Friday, July 17, 2015

သံလွင်တံတား (ဖားဆောင်း)ဖွင့်ပွဲ အခမ်းအနားကျင်းပ



လွိုင်ကော် ဇူလိုင် ၁၇
သံလွင်မြစ်ကူးတံတား (၈)စင်းမြောက်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ တာဝန်ယူစဉ် (၈၅)စင်းမြောက် တံတားဖြစ်သည့် သံလွင်တံတား(ဖားဆောင်း)ကို ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်သည်။






အဆိုပါ တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီတွင် အဆိုပါတံတား မင်္ဂလာမဏ္ဍပ်၌ကျင်းပရာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဗဟိုကော်မတီဥက္ကဋ္ဌ ကိုယ်စား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးချစ်လှ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဒေသခံရှမ်းတိုင်းရင်းသား ဦးထွန်းလှိုင်၊ ကယား တိုင်းရင်းသူ ဒေါ်ညိုညိုအေးနှင့် ကရင် တိုင်းရင်းသား ဦးစောနိုးအာတို့က သံလွင်တံတား (ဖားဆောင်း)တည်ဆောက် ပေးခဲ့သည့် အတွက် နိုင်ငံ တော်အား ကျေးဇူးတင်ရှိကြောင်း ပြောကြားကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင်ဖွံ့ဖြိုးတိုးတက်မှု အားနည်း သည့် ပြည်နယ်ဖြစ်ပါကြောင်း၊ ယင်းအခြေ အနေများကို အမြန်ဆုံးရုန်းထွက်နိုင်ရန် နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အစိုးရတို့က အစွမ်းကုန်ဆောင်ရွက် နေကြပါကြောင်း၊ အစိုးရသစ် စတင်တာဝန်ယူချိန်တွင် ကယားပြည်နယ်အတွင်း လမ်းပန်းဆက်သွယ် ရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့်ကဏ္ဍများတွင် အားနည်းခဲ့သော်လည်း ယခုအခါ တွင် နယ်မြေအေးချမ်း သာယာ လာပြီဖြစ်သည့်အတွက် ဒေသတွင်း ဖွံ့ဖြိုးတိုးတက် စေရန် ဆောက်လုပ်ရေးလုပ်ငန်းများကို အားသွန် ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် လွိုင်ကော်-ဖားဆောင်းကို (၃)နာရီခွဲ (၄)နာရီဖြင့် သွားလာနိုင်ပြီ ဖြစ်ပါကြောင်း။
ယခင်က မယ်စဲ့မြို့နယ်မှ လွိုင်ကော်သို့ သွားရောက်ပါက သံလွင်မြစ်ကို ဇက်သမ္ဗာန်များဖြင့် ဖြတ်သန်းရသည့် အတွက် အချိန်များစွာကြန့်ကြာခဲ့ပါကြောင်း၊ ယခုအခါ ဖားဆောင်းတံတားကြီးကို တည်ဆောက်နိုင်ခဲ့သည့် အတွက် လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ပါကြောင်း၊ မကြာမီ မယ်စဲ့မြို့နယ် BP-13 တွင် ထိုင်း နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ရာ မယ်စဲ့ -ဖားဆောင်း -ဘောလခဲ-လွိုင်ကော်ကား လမ်းမကြီးသည် ပြည်နယ်၏အဓိက ကုန်သွယ်မှုလမ်း ကြောင်းကြီးအဖြစ် ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ယင်းလမ်းတစ်လျှောက်ရှိ မြို့နယ် ကျေးရွာများသည်လည်း ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ဒေသခံပြည်သူ များ၏၀င်ငွေမှာလည်း ပိုမိုရရှိလာတော့မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် သံလွင်တံတား(ဖားဆောင်း)ကို ကယားပြည်နယ်မှ ထူးချွန်လူငယ် (၃)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံသာရည်ဖြင့် ပက်ဖျန်း ပေးကြပြီး တံတားပေါ်မှဖြတ်သန်းကြည့်ရှုကာ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖားဆောင်းမြို့ ဒက္ခိဏာရုံကျောင်း ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များအား ၀ါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းသည်။
ယနေ့ဖွင့်လှစ်သည့် သံလွင်တံတား(ဖားဆောင်း)သည် ဖားဆောင်း-မယ်စဲ့- နန့်မန်းလမ်းပေါ်တွင်တည်ရှိပြီး သံလွင်မြစ်ကူးတံတားကြီးကို ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာန အထူးစီမံကိန်းကြီးအဖွဲ့(၄)က တာဝန်ယူ တည်ဆောက် ခဲ့ခြင်းဖြစ် သည်။ တံတားအရှည်မှာ (၁၂၆၀)ပေ၊ ယာဉ်သွားလမ်းအကျယ်(၂၄)ပေ၊ သံမဏိ သံပေါင်တံတား အမျိုးအစားဖြစ်သည်။
သံလွင်တံတား(ဖားဆောင်း)ကို တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် သံလွင်မြစ်၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို အတားအဆီးဖြစ်နေသည့် သံလွင်မြစ်ကို ဖြတ်သန်း၍ ပြည်နယ်၊ ပြည်မများသို့ ခရီးဆက်သွယ် သွားလာ နိုင်တော့မည်ဖြစ်သည်။
သံလွင်မြစ်ပေါ်တွင် ကွမ်းလုံတံတားကို ၁၉၆၆ခုနှစ်တွင်လည်းကောင်း၊ တာကော တံတားကို ၁၉၇၄ ခုနှစ်တွင် လည်းကောင်း၊ သံလွင်တံတား(တာကော်အက်)ကို ၁၉၉၇ခုနှစ်တွင်လည်းကောင်း၊ သံလွင်တံတား (ဘားအံ)ကို ၁၉၉၇ခုနှစ်တွင် လည်းကောင်း၊ သံလွင်တံတား(တာဆန်း)ကို ၁၉၉၉ ခုနှစ်တွင်လည်းကောင်း၊ သံလွင် တံတား(မော်လမြိုင်)နှင့် သံလွင်တံတား (တာပါး)တို့ကို ၂၀၀၅ ခုနှစ်တွင်လည်းကောင်း၊ သံလွင်တံတား (ဖားဆောင်း) ကို ၂၀၁၅ခုနှစ် ယနေ့တွင်လည်းကောင်း ဖွင့်လှစ်နိုင်ခဲ့၍ စုစုပေါင်းတံတား(၈)စင်း တည်ဆောက် ခဲ့ပြီး ဖြစ်သည့်အပြင် သံလွင်တံတား(ချောင်းဆုံ) ကိုလည်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည် ဆောက်လျက် ရှိသည်။

No comments:

Post a Comment