ချစ်နိုင်(စိတ်ပညာ)
'ဟေ့ ကိုချစ်နိုင် မင်းတို့အလုပ်များနေလား'
'ဒီလိုပါပဲ သူငယ်ချင်းရာ၊ အရင်ထက်စာရင်တော့
အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ ပိုများလာတာပေါ့'
'ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မေးချင်တယ်ကွာ'
'မေးပါဗျာ၊ ဖြေနိုင်တာ ဖြေမှာပေါ့'
'မင်းက တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်
အဖွဲ့ဝင် တစ်ယောက် ဆိုတော့ သိလောက်ပါတယ်။ မင်းတို့ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်
ရဲ့ အခြေခံမူက ဘာလဲ'
'အခြေခံမူဆိုတာ ရှိရတာပေါ့ကွယ်၊ အခြေခံမူပေါ်မှာ
ရပ်တည်ပြီး ဆက်လက် အကောင်အထည် ဖော်ကြရတာ မဟုတ်လား'
'အေးလေ၊ ဒါ့ကြောင့် အရေးအကြီးဆုံးကို အရင်မေးတာလေကွာ'
'ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ ရပ်ကွက်နဲ့
ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများအထိ အားလုံးသော တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲ ကော်မရှင်တွေဟာ
ဒီအခြေခံမူ ( ၇) ချက်နဲ့ အလုပ် လုပ်နေကြပါတယ်-
၁။ လွတ်လပ်၍ အမှီအခိုကင်းခြင်း၊
၂။ တရားမျှတခြင်း၊
၃။ ပွင့်လင်းမြင်သာခြင်း (ယုံကြည်မှုရှိစေခြင်း)၊
၎။ တာဝန်ယူစိတ်ဖြင့် ဆောင်ရွက်ခြင်း၊
၅။ တီထွင်ကြံဆတွေးခေါ်ခြင်း၊
၆။ ပြည်သူများ၏ ယုံကြည်ကိုးစားမှုရှိခြင်း
(Trust)၊
၇။ ဂုဏ်သိက္ခာပြည့်ဝခြင်း။ တို့ပါဗျာ'
'ဟေ့--- ကိုချစ်နိုင်ရာ ဂျာနယ်တွေထဲမှာပါတာတွေက
ရှေ့ပြေးမဲစာရင်းမှာ အမည် သတ်ပုံမှားတာ၊ မွေးနေ့လွဲတာ၊ သေသွားပြီးသား လူအမည် ပါနေတာ
စသဖြင့် လွဲချော်တာတွေ သိပ်များနေပါလားကွ။ အဲဒါ ယုံကြည် ကိုးစားနိုင်ပါ့မလား'
'မှားတာပါရင် ပြင်ရုံပေါ့ သူငယ်ချင်းရာ။ မဲဆန္ဒရှင်
စာရင်း သန်းနဲ့ ချီပြီး ပြုစုကြရာမှာ စာလုံးပေါင်း မှားတာ၊ သတ်ပုံအမှား၊ မွေးတဲ့ရက်စွဲ
အမှား ဆိုတာတွေ ပါနိုင်တာပဲ။ ဘာမှ မခက်ခဲပါဘူး။ မှားတာကို တိတိကျကျ ထောက်ပြပြီး ကာယကံရှင်က
ပြင်ပေးပါ ဆိုရင် ပြင်ပေးမှာပဲ။ မှန်သွားရောပေါ့။ လိုရင်ဖြည့်ပါ။ ပိုရင်ပယ်ဖို့ အသိပေးပါလို့
စာရင်း ကပ်ပေးတာ လေကွာ။ မဟုတ်ဘူးလား'
'အမှားတွေက ၈ဝ ရာခိုင်နှုန်းလောက် ရှိနေတယ်လို့
ပါတီတစ်ခုက ထောက်ပြ ဝေဖန်နေပါလား'
'ဘယ်ရပ်ကွက်လဲ၊ ဘယ်ရွာလဲ၊ ဘယ်မဲရုံလဲ၊ ဘယ်မြို့နယ်လဲ၊
ဝါးလုံး ရှည်နဲ့ သိမ်းရမ်းနေရုံမျှနဲ့ အလုပ်မဖြစ်ဘူး သူငယ်ချင်းရာ။ တိတိကျကျ ပြောစေချင်ပါတယ်။
အမှားတွေ ပါမှာပါ။ မှားရင် မှန်အောင် ပြင်ကြပါ။ ပြင်နိုင်အောင် မူကြမ်းသဘော ရှေ့ပြေးစာရင်း
ထုတ်ပြန်တာကို ပေါင်ကြားကို ကင်းကိုက်သလို ငယ်သံ ပါအောင် အော်နေတာမျိုးက သဘောရိုးရဲ့လား၊
စဉ်းစားပေါ့ကွာ။ အမှန်တကယ်က ပူးပေါင်း ဆောင်ရွက်ကြ ရမှာပါ။ ချွတ်ယွင်းချက်၊ အားနည်းချက်
တွေ့ရင် တစ်ခုချင်း ထောက်ပြ ဝေဖန်လေကွာ။ ဒါမှ ပြုပြင် နိုင်ပေမှာပေါ့'
'လူတွေကတော့ သေတဲ့လူတွေ မဲစာရင်းမှာ ပါနေတယ်လို့လည်း
ပြောသံ ကြားတယ်ဟ'
'ဒါလည်း ဖြစ်နိုင်တယ်။ မိသားစုက မြို့နယ်လဝက
အထိ သေဆုံးကြောင်း အကြောင်း မကြားခဲ့ရင်၊ မြို့နယ် လဝကမှာ စာရင်းမရောက်ရင် ပါနေမှာပဲ'
'ကိုချစ်နိုင်ရာ ထွေ/အုပ်က လစဉ် လစဉ် လူစာရင်း
အတိုးအလျှော့ အမြဲ ကောက်နေတာကွ၊ Up-to date ပိုဖြစ်တယ် မဟုတ်ဘူးလား'
'အေး---ဟုတ်တယ်။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက
လူဦးရေ စာရင်းကို မယူဘူးကွ'
'အဲဒါကြောင့် ဒီလောက် အမှား များတာပေါ့ဟ။ ဘာဖြစ်လို့
လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာနက စာရင်းကို မဏ္ဍိုင်ထားပြီး မဲစာရင်း
လုပ်ရတာလဲ'
'ပြောရရင် အရှည်ကြီးကွ၊ အတိုဆုံး ပြောရရင်တော့
မဲဆန္ဒရှင် စာရင်း မှန်ကန် တိကျအောင် အခုလို ကြိုကြိုတင်တင် ထုတ်ပြန်ပြီး ပြည်သူ လူထုကို
အသိပေးမယ်။ လဝကစာရင်းကို အခြေခံသင့်တယ်လို့ နိုင်ငံတကာ စံနှုန်းအရ ရွေးချယ် ဆုံးဖြတ်ခဲ့တာပဲ။
နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများ၊ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များကလည်း ဒါကိုပဲ
သဘောကျ တယ်လေ'
'အေးကွာ၊ နိုင်ငံတကာ မျက်နှာစာမှာ ယုံကြည် ကိုးစားမှု
ရှိအောင် လဝက စာရင်း အတည်ယူပြီး လုပ်တာဆိုလည်း ပိုကောင်းမှာပါ။ ရပ်ကွက်၊ ကျေးရွာ တိုင်းမှာ
အမှန်တကယ် ရှိကြတဲ့ လူဦးရေ စာရင်းကိုတော့ မြို့နယ် ထွေ/အုပ်နဲ့ ရယကရုံးတွေမှာ ရှိကြတယ်
မဟုတ်လား'
'အခုလို လေးလလောက် ကြိုတင်ပြီး မဲဆန္ဒရှင်တွေက
ကိုယ်တိုင် လာကြည့်၊ အမှားပြင်ပေး။ နောက်တစ်ကြိမ် အမှန်ပြင်ပြီးသား လာကပ်ပြဦးမယ်။ ဒါဆိုရင်တော့
ပိုပြီး တိတိကျကျ မှန်မှန်ကန်ကန် ဖြစ်ရောပေါ့၊ ဟုတ်လား'
'အေး---ကိုချစ်နိုင် ရှင်းပြတော့လည်း သဘောပေါက်ပါပြီ။
ဒါပေမယ့် အချို့ စာနယ်ဇင်း သမားတွေက ပွင့်လင်း မြင်သာမှု နည်းတယ်၊ ဘာညာ ဝေဖန်တာရှိရင်
မင်းက ဘာပြန်ပြောချင်လဲ'
'ဘာမှပြန်မပြောချင်ပါဘူး'
'ဟင်---ဘာဖြစ်လို့လဲ'
'သူငယ်ချင်းစဉ်းစားကြည့်၊ မြန်မာနိုင်ငံမှာ
ယခင့် ယခင် ရွေးကောက်ပွဲတွေ ရှိခဲ့ဖူးတယ်။ အနီးဆုံးပဲ ပြောကြပါစို့။ ၂ဝ၁ဝ ရွေးကောက်ပွဲ၊
၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ၊ အဲဒီ ရွေးကောက်ပွဲတွေတုန်းက မီဒီယာကျင့်ဝတ် စာနယ်ဇင်း
သမားများရဲ့ ကျင့်ဝတ်ဆိုတာ ရှိခဲ့ဖူးသလား'
'ငါသိသလောက် မရှိခဲ့ပါဘူး'
'မရှိခဲ့ဖူးပါဘူးလေ။ အခု ရွေးကောက်ပွဲ မတိုင်ခင်မှာ
ရှိနေပြီဗျ။ စာနယ်ဇင်း သမားတွေပဲ ရေးဆွဲခဲ့ကြတာ။ နောက်တစ်ခု ပါတီများရဲ့ ကျင့်ဝတ် ဆိုတာရော
ယခင် ရှိခဲ့ဖူးပါသလား'
'မရှိခဲ့ဖူးပါဘူးကွာ'
'အခု ပါတီကျင့်ဝတ် ဆိုတာရှိနေပါပြီ။ တရားဝင်
ပါတီအားလုံးက စုပေါင်းပြီး ရေးဆွဲ အတည်ပြုခဲ့တာပဲ'
'မင်းဘာဆိုလိုချင်တာလဲ ကိုချစ်နိုင်'
'အထွေထွေ ရွေးကောက်ပွဲကြီး တစ်ရပ် အောင်အောင်
မြင်မြင်ဖြစ်ဖို့ လွတ်လပ်စွာ၊ တရားမျှတစွာ၊ ပွင့်လင်း မြင်သာစွာ၊ ယုံကြည် ကိုးစားစွာ၊
စိတ်ချမ်း သာပျော်ရွှင်စွာ ပြီးမြောက်ဖို့ဆိုတာ ရွေးကောက်ပွဲ ကော်မရှင် တစ်ခုတည်းနဲ့
မပြီးမြောက်ဘူးလေ'
'ဟုတ်ပါတယ်၊ လက်ခံပါတယ်'
'အခုအခါ သတင်းစာဆရာ၊ စာနယ်ဇင်းသမား၊ မီဒီယာများကလည်း
စနစ်တကျ အောင်မြင်အောင် ပူးပေါင်း ပါဝင်ကူညီကြမယ်။ နိုင်ငံရေးပါတီ တွေကလည်း အားလုံး
စည်းကမ်းတကျ ကျင့်ဝတ်နဲ့ အညီ ပါဝင်လှုပ်ရှား ဆောင်ရွက်ကြမယ်။ ပြည်သူလူထုကလည်း ၂ဝ၁၅ ခု
ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဟာ မဲဆန္ဒရှင် ပြည်သူ တစ်ဦးချင်းရဲ့ မှန်ကန်တဲ့ ရွေးချယ်
မဲပေးခြင်းနဲ့ တိုင်းပြည် ကောင်းအောင် ခေါင်းဆောင်မယ့် ခေါင်းဆောင် ကောင်းတွေ တင်မြှောက်မယ်
ဆိုတာ ဆုံးဖြတ်ထားတယ်။ အစိုးရကလည်း လုံခြုံရေး၊ စီမံရေး၊ အစစအရာရာ တရားမျှတစွာ အားပေး
ဖြည့်ဆည်းတယ်။ နိုင်ငံတကာ ကလည်း ဒီရွေးကောက်ပွဲကို စိတ်ဝင်စားတယ်။ ယခင်က တစ်ကြိမ်တစ်ခါမှ
ခွင့်မပြုဖူးတဲ့ နိုင်ငံတကာမှ စောင့်ကြည့် အဖွဲ့၊ လေ့လာ အဖွဲ့တွေကို ရွေးကောက်ပွဲနေ့မှာ
လေ့လာ ကြည့်ရှုခွင့် တရားဝင် ခွင့်ပြုမယ်။ ဒီလို ထူးခြားချက်၊ အားသာချက်တွေကို တစ်ခွန်းမှမပြော၊
တစ်ကြောင်းမှ မရေးဘဲ ''အဖေသေတာ တစ်နှစ်ရှိပြီ၊ မဲစာရင်းမှာ အမည်ပါနေတယ်၊ မဲစာရင်းက
အားလုံး အမှားပဲ၊ အဘအမည် ဦးဆိုးဟာ မဲစာရင်းမှာ ဦးစိုးဖြစ်နေတယ်၊ နာမည် မှားတာတော့ လွန်တာပေါ့။
မွေးတဲ့ ခုနှစ်သက္ကရာဇ် လွဲနေတယ်။ အသက် တစ်နှစ် ပိုကြီးနေတာပေါ့ စသည်ဖြင့် (ပြင်လိုက်ရင်
လွယ်လွယ် ကူကူလေး ပြီးသွားမှာတွေကို) အမှားတွေ ၈ဝ ရာခိုင်နှုန်းရှိ နိုင်တယ် ဆိုတာ တွေ
ထပ်ကာ ထပ်ကာ ရေးသားနေတာ အဖျက်သဘော ဆောင်တယ်ထင် တာပဲ။ ဒါတွေကို ချေပ ဖြေရှင်းနေစရာ မလိုဘူး။
ပြင်ပေးမှာလေ။ ပြင်နိုင်အောင် တင်ပြနေကြတာ မဟုတ်လား''
'အေး---ဟုတ်ပါပြီကွာ၊ အချို့စာနယ်ဇင်း သမားတွေက
လူငယ်လေးတွေဟ။ အရင်းနဲ့ အဖျား၊ အဓိကနဲ့ သာမည မခွဲခြား တတ်သေးတာလည်း ရှိကောင်း ရှိမှာပေါ့ကွာ။
မင်းမကျေမနပ် မဖြစ်ပါနဲ့'
'မဖြစ်ပါဘူးကွယ်။ လစာ၊ အခွင့်အရေး၊ ဘာမှမရဘဲ
စေတနာ့ဝန်ထမ်း ပါဝင် ထမ်းဆောင် လာတာ ငါးနှစ်ရှိပါပြီ။ ပြည်သူလူထု အပေါ်မှာ ဖြစ်ဖြစ်၊
နိုင်ငံရေးပါတီတွေ အပေါ်မှာပဲ ဖြစ်ဖြစ်၊ မီဒီယာသမားများ အပေါ်မှာ ဖြစ်ဖြစ်၊ စိတ်မငြိုငြင်ခဲ့ပါဘူး။
မေတ္တာ မပျက်ခဲ့ပါဘူး။ ကောင်းကောင်း ဆိုးဆိုး၊ သူ့အကျိုးနဲ့ သူ့အကြောင်း ရှိကြမှာပါ။
ကော်မရှင်နဲ့ ညှိစရာ မရှိပါဘူးကွယ်။ ကော်မရှင် အဖွဲ့ဝင် အားလုံးက ကိုယ်ပြောခဲ့တဲ့ အခြေခံမူ
(၇)ချက်နဲ့ အလုပ် လုပ်တာ။ ပါတီများ၊ မီဒီယာများ၊ ပြည်သူရဲ့ မကုန်ခန်းနိုင်တဲ့ စွမ်းအားများ
နဲ့ အောင်မြင်အောင် လုပ်ဆောင်မှာပါ။'
'ကိုချစ်နိုင်ရာ ငါမသိလို့မေးပါရစေ။ မဲဆန္ဒရှင်ရဲ့
အခွင့်အရေးတွေက ဘာတွေလဲကွာ'
'မေးလာရင်တော့ ဖြေရမှာပေါ့-
(၁) လျှို့ဝှက်ဆန္ဒမဲဖြင့် တိုက်ရိုက်ရွေးကောက်တင်မြှောက်ခွင့်ရှိတယ်။
(၂) မဲပေးချင်ရင် ပေးနိုင်တယ်။ မဲမပေးဘဲနေလိုက
နေနိုင်တယ်။ မပေး မနေရမဟုတ်ပါ။ ကိုယ့်ဆန္ဒပဲ။
(၃) ဆန္ဒပြုလိုသူအတွက် တစ်မဲသာပေးရမယ်။
(၄) မဖတ်တတ်ရင် မဲရုံမှူးကို အကူအညီတောင်းနိုင်တယ်။
(၅) မသန်စွမ်းရင် အကူအညီယူပြီး မဲပေးနိုင်တယ်။
(၆) ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနဲ့ ပတ်သက်လို့
မကျေနပ်ချက်၊ နစ်နာချက်ရှိခဲ့ရင် ရွေးကောက်ပွဲပြီး ၁၅ ရက်အတွင်းမှာ သက်သေ အထောက်အထား
ခိုင်ခိုင်လုံလုံနဲ့ ဥပဒေနဲ့အညီ သက်ဆိုင်ရာ ရဲစခန်းမှာ တိုင်တန်းခွင့် ရှိတယ်။
(၇) လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးရဲ့ ကုန်ကျစရိတ်ငွေ
စာရင်းကို မိတ္တူမှန် တစ်မျက်နှာလျှင် ငွေကျပ် ၁ဝဝဝ ပေးဆောင်ပြီး လျှောက်ထား ရယူပိုင်ခွင့်ရှိတယ်။
(၈) ရွေးချယ်ခံရသူကို ကန့်ကွက်လွှာကို ဆီလျော်တဲ့
အကြောင်းပြချက်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ သတ်မှတ်ထားတဲ့ အတိုင်း တင်သွင်းခွင့်
ရှိတယ်။
(၉) လွှတ်တော် ကိုယ်စားလှယ်ကို ဥပဒေနဲ့အညီ တာဝန်မှ
ပြန်လည် ရုပ်သိမ်းခွင့် ရှိတယ်'
'ဟေ့- --ကိုချစ်နိုင်ရေ၊ မဲဆန္ဒရှင်ရဲ့ အခွင့်အရေးများ
အမှတ်စဉ်(၉) ကို ဥပဒေပြု အဖွဲ့အစည်းက ပယ်ဖျက်ဖို့ မူကြမ်း တင်တယ်ဆို'
'မသိပါဘူးကွယ်။ ကိုယ်တို့နဲ့မဆိုင်လို့ ဘာမှ
မပြောလိုပါဘူး။ ဒီအချက် ဟာ ၁၉၄၇ ခု အခြေခံဥပဒေ၊ ၁၉၇၄ ခု အခြေခံဥပဒေ၊ လက်ရှိတည်ဆဲ ၂ဝဝ၈
ခု အခြေခံဥပဒေ သုံးခုလုံးမှာ မြန်မာပြည်သူများ လွတ်လပ်ရေးရ ကတည်းက အစဉ်အဆက်ရခဲ့တဲ့
ဒီမိုကရေစီ အခွင့်အရေး တစ်ရပ်ပါ။ ဥပဒေပြု အဖွဲ့အစည်းဟာ ပြည်သူ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီ
အခွင့်အရေး တွေကို ကာကွယ် စောင့်ရှောက် ပေးလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်'
'ကဲ--- မဲဆန္ဒရှင်တစ်ဦးရဲ့ တာဝန်တွေက ဘာလဲ'
'ပြောစမ်းပါဦး'
'(၁) ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက
အခြေခံမဲစာရင်းများကို ကြေညာတဲ့အခါ မိမိနာမည်ပါမပါ သွားကြည့်ရန်၊
(၂) မဲပေးတဲ့နေ့မှာ မဲရုံမှူးက တာဝန်အရ ညွှန်ကြားတာကို
လိုက်နာ ရန်၊ ဒီနှစ်ချက်တည်းပါ'
'ရှင်းတယ်ကွာ၊ ကျေးဇူးတင်တယ် ကိုချစ်နိုင်။
မင်းနဲ့တွေ့မှ မေးမယ် ဆိုပြီး စဉ်းစားထားတာ။ သိချင်တာသိရလို့ ဝမ်းသာတယ်။ ဒါနဲ့ အရင်ရွေး
ကောက်ပွဲတွေမှာ မရှိခဲ့ဖူးတဲ့ ရွေးကောက်ပွဲေ လ့လာသူများဆိုတာ ရှိလာ ကြမယ်ဟေ့။ သူတို့ရဲ့
ကျင့်ဝတ်ကော မရှိဘူးလား'
'ရှိတာပေါ့'
'ရှိရင်ပြောစမ်းပါဦးဟ'
'(၁) ပါတီစွဲကင်းခြင်း၊ ကြားနေခြင်း၊
(၂) အကြမ်းမဖက်ခြင်း၊
(၃) ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာခြင်း၊
(၄) စေတနာထားရှိခြင်း၊
(၅) စစ်မှန်ခြင်း၊ (မစွက်ဖက်ရ၊ မလွှမ်းမိုးရ)
(၆) ရိုးသားခြင်း၊
(၇) ရည်မှန်းချက်ထားရှိခြင်း၊ တာဝန်ခံနိုင်ခြင်း၊
(၈) ပူးပေါင်းဆောင်ရွက်ခြင်း၊
(၉) ပွင့်လင်းမြင်သာမှုရှိခြင်း၊
(၁ဝ) အမှီအခိုကင်းခြင်း။ (ကော်မရှင်၊ အစိုးရ
စသည်တို့ထံမှ ဘာမှ မယူပါ)'
'ကောင်းတယ်ကွာ၊ ကိုချစ်နိုင်က ပြောပေးပါဦး၊
ဒီလေ့လာသူများရဲ့ အဓိကတာဝန်က ဘာတွေလဲ'
'(၁) လွတ်လပ်မှု ရှိ၊ မရှိ
(၂) တရားမျှတမှု ရှိ၊ မရှိ
(၃) ဘက်လိုက်မှု ရှိ၊ မရှိ
(၄) အားလုံးပါဝင်မှု ရှိ၊ မရှိ
(၅) ထင်သာမြင်သာ ရှိ၊ မရှိ ထင်မြင်ချက် ပေးရန်
ဖြစ်ပါတယ်။ Long Time Observer (LTO) စောင့်ကြည့် လေ့လာသူ ဆိုရင် ရွေးကောက်ပွဲ မကျင်းပမီ
နှစ်လ၊ သုံးလ ကြိုတင် လေ့လာခွင့် ပေးထားတယ်ဗျ။ Short Time Observer (STO) ဆိုရင် လေ့လာ
အကဲခတ်သူလို့ ခေါ်တယ်။ မတူဘူး။ နှစ်မျိုးစလုံးသော နိုင်ငံတကာ စောင့်ကြည့် လေ့လာလိုသူ၊
လေ့လာ အကဲခတ် လိုသူတွေကို ခွင့်ပြုမယ်။ ကဲ- ရှင်းပြီ မဟုတ်လား။ သူငယ်ချင်း စဉ်းစားလေ။'
'ဘယ်သူတွေ ဘာပြောပြော ရွေးကောက်ပွဲ ကော်မရှင်နဲ့
နိုင်ငံတော် အစိုးရဟာ ၂ဝ၁၅ ဒီမိုကရေစီ ရွေးကောက်ပွဲကို လွတ်လပ်မှု ရှိရှိ၊ တရား မျှတမှု
ရှိရှိ၊ ဘက်လိုက်မှု မရှိဘဲ၊ ထင်သာမြင်သာနဲ့ အားလုံးပါဝင်အောင် ကြိုးစား ဆောင်ရွက် နေပါလား
ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား ပါပြီကွယ်'
'သူငယ်ချင်းမေးလို့ ကိုယ်ဖြေခွင့် ရတယ်၊ ကျေးဇူး
အထူးတင်တယ်'။ ။
No comments:
Post a Comment