ရန်ကုန် ဇူလိုင် ၂၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့
(၄၇)ပါးစုံညီ အဋ္ဌမ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်(၈)နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ
ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပရာ သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့
ဗန်းမော်ကျောင်း တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ
ကုမာရဘိဝံသ က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက် အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တ ဓမ္မ ပါလာ ဘိဝံသက ဆောင်ရွက်တော်မူသည်။
အစည်းအဝေးတွင် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ တာဝန်ကျရာ
ကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာ၊ သာသနာရေးဆိုင်ရာနှင့် ပညာရေးဆိုင်ရာ
ဆောင်ရွက်ချက်များအပေါ် အဖွဲ့ဝင် ဆရာတော်များက ဝေဖန်ဆွေးနွေးတော်မူကြသည်။ ထို့နောက်
ဝိနိစ္ဆယရေးရာ၊ သာသနာ ရေးဆိုင်ရာနှင့် ပညာရေးဆိုင်ရာများဖြင့် စပ်လျဉ်းဆွေးနွေး ဆုံးဖြတ်တော်
မူကြသည်။
ဆက်လက်၍ သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
(ပထမအဖွဲ့ခွဲ) ၏ တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်၊ အစီရင်ခံစာ၊ ဝေဖန်ဆွေးနွေးချက်များ
နှင့်စပ်လျဉ်း၍ ဝိနိစ္ဆယရေးရာ၊ သာသနာရေး ဆိုင်ရာနှင့် ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍
အဖွဲ့ဝင်ဆရာတော်များက ပြန်လည်ရှင်းလင်း လျှောက်ထားတော်မူကြပြီး ဒုတိယအကြိမ် တာဝန်ကျရာကာလအတွင်း
ဆောင်ရွက်ချက် အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သမ္မဇောတိက ဓဇ
ဘဒ္ဒန္တဓမ္မပါလာဘိဝံသက အတည်ပြုချက်ရယူပြီး အစည်းအဝေးသို့ ကြွရောက် လာသည့် ဆရာတော်များ
အားလုံးက ဇယန္တော ဗောဓိယာမူလေ အစချီသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူပြီး သာဓုသုံးကြိမ်
ခေါ်ဆိုကာ သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဋ္ဌမ အစည်းအဝေးကို မွန်းလွဲပိုင်းတွင်
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
ယနေ့ အစည်းအဝေးသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်
ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂ မဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရဘိဝံသ အမှူးပြုသော
နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ကြသည်။



No comments:
Post a Comment