီး အမှူးပြုသည့် သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် လွိုင်ကော်မြို့ လွိုင်ကော်ကက်သလစ်သာသနာ သို့ရောက်ရှိကြပြီး ဂိုဏ်းအုပ်ဆရာတော်ကြီး စတီးဗင်းတျေးဖဲနှင့် ရဟန်းတော်များ၊ သီလရှင်များနှင့် ဘာသာရေး ခေါင်းဆောင်များအား ရင်းနှီးစွာတွေ့ဆုံ သည်။
ထို့သို့တွေ့ဆုံစဉ် လက်ထောက် ကျောင်းထိုင် ဆရာတော် Fr. Celso Ba Shwe က ကျေးဇူးတော် ချီးမွမ်း ခြင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ထို့နောက် လွိုင်ကော်ကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော် စတီးဗင်း တျေးဖဲက ကြိုဆိုနှုတ်ဆက်စကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် လွိုင်ကော်ကက်သလစ်သာသနာ အတွက် ဆန်အိတ်(၁၅၀) နှင့် ဆီပုံးမျာ ပေးအပ်လှူဒါန်းရာ ဂိုဏ်းအုပ်ဆရာတော်က လက်ခံ ရယူသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဂိုဏ်းအုပ်ဆရာတော်တို့က အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ် ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဂိုဏ်းအုပ် ဆရာတော်နှင့် ရဟန်းတော်များ၊ သီလရှင်များနှင့် ဘာသာရေး ခေါင်းဆောင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး ခင်မင်ရင်းနှီးစွာ နှုတ်ဆက်သည်။
ဆက်လက်၍ လွိုင်ကော်ကက်သလစ် သာသနာ့ဗဟို ကျောင်းတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာ ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား ကယားပြည်နယ်ဝန်ကြီးချုပ် က လွိုင်ကော်မြို့တော်ခန်းမ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမှုနှင့်အတူ တိုင်းရင်းသား ရိုးရာအကများဖြင့် ကပြဖျော်ဖြေသည်။

No comments:

Post a Comment