Sunday, July 5, 2015

ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် ပညာရည်ပြည့်ဝသူများနှင့် ထူထောင်ကြရမည်ဖြစ်


နေပြည်တော် ဇူလိုင် ၎
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန် စွာအောင်မြင်ခဲ့ကြသည့်ကျောင်းသား ကျောင်းသူများနှင့် အောင်ချက် အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားများကို ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်း မြို့နယ်တို့၌ ယနေ့နံနက် ပိုင်းနှင့် မွန်းလွဲပိုင်းတို့ကကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တက်ရောက်ပြီး ဆုများ ချီးမြှင့်သည်။

အခမ်းအနားများသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိ သူများတက်ရောက် ကြသည်။
အခမ်းအနားများတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က မိမိသည် ပျော်ဘွယ်နှင့် ရမည်းသင်းဒေသများ၌ ပညာရည်ထူးချွန် ဆုပေးအပ်ခြင်းနှင့် ကျောင်းအဆင့် မြှင့်တင်ခြင်းစသည့်ပညာရေးအားပေး မှုများကို ၂ဝဝ၉ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်မှာ ယနေ့ထိ ဖြစ်ပါကြောင်း၊ နယ်မြေတစ်ခုအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည် ဆောက်ရာတွင် ပညာရေး၊ ကျန်းမာ ရေးတို့ဖြင့်တည်ဆောက်မှသာ ရေရှည် ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဆင်းရဲ နွမ်းပါးပညာသင် ထောက်ပံ့ကြေး ဖောင်ဒေးရှင်းကိုတည်ထောင်ပြီး ပညာ သင်ဆုများကို လစဉ်ပေးအပ်လျက်ရှိ ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းများ သည် ပညာရေးရည်မှန်းချက် အောင် မြင်ရန်အတွက်ပင် ဖြစ်ပါကြောင်း။
ပညာသင်ကြားခြင်း၏ ရည်မှန်း ချက်တွင် အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ကိုင်နိုင်ရေး ပါဝင်ပါကြောင်း၊ ပညာရေးတွင် မိမိတို့သား သမီး၊ တပည့်များ၏ ကိုယ်ရည် ကိုယ်သွေးမြင့်မားရေးနှင့် မှန်ကန် သင့်လျော်သည့် လမ်းကြောင်းသို့ ရောက်ရှိရန် မိဘနှင့်ဆရာများက စောင့်ကြည့်တည့်မတ်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒုတိယတစ်ချက်မှာ လူငယ်လူရွယ်များသည် အသိပညာ နယ်ပယ်ကျယ်ဝန်းပြီး နိုင်ငံကြီး သားပီသကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံကြီးသားပီသရန် အတ္တနှင့်ပရ မျှတခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံ ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ စည်းကမ်း ရှိခြင်း၊ စိတ်ဓာတ်ကောင်းမွန်ခြင်း စသည်တို့ ပြည့်စုံကြရမည်ဖြစ်ပါ ကြောင်း၊ တစ်နည်းဆိုသော် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံကြရ မည်ဖြစ်ပါကြောင်း။
ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် ပညာရည်ပြည့်ဝသူများနှင့် ထူထောင်ကြရမည် ဖြစ်ပါကြောင်း၊ ရှေးဦးစွာ စာမတတ်သူ ပပျောက်ရေးကို ဆောင်ရွက်ခဲ့ကြရပါကြောင်း၊ ထို့အပြင် ကျောင်းနေအရွယ်ကလေး သူငယ်တိုင်း ကျောင်းနေနိုင်ရေး အတွက် မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက ဂရုစိုက်စောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာတတ် မြောက်ရေး လုပ်ငန်းကိုလည်း စီမံပေးရန်လိုအပ် ပါကြောင်း၊ ထိုသို့စီမံဆောင်ရွက်ပေး ခြင်းများသည် ဆင်းရဲမှုလျှော့ချရေး အတွက်လည်း အဓိကအရေးပါသည့် အခန်းကဏ္ဍများပင် ဖြစ်ပါကြောင်း၊ လူတိုင်း အခြေခံပညာတတ်မြောက် ရန်လိုအပ်ပြီး တတ်မြောက်သင့် တတ်မြောက်အပ်သည့် အတတ်ပညာအသိ ပညာများကို အမှန်တကယ်တတ်မြောက် သိမြင်ပြီး လက်တွေ့ နယ်ပယ်တွင် အသုံးချနိုင်ရန် လိုအပ်ပါ ကြောင်း။
အမျိုးသားပညာရေး ဥပဒေကို လည်း ပညာရှင်များ၊ကျောင်းသား များနှင့် အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေး ဥပဒေကိုစဉ်းစားရာတွင် ကမ္ဘာ့နိုင်ငံ များနှင့်အဆင့်အတန်းမီရန်၊ မိမိတို့ နိုင်ငံနှင့် သင့်လျော်ကိုက်ညီရန် အမျိုး မျိုးစဉ်းစားချင့်ချိန် ဆောင်ရွက်ကြရပါကြောင်း၊ မိခင် ပညာရေးဥပဒေ ပြီးသည့်အခါ အခြေခံပညာဆိုင်ရာ ဥပဒေ၊ အဆင့်မြင့် ပညာဆိုင်ရာဥပဒေ၊ အသက်မွေးမှုဆိုင်ရာဥပဒေ စသည့်ဥပဒေခွဲများကို ဆက်လက်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေး စနစ်သစ်အတွက် ရေရှည်မျှော်တွေး ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊ ဥပဒေများကိုလည်း လေ့လာထားကြ ရမည်ဖြစ်ပြီး မိမိတို့သားသမီးများ ပညာရည် တိုးတက်မြင့်မားရေးအတွက် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် ထားကြရမည် ဖြစ်ပါ ကြောင်း။
ဆရာဆရာမများအနေဖြင့်လည်း ပညာရေးဆိုင်ရာစာအုပ်စာတမ်းများကို စနစ်တကျ လေ့လာပြီး မိမိတို့ ဝမ်းစာအဖြစ် ဖြည့်တင်းကာ မိမိတို့ တပည့်များကို နည်းလမ်းမှန်ကန်စွာ ဖြန့်ဖြူးသင်ကြားပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေး ဘတ်ဂျက်နှင့်ကျောင်းသားဦးရေ ကိုအချိုးချပြီး နိုင်ငံ၏ဘတ်ဂျက် အခြေအနေအရ သုံးသင့်သုံးထိုက်သည်များ ကို သုံးရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမကောင်းများဖြစ်ရန် လေ့ကျင့်သင်ကြား ဆန်းစစ်ပေးရမည် ဖြစ်ပါကြောင်း၊ သင်ကြားသည့် ဘာသာရပ် နှင့် ဆရာဆရာမများ၏ ကျွမ်းကျင် မှုကိုက်ညီရန် ဆောင်ရွက်ပေးရမည် ဖြစ်ပြီး ချီးမြှင့်ရန်လည်းလိုအပ်ပါကြောင်း၊ ဥပဓိရုပ်မကောင်းသည့် ကျောင်းများနှင့် အန္တရာယ်ရှိသည့် ကျောင်းအဆောက်အအုံများကို နိုင်ငံတော်မှ ပြုပြင်ပေးလျက် ရှိပါကြောင်း။
သင်ကြားရေးကဏ္ဍတွင် နှုတ်ဖြင့်သင်ကြားပို့ချခြင်းထက် သရုပ်ပြခြင်းက ပိုမိုသိမြင်လွယ်ပြီး သရုပ်ပြခြင်းထက် လက်တွေ့ ဆောင်ရွက်စေခြင်းက ပိုမိုသိမြင်တတ်ကျွမ်းပါကြောင်း၊ ဘာသာရပ်တိုင်း၌ သင်ကြားခြင်း၊ သရုပ်ပြခြင်းများ၊ လက်တွေ့လုပ်ငန်း များအတွက် သင်ထောက်ကူပစ္စည်း များလိုအပ်ပါကြောင်း၊ သိပ္ပံနှင့်ဝိဇ္ဇာ နယ်ပယ်အသိအမြင် ကျယ်ဝန်းရန် အသက်အရွယ် အလိုက် ဖတ်သင့်ဖတ် ထိုက်သည့် စာပေများတည်ရှိရာ ကျောင်းစာကြည့်တိုက်များ ရှိရမည် ဖြစ်ပါကြောင်း၊ ကျောင်းသူ ကျောင်းသားများဖတ်ရှုရန် တိုက်တွန်း လမ်းညွှန်ပေးကြရမည်ဖြစ်ပါကြောင်း၊ ကျေးလက် စာကြည့်တိုက်များကို လည်း ဆက်လက်ရှင်သန်နိုင်ရန် ဆောင်ရွက်ပေးသွားကြရမည် ဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရန် စာပေအသင်းများ ဖွဲ့စည်းတည် ထောင်ခြင်း၊ အသိပညာအတတ်ပညာ များ ဖြန့်ဖြူးပေးနိုင်သည့် စာပေ ဟောပြောခြင်းများနှင့် စာဖတ်ဝိုင်း များကို ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အတွက် ထူးချွန် ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

No comments:

Post a Comment