ဇူလိုင်မိုးက တဖွဲဖွဲရွာနေပါသည်။
ညို့မှိုင်းနေသော မိုးကောင်းကင်က
မြန်မာတို့၏ စိတ်သောက၊
ရွာချနေသော မိုးစက်များက
မြန်မာတို့၏မျက်ရည်များ၊
သြော် ...မြန်မာ့
လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီးနှင့် အပေါင်း အပါများ လုပ်ကြံခံခဲ့ရ၍ ကျဆုံးခဲ့သည်မှာ
ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ တွင် (၆၈)နှစ် တိုင်ခဲ့ပါပြီကော။
ရာဇဝင်ရိုင်းလှသည့်
နိုင်ငံတော်လုပ်ကြံမှုကြီး အသားထဲက လောက်ထွက်၊ ဆန်ကောလောက်မှ ဇောက်မနက်သည့် အမျိုးသား
သစ္စာဖောက်တို့၏ ကြိုတင်ကြံစည်မှုနှင့်အတူ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် (စနေနေ့) တွင်
ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဝန်ကြီး များ အစည်းအဝေး တက်ရောက်နေကြသည့် ဗိုလ်ချုပ်နှင့်တကွ
ဝန်ကြီးများ လုပ်ကြံခံခဲ့ရသည်။
အဆိုပါ နိုင်ငံရေးလုပ်ကြံမှု(ဝါ)
နိုင်ငံတော်လုပ်ကြံမှုနှင့်အတူ နိုင်ငံ့လွတ်လပ်ရေးအတွက် ရုံးပိတ်ရက်မထား၊ အနားမနေ အားကြိုး
မာန်တက် ဆောင်ရွက်နေကြသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ (ဘဏ္ဍာရေးနှင့်
အခွန်တော်)၊ မန်းဘခိုင် (အလုပ် သမားနှင့် စက်မှု လက်မှုဌာန)၊ ဦးရာဇတ်(ပညာရေးဌာန)၊ ဒီးဒုတ်
ဦးဘချို (ပြန်ကြားရေးဌာန)၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း (အတိုင်ပင်ခံ၊ တောင်တန်းဒေသရေးရာဝန်ကြီးဌာန)၊
ဦးဘဝင်း (ဗိုလ်ချုပ်၏အစ်ကိုကြီး၊ ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ် ရေးဌာန)၊ ဦးအုန်းမောင်
(သယ်ယူပို့ဆောင်ရေးဌာန၊ ဝန်ကြီး၏ ဒုတိယ အတွင်းဝန်) နှင့် ရဲဘော်ကိုထွေး (ပညာရေးဝန်ကြီး
ဦးရာဇတ်၏ သက်တော်စောင့်) တို့ ကျဆုံးခဲ့ရမှုသည် သက်ဆိုင်ရာ မိသားစုများ၏ သောကအပူမီး
ဗျာပါဒ အသီးသီးထက် မြန်မာပြည်သူတစ်ရပ်လုံး၏ ဝမ်းနည်းပူဆွေးရသည့် ပရိဒေဝမီးက ပိုမိုကြီးမားခဲ့သည်ဟု
ဆိုရပါမည်။
အစားထိုးမရနိုင်သည့်
အမျိုးသားတစ်ရပ်လုံး၏ ရင်နင့်ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုကြီး။ မြန်မာ့သမိုင်းရိုင်းခဲ့လေပြီ။
နိုင်ငံရေးပြဿနာ ကို အကြမ်းဖက်နည်းဖြင့် ဖြေရှင်းခြင်း၏ သက်ရောက်မှုဆိုးကျိုးက နိုင်ငံနှင့်ချီ၍
ဆုံးရှုံးမှု ပမာဏ ကြီးမားလွန်းလှသည်တကား။ တစ်နိုင်ငံလုံး မျက်ရည်ဖြိုင်လို့ ဘဝင်ညှိုးခဲ့ရသည့်
ဆယ့်ကိုး ဇူလိုင်၏ အကျည်းတန်မြင်ကွင်း။ တွေးမိတိုင်း ယူကျုံးမရ တသသ ဖြစ်ရပါ၏။
အာဇာနည်ဟူသည်
မြန်မာအဘိဓာန်တွင်
အာဇာနည်၏ အဓိပ္ပာယ်ကို ''အကြောင်းဟုတ် မဟုတ်ကို ကောင်းစွာသိသောသူ၊ သာမန်ထက် လက်ရုံး
ရည် နှလုံးရည် ထူးကဲ သာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ''ဟု ဖော်ပြ
ထားပါသည်။
သို့ဖြစ်ရာ နိုင်ငံနှင့်လူမျိုး
အကျိုးစီးပွားကို သက်စွန့်ကြိုးပမ်း၍ ထမ်းဆောင် ခဲ့ကြသူများဖြစ်သည့် ဗိုလ်ချုပ်နှင့်တကွ
မြန်မာ့ ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် ဇူလိုင်လ ၁၉ ရက်နေ့ကို အထိမ်းအမှတ်ပြု၍
နှစ်စဉ် အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နိုင်ငံတစ်ဝန်း ကျင်းပခဲ့ကြပါသည်။
တစ်နည်းအားဖြင့်ဆိုလျှင်
မြန်မာ့သမိုင်း အစဉ်အဆက်ဝယ် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ကို အရင်းတည်၍ မိမိအကျိုးစီးပွားနှင့်
အသက်ကို မငဲ့ကွက်ဘဲ နိုင်ငံနှင့် လူမျိုးကောင်းစားရေးအတွက် သန့်စင်သောစေတနာဖြင့် ပေးဆပ်ခဲ့ကြသည့်
အာဇာနည် အပေါင်းကို လေးမြတ်စွာဂုဏ်ပြုသည့် နေ့ထူးနေ့မြတ် လည်း ဖြစ်ပါသည်။
ထူးထူးခြားခြား ၂ဝ၁၅
၂ဝ၁၅ ခုနှစ်သည် ဗိုလ်ချုပ်၏
နှစ်(၁ဝဝ)ပြည့် မွေးနေ့ဖြစ်၏။ ဗိုလ်ချုပ်ကို ဂုဏ်ယူလေးစားစွာဖြင့် အဖွဲ့အစည်းအသီးသီးက
သတိရအောက်မေ့သည့် အမှတ်တရအခမ်းအနားများ တစ်နိုင်ငံလုံးတွင် ဝှဲချီးကျင်းပကြသည်။ ထိုသို့
ဗိုလ်ချုပ်၏နှစ် (၁ဝဝ) ပြည့်မွေးနေ့နှင့် တိုက်ဆိုင်နေသည့်အပြင် ယခုနှစ် နှောင်း ပိုင်းတွင်
ကျင်းပမည့် ၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲကြီးနှင့်လည်း ကြုံကြိုက်နေလေရာ
ယခုနှစ်တွင် ကျရောက်သည့် အာဇာနည်နေ့သည် ပိုမိုထူးခြားလေးနက်သည့် အသွင်ကို ဆောင်နေသည်ဟု
ခံစားမိပါသည်။
မိုးအေးအေးနှင့် အာဇာနည်ကြီးများနှင့်
ပတ်သက်သော စာအုပ်စာတမ်းများကို လက်လှမ်းမီသရွေ့ ဖတ်ရှုမိသည်။ အာဇာနည် ခေါင်းဆောင်ကြီးများ၏
စွမ်းဆောင်ခဲ့မှုအစုစုက သီဖွဲ့၍ မကုန်၊ စာစီရုံနှင့်မလုံလောက်၊ ဂုဏ်ယူလေးစား၍ မဆုံးနိုင်ဖြစ်ရပါ၏။
လုပ်ဆောင်မှုတိုင်းက ခေတ်၏သမိုင်းအဖြစ် ရာဇဝင်တွင် တင်ကျန်ရစ်ခဲ့ပေပြီ။
ရာဇဝင်ကို ဖန်တီးသူများ
ဆရာကြီးဒေါက်တာသန်းထွန်းက
သမိုင်းသင်သည်မှာ မ ''အ''အောင်ဟု ဆိုပါသည်။ အလားတူ စာပေပညာရှင်များက မြန်မာရာဇဝင်ကို
သင်ကြား ပေးနေခြင်းမှာ အမျိုးနှင့်နိုင်ငံကို ချစ်တတ်လာစေရန် ရည်ရွယ်ကြောင်း ဆိုပါ
သည်။
ကျွန်ုပ်တို့ လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းကလည်း ထိုသို့ ရာဇဝင်များ သင်ယူရသည့်အပေါ် ထူးချွန်ထက်မြက်လှ သည့်
အတွေးအခေါ် ကောင်းတစ်ခုကို ဖော်ထုတ်ခဲ့ပါသေး၏။ ''ရာဇဝင် သင်သူသည် ရာဇဝင်အကြောင်းကို
သိနားလည်ရုံ သာမက ဖန်တီးသူ (ဝါ) ရာဇဝင်ကို ပြုလုပ်သူအဖြစ်လည်း ရောက်စေရမယ်...'' သို့ဖြစ်ရာ
မြန်မာ့ သမိုင်းရာဇဝင်ကို ဆက်လက် ဖော်ဆောင်မည့် ကျွန်ုပ်တို့ နောင်လာနောက်သား မျိုးဆက်များအနေဖြင့်
အတိတ်ကိုသင်ခန်းစာယူ၊ ပစ္စုပ္ပန်တွင် အကောင်း ဆုံးကြိုးစားခြင်းဖြင့် အနာဂတ်ကောင်းကို
ပုံဖော်နိုင် မည်ဖြစ်ပြီး သို့မှသာ သမိုင်းကြောင်းလည်း ကောင်းမွန်မည် ဖြစ်ပါသည်။
ဘာကြောင့်တသ ထာဝရ
ပြည်ထောင်စုသားအားလုံးက
ထာဝရမမေ့နိုင်အောင် အာဇာနည် ခေါင်းဆောင်ကြီးများ ဘာတွေကြိုးပမ်း၊ ဘာတွေစွမ်းဆောင်ပြီး
နိုင်ငံတော်၏ အနာဂတ်ခရီးကို ပုံဖော်ရန် မည်သို့ဆောင်ရွက်ခဲ့သည်ကို စေ့ငုကြည့်နေမိ ပါသည်။
ကျွန်ုပ်တို့နိုင်ငံသည်
လူမျိုးပေါင်းစုံနေထိုင်သော နိုင်ငံဖြစ်၏။ တိုင်းရင်း သားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့်
မြန်မာနိုင်ငံ တွင် နိုင်ငံတည်ငြိမ်ရေး၊ အေးချမ်းရေးတို့အတွက် တိုင်းရင်းသားအချင်းချင်း
ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုသည် အသက် သွေးကြောပမာ အရေးကြီးလှပါသည်။
ဗိုလ်ချုပ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
အရေးကြီးပုံကို ဂျပန်ခေတ် ၁၉၄၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ မြို့တော်ခန်းမတွင် မိန့်ခွန်းပြောကြားခဲ့စဉ်က
ထည့်သွင်းပြောကြားခဲ့ပါ၏။
''လွတ်လပ်ရေးနဲ့ အချုပ်
အခြာအာဏာကို အဓွန့်ရှည်စွာ ထိန်းသိမ်း သွားနိုင်ဖို့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ
အလွန်အရေးကြီးတယ်။ လိုအပ်တယ်''
ဗိုလ်ချုပ်ပြောခဲ့သည့်အချိန်က
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် လုံးဝမျှော်လင့် ချက်မရှိသေးချိန်၊ တိုင်းရင်းသား စည်းလုံး
ညီညွတ်ရေး၏ အမှတ်အသားဖြစ်သော ''ပင်လုံစာချုပ်''ကို အိပ်မက်ပင် မမက်နိုင်သေးချိန်ဖြစ်ပါ၏။
အမျိုးသားခေါင်းဆောင်ကြီး ၏ နိုင်ငံရေးအမြော်အမြင်ကြီးမားမှုက အံ့သြဖွယ် ကောင်းပေစွ။
ဗိုလ်ချုပ်တို့ အာဇာနည်ခေါင်းဆောင်ကြီးများက
အပြောနှင့်မဟုတ်၊ အလုပ်နှင့်ပါ သက်သေပြခဲ့ပါ၏။
နယ်ချဲ့နှင့်ဖက်ဆစ်အောက်
နှစ်ပေါင်း(၁ဝဝ)ကျော် ကျရောက်စဉ်ကာလ အတွင်း ၎င်းတို့၏သွေးခွဲအုပ်ချုပ်မှုများကြောင့် သားချင်းများအကြား
သံသယပွား၊ ရန်စများကို ဖြေဖျောက်ပေးနိုင်ခဲ့ပြီး ညီနောင်သားချင်းများ၏ တစ်စိတ် တစ်ဝမ်းတည်းသော
စည်းလုံးညီညွတ်မှုကို ပင်လုံဂုဏ်ပုဒ်ဖြင့် ဖော်ထုတ်ကာ တစ်မျိုးသားလုံး၏ ဘုံအရေးဖြစ်သည့်
လွတ်လပ်ရေးကို အရယူပေး နိုင်ခဲ့ပါသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ စစ်မှန်သောမျိုးချစ်စိတ်ဖြင့်
မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်မှုတို့၏ အသီး အပွင့်ပင်ဖြစ်ပါ၏။
ထိုစဉ်က စိတ်ကူးခဲ့သော
မြန်မာပြည် ဗိုလ်ချုပ်တို့ ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည်က အမျိုးသားစည်းလုံး
ညီညွတ်မှုဖြင့် ပေါ်ထွန်းလာသည့် လွတ်လပ်သော မြန်မာနိုင်ငံသစ်တွင် ပျော်ရွှင်ခိုင်မာခေတ်မီသော
နိုင်ငံတစ်နိုင်ငံအဖြစ် ဖန်တီးရန်ဖြစ်၏။
လွန်ခဲ့သော နှစ် (၇ဝ)
ကျော် တွေးခဲ့သော ခေတ်သစ်နိုင်ငံရေး အတွေးအခေါ်မှာ ယနေ့တိုင် သစ်လွင်တောက်ပနေဆဲ၊ အကောင်အထည်ဖော်
နေရဆဲ..။
မျက်မှောက်ခေတ် အမျိုးသားသွေးစည်းညီညွတ်ရေး
ကြိုးပမ်းလျက် ရှိရာတွင် အတိတ်ကပေးခဲ့သည့် သင်ခန်းစာကို သတိမူ၍ နိုင်ငံရေးပြဿနာ အရပ်ရပ်ကို
တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်း၊ မတူတာတွေဘေးဖယ်ပြီး တူညီသောဘုံအကျိုးကို ရှေးရှု လုပ်ဆောင်ခြင်း
စသည့် ငြိမ်းချမ်းစွာဖြေရှင်းနေမှု များကို မြင်တွေ့နေရပါသည်။
အလားတူ တိုင်းရင်းသား
သွေးချင်းများအကြား ဆူကြုံနိမ့်မြင့် နည်းနိုင်သမျှနည်းရလေအောင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်
ရေး၊ မြန်ပြည်တစ်ဝန်း သွားလမ်းသာ၍ လာလမ်းဖြောင့်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်
မြင့်မားရေးတို့အတွက် ဆောင်ရွက်နေသည်များမှာ ဗိုလ်ချုပ်တို့ အာဇာနည် ခေါင်းဆောင်ကြီးများ
မျှော်မှန်းခဲ့သည့် လမ်းစဉ်များကို အကောင်အထည် ဖော်ဆောင်နေခြင်းဖြစ်ကြောင်း လယ်ပြင်မှာ
ဆင်သွားသလို ထင်ရှားနေ ပါသည်။
ဤခရီးနီး၊ မနီးမှာမူ
မြန်မာပြည်ဖွား တိုင်းရင်းသား အားလုံး တို့၏ ပြည်ထောင်စု စိတ်ဓာတ် ထက်သန်ပြင်းပြမှုနှင့်အတူ
အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှု ဦးစီးဦးရွက်ပြုသူတို့၏ သဘောထားကြီးမားမှုနှင့်
နိုင်ငံနှင့် လူမျိုးတို့၏ အကျိုးစီးပွားကို ဆောင်ရွက် လိုစိတ် ခိုင်မာမြဲမြံမှုတို့အပေါ်တွင်
မူတည်နေပေသည်။
နည်းနဲ့လမ်းနဲ့ စည်းနဲ့ကမ်းနဲ့
''စည်းကမ်းရှိမှ တိုးတက်မည်''၊
''စည်းကမ်းသည် လူ၏တန်ဖိုး''စသည် ဖြင့် စည်းကမ်းနှင့် ပတ်သက်သည့် လမ်းညွှန်ဆောင်ပုဒ်
များစွာရှိပါသည်။ သို့သော် ဗိုလ်ချုပ်ကိုယ်တိုင် ဟောဟောဒိုင်းဒိုင်းပြောခဲ့သည့်စကားကို
လူတိုင်းက ပိုမိုစွဲလမ်းနှစ်သက် ကြသည်။ ကြားတိုင်းပြုံး၍ ဖတ်မိတိုင်း သဘောကျ ကြသည်။
''လွတ်လပ်ရေးကိုလိုချင်ရင်
လွတ်လပ်ရေးရတဲ့ စည်းကမ်းညီညွတ်မှု တွေကို ထိန်းထားပါ။ ထူထောင်မှုကိုလုပ်ကြပါ။ အဲဒီလို
လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေးအရသာကိစ္စအတွက် အလုပ်လုပ်တဲ့နေရာမှာ စည်းကမ်းရှိဖို့၊
ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့ ခင်ဗျားတို့ ××× ကျင့်တွေ ပြင်ဖို့လိုနေပြီလို့ ကျွန်တော်ပြောခဲ့မယ်''
ဖခင်ဗိုလ်ချုပ်အောင်ဆန်းက
ဒီမိုကရေစီကို လိုလားတောင့်တ ပါသည်ဟူသည့် မြန်မာပြည်သူတစ်ရပ်လုံးကို ဒီမိုကရေစီနှင့်
ထိုက်တန်သည့် စည်းကမ်းရှိရန် လိုအပ်ကြောင်း အခါမလပ် မီးမောင်းထိုးပြနေသည့်နှယ်။
ပုံပေါ်သင့်ပြီ မြန်မာပြည်
ကျွန်ုပ်တို့ မြန်မာလူမျိုးများသည်
ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှုနှင့် ရပ်တည်နိုင်ခဲ့ကြသူများဖြစ်၏။ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊
ကိုယ့်သာသနာ ကို ထိန်းသိမ်းစောင့်ရှောက်သည့် သန္ဓေကောင်းကို ပိုင်ဆိုင်ထားသူများ လည်းဖြစ်၏။
အမျိုးကို ချစ်မြတ်နိုးစိတ်၊ တိုးတက်လိုစိတ်ရှိသော ဝံသာနုရက္ခိတတရား ကိန်းအောင်းနေကြ
သူများလည်းဖြစ်၏။ ပင်ကိုပါရမီ ထူးချွန် ကြသူများလည်း ဖြစ်၏။
ပြည်ထောင်စုတည်းဟူသော
အိမ်ကြီးသာယာအေးချမ်းအောင်၊ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်မှာ အိမ်သူအိမ်သား ပြည်ထောင်စုတိုင်းရင်းသား
အားလုံး၏ မွေးရာပါတာဝန်ဖြစ်ပါ၏။
အာဇာနည်ခေါင်းဆောင်ကြီးများ
မျှော်မှန်းခဲ့သည့်၊ စိတ်ကူးခဲ့သည့် မြန်မာပြည်ကို လက်တွေ့အကောင်အထည်ဖော်ရမည့် အချိန်
ဖြစ်ပါသည်။ ကာလနှင့် တွက်စစ်ပါက များစွာပင်နောက် ကျနေပါပြီ။ နောင်မျိုး ဆက်သစ် များအတွက်
ကောင်းမွန်သော အနာဂတ်ကို လက်ဆင့် ကမ်းပေးသင့်နေပါပြီ။
အာဇာနည်နေ့ဆုတောင်း
ယနေ့ကာလလို ခေတ်ပြောင်းစနစ်ပြောင်းဖြင့်
ပြည်သူကို ဗဟိုပြုသည့် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် မြန်မာတစ်မျိုး သားလုံးပါဝင်သော
အမျိုးသားသွေးစည်းညီညွတ်မှု...ရကို ရရမည် စည်းကမ်းနှင့်အညီ ဒီမိုကရေစီထူထောင်မှု... အောင်ကို
အောင်မြင်ရမည်။
ပြည်ထောင်စုစိတ်ဓာတ်အရင်းတည်၍
အမျိုးသားစည်းလုံးညီညွတ်မှုကို အမြန်တည်ဆောက်ကြပါစို့။
နိုင်ငံနှင့်လူမျိုးတို့၏
အမျိုးသားအကျိုးစီးပွားကို ဖြစ်ထွန်းတိုးတက်စေမည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ထူထောင်ကြပါစို့။
ပြည်သူတစ်ရပ်လုံး၏
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် တစိုက်မတ်မတ် အကောင်အထည်ဖော်မည့်၊ ဒို့တာဝန် အရေးသုံး
ပါးကို မတိမ်းမစောင်း၊ သမိုင်းကောင်းအောင် ထိန်းကျောင်းပေးနိုင်မည့် အာဇာနည် ခေါင်းဆောင်ကောင်းများကို
ပြည်သူများ ကိုယ်တိုင် စစ်မှန်သော မျိုးချစ် စိတ်ဖြင့်ရွေးချယ်ပြီး အနာဂတ်နိုင်ငံတော်ကို
ပုံဖော်ဆောင်ရွက်ကြပါစို့။
သို့မှသာလျှင် အာဇာနည်ခေါင်းဆောင်ကြီးများ
ချမှတ်ခဲ့သော လမ်းစဉ်ကို အကောင်အထည်ဖော်ရာရောက်မည့်အပြင် ၎င်းတို့၏ ဂုဏ်ကျေးဇူးအထူးထူးကို
တုံ့ပြန်ကျေးဇူးဆပ်ရာလည်းရောက်ပြီး ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများက
ကောင်းမွန်ရာဘုံဘဝမှ ကြည်နူးကျေနပ်စွာ သာဓုခေါ်ဆို နိုင်မည်ဖြစ်ပါ၏။
ဇူလိုင်မိုးကတော့
တဖွဲဖွဲနှင့် ရွာနေဆဲပါပေ။ ။
ထက်မင်း
No comments:
Post a Comment