Tuesday, July 7, 2015

ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချထားသော ရုပ်ရှင်ရုံများအနက် ဘဏ် လုပ်ငန်းအဖြစ် ပြောင်းလဲ လုပ်ဆောင် နေသော ရုပ်ရှင်ရုံများ မူလရောင်းချ စဉ်က စာချုပ်ပါအတိုင်း ရုပ်ရှင်ပြသရေးလုပ်ငန်းကို ပူးတွဲဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး


ရန်ကုန်၊ ဇူလိုင်(၇)
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်ရှင် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၁၉၉၅ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်း နိုင်ငံ ပိုင် ရုပ်ရှင်ရုံ ၁၃၅ ရုံအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ပုဂ္ဂလိကသို့ အပြီး အပိုင် ရောင်းချခဲ့သည်။ ၎င်းတို့အနက် ရုပ်ရှင်ရုံ ၉၃ ရုံ သည် ရောင်းချစဉ်က စာချုပ်ပါ စည်းကမ်းအရလည်းကောင်း၊ ပုဂ္ဂလိက ပိုင် ပြုလုပ်ရေးကော်မရှင်၏ ၁၇ - ၈ - ၁၉၉၅ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၃/၉၅ အရ လည်းကောင်း မူလလုပ်ငန်းနှင့် ဆက်နွယ်သော အခြားလုပ်ငန်းများနှင့် မူလလုပ်ငန်း တိုးတက်စေရန် အခြား စီးပွားရေး လုပ်ငန်းများကို အများပြည်သူအကျိုးငှာ လုပ်ပိုင်ခွင့်ရှိ သော်လည်း မူလ ရုပ်ရှင်ပြသခြင်းလုပ်ငန်းကိုမူ မပျက်မကွက် ထည့်သွင်း လုပ်ကိုင်ရ မည်ဖြစ်ပါသည်။
သို့သော်လည်း ၎င်းရုပ်ရှင်ရုံများအနက် ရုပ်ရှင်ရုံ ၇၃ ရုံသည် မူလစာချုပ်ပါအတိုင်း ရုပ်ရှင်ပြသမှု မရှိခြင်း၊ ရုပ်ရှင်ရုံဟောင်းအား ဖြိုဖျက်ပြီး အသစ်ဆောက်လုပ်မှု မရှိခြင်း၊ အခြားစီးပွားရေးလုပ်ငန်းသို့ ပြောင်းလဲ လုပ်ဆောင်ခြင်းတို့ကြောင့် မူလ စာချုပ်ပါအတိုင်း ရုပ်ရှင်ပြသခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခြင်း မရှိသဖြင့် မူလစာချုပ်ပါအတိုင်း ရုပ်ရှင် ပြသဖြင်းလုပ်ငန်း ဆောင်ရွက် ရန် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦီးပိုက်ထွေးနှင့် တာဝန်ရှိသူ များက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကသို့ အပြီးရောင်းချသော ရုပ်ရှင်ရုံ (၁၃)ရုံမှ ဝယ်ယူထားသူများအား ၃ - ၇ -၂၀၁၅ ရက်နေ့က ရန်ကုန်မြို့ တွင် တွေ့ဆုံပြီး ဆက်လက်အကောင် အထည်ဖော်မည့် အစီအစဉ်ကို တစ်လ အတွင်း တင်ပြရန်၊ ခြောက်လအတွင်း အကောင်အထည်ဖော်ဆောင်ရွက် ရန်နှင့် ထိုသို့ ဆောင်ရွက်ခြင်း မပြုနိုင်ပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းနှင့် အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေး ခဲ့ပြီးဖြစ် ပါသည်။ ထိုသို့ ရှင်းလင်းဆွေးနွေးခြင်းကို ဇူလိုင်လ(၄)ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြခဲ့ပြီး အခြားတိုင်းဒေသကြီး များနှင့် ပြည်နယ်များရှိ ရုပ်ရှင်ရုံ ဝယ်ယူထားသူများထံသို့လည်း တရားဝင် စာဖြင့် ဆက်လက် အကြောင်းကြား သွားမည် ဖြစ်ပါသည်။
အထက်ပါ ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချပြီး ရုပ်ရှင်ရုံများအနက် အောက်ပါ ရုပ်ရှင်ရုံ (၇)ရုံသည် မူလ စာချုပ်ပါအတိုင်း ရုပ်ရှင်ပြသမှု လုပ်ငန်းမပါရှိဘဲ ပုဂ္ဂလိကဘဏ်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်-
(၁) တောင်ငူမြို့၊ ဆန်းသီရိရုပ်ရှင်ရုံ၊ CB ဘဏ်
(၂) ကောလင်းမြို့၊ မြို့မရုပ်ရှင်ရုံ၊ မြန်မာ့ရှေ့ဆောင်ဘဏ်
(၃) သထုံမြို့၊ ကြယ်တာရာရုပ်ရှင်ရုံ၊ မြန်မာ့ရှေ့ဆောင်ဘဏ်
(၄) မြောင်းမြမြို့၊ စံပြရုပ်ရှင်ရုံ၊ မြန်မာ့ရှေ့ဆောင်ဘဏ်
(၅) သီပေါမြို့၊ စိန်မေတ္တာရုပ်ရှင်ရုံ၊ မြန်မာ့ရှေ့ဆောင်ဘဏ်
(၆) ကျိုင်းတုံမြို့၊ ခေမရဋ်ရုပ်ရှင်ရုံ၊ မြန်မာ့ရှေ့ဆောင်ဘဏ်
(၇) အောင်ပန်းမြို့၊ ငွေဗိမာန်ရုပ်ရှင်ရုံ၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်
ရုပ်ရှင်ပြသမှုလုပ်ငန်းမပါဝင်ဘဲ ဘဏ်လုပ်ငန်းသက်သက် သာ ဆောင်ရွက် လျက်ရှိသော ဘဏ်များမှ တာဝန်ရှိသူများအား ပြန်ကြားရေး ဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာဒေါ်သီတာတင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်(၁၀)နာရီ တွင် ရန်ကုန်မြို့ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဌာန ခွဲရုံး၌ တွေ့ဆုံ၍ မူလစာချုပ်ပါ စည်းကမ်းနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ်၊ ၃/၉၅ တို့အရ ရုပ်ရှင်ပြသရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရ မည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ လက်ရှိ ဘဏ်အဆောက်အဦတွင် ရုပ်ရှင်ပြသခြင်း လုပ်ငန်း ထည့်သွင်းခြင်းသော်လည်းကောင်း၊ သက်ဆိုင်ရာမြို့ရှိ သင့်တော် သည့် နေရာတွင် ရုပ်ရှင်ရုံပြန်လည် တည်ဆောက်ပေးခြင်းဖြင့်သော် လည်းကောင်း မူလစာချုပ်နှင့် အမိန့်ကြော်ငြာ စာပါ စည်းကမ်းအတိုင်း ဆက်လက်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်မည့် အစီအမံ ကို နှစ်လအတွင်း ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြရန်နှင့် ရုပ်ရှင်ရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁)ရက် နေ့မှ စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပျက်ကွက်ပါက အမိန့် ကြော်ငြာစာ အမှတ်၊ ၃/၉၅ နှင့်အညီ ရုပ်ရှင်ရုံအား ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment