Sunday, July 12, 2015

မြန်မာ့ရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ခြေလှမ်းကောင်းများ စတင်နိုင်တော့မည်

၁၉၅၂ ခုနှစ်မှစတင်၍ ချီးမြှင့်ပေးခဲ့သည့် ရုပ်ရှင် ထူးချွန်ဆုပေးပွဲများကို နှစ်တစ်နှစ်၏ ကုန်ဆုံးသောလ တွင်သာ ကျင်းပခဲ့ပြီး သူ့နှစ်အလိုက် ဆုများရွေးချယ်မပေး နိုင်ဘဲ တစ်နှစ်နောက်ကျ၍သာ ဆုများအားပေးအပ်ချီး မြှင့်နိုင်ခဲ့သည်။ ထို့ကြောင့် လာမည့် (၅၈) ကြိမ်မြောက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုမူ သူ့နှစ်အလိုက်ဆုများ ချီးမြှင့် ပေးနိုင်ရန်အတွက် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလောက်မှ သာကျင်းပသွားမည်ဟု သိရသည်။

''အစ်ကိုတို့အကယ်ဒမီက တစ်ခါတလေ တစ်နှစ် နောက်ကျ၊ တစ်ခါတလေ တစ်နှစ်ခြားပြီးမှသာပေးနိုင်တဲ့ အခြေအနေဖြစ်တော့ အကယ်ဒမီကားရုံတင်တဲ့အချိန်မှာ အဲ့ဒီကားကရုံပေါ်မှာလည်း မရှိတော့ဘူး။ ပရိသတ် ရင်ထဲမှာလည်း မရှိတော့ဘူး။ အဲဒီတော့ ကားဟောင်းကြီးကိုပဲ ပြန်ပေးနေရသလိုကြီး ခံစားနေရ တာလေ။ လတ်လတ် ဆတ်ဆတ် အနုပညာအရလည်း update ဖြစ်အောင်၊ တစ်နှစ်ပြီးတာနဲ့တစ်နှစ် ပေးနိုင်တဲ့ အစီအစဉ်ဖြစ်သွား အောင်လို့ ဒီနှစ်မှာတော့ နှစ်နှစ်စပြီးပေါင်းလိုက်တာပါ။
ဒါမှ နောက်နှစ် နောက်နှစ်တွေမှာ မှန်သွားမှာပေါ့။ အရင်တုန်း ကတော့ ဒီဇင်ဘာနောက်ဆုံးပတ်တွေမှာ လုပ်တာပါ။
ဒီဇင်ဘာနောက်ဆုံးပတ်ဆိုတာက ပွဲလမ်းသဘင်တွေ အင်မတန်များတော့ အကယ်ဒမီပွဲအပေါ် ပရိသတ် စိတ်ဝင်တစား မျှော်လင့်မှုနည်းပါးတာတွေ့ရတယ်။ နောက်တစ်ခုက တစ်နှစ်ပြီး တစ်နှစ် ပေးမယ်ဆိုရင် အဲ့ဒီနှစ်ရဲ့ ဒီဇင်ဘာ ၃၁ ရက် ထိ ရုံတင်နေတဲ့ ဇာတ်ကားတွေကို ပါ စိစစ်အကဲဖြတ်ရမှာဖြစ်တဲ့အတွက် အနည်းဆုံးနှစ်လ လောက်နောက်ဆုတ်ပြီးမှ ပွဲကိုကျင်းပပါမယ်''ဟု မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောသည်။
ထို့ကြောင့် (၅၈) ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲတွင် နှစ်နှစ်ပေါင်းပြုလုပ်သည့်အတွက် သတ်မှတ် အကယ်ဒမီဆု ၂၂ ဆုရှိမည်ဖြစ်ပြီး ရမှတ်များပေါ်မူတည်၍ အကယ်ဒမီ ဆုများရွေးချယ်ချီးမြှင့်သွားမည် ဖြစ် သည်။
မြန်မာ့ရုပ်ရှင်ကို ၁၉၂ဝ ပြည့်နှစ် သြဂုတ်လတွင် ကွယ်လွန်သွားပြီဖြစ်သည့် ဆရာကြီးဦးအုန်းမောင်က ကိုယ်စားလှယ်တော်ကြီး ဦးထွန်းရှိန်၏ဈာပန သတင်းကား တိုလေးကို အင်္ဂလိပ်ကောင်းဘွိုင်ကားနှင့်တွဲပြီး ယခု ဗိုလ်ချုပ်အောင်ဆန်း ဈေးကြီးမဆောက်ခင်က ရှိခဲ့သည့် ပဲရစ်ရုပ်ရှင်ရုံတွင် စတင်ပြသခဲ့ရာမှ မြန်မာ့ရုပ်ရှင် လောက စတင်ခဲ့သည်။
စတင်ခဲ့သည့် စစ်ကြိုခေတ်တွင် ပြည်တွင်းရုပ်ရှင်ထုတ်လုပ်နိုင်မှုမှာ ၁၉၂ဝ မှ ၁၉၄၁ ခုနှစ်ထိ ၆၉ ကား၊ အသံတိတ်ခေတ်တွင် ၅၆ ကား၊ အသံထွက်ခေတ်တွင် (သံစုံသွင်း)ခုနစ်ကား ဖြစ်သည်။ ၁၉၆၈ ခုနှစ် ဒီဇင်ဘာတွင်မှု ရုပ်ရှင်ရုံများနှင့် ရုပ်ရှင်ပြသနေမှုလုပ်ငန်းများကို ပြည်သူ ပိုင်အဖြစ် ပြုလုပ်ခဲ့သည်။ ထိုခေတ် တွင်တစ်နှစ်ပျမ်းမျှ ကား ၁၁ဝ၊ ၁၉၆၉ မှ ၁၉၈၈ ထိ တစ်နှစ် ပျမ်းမျှ ၁ဝ၁ ကားထိ ပြသနိုင်ခဲ့သည်။
၁၉၉၅ နောက်ပိုင်းတွင် နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၃၅ ရုံအား ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချခဲ့သည်။ ထိုအထဲတွင် လုပ်ငန်းပြောင်းလုပ်ကိုင်ခွင့် ရရှိသည့် ရုပ်ရှင်ရုံ ၃၈ ရုံ၊ မူလလုပ်ငန်းပြန်မလုပ်ရသည့် မြေနေရာ လေးနေရာနှင့် မူလလုပ်ငန်း ပြန်လည်လုပ်ကိုင်ရ မည့် ရုပ်ရှင်ရုံ ၉၃ ရုံတို့ ပါဝင်သည်။
ထိုအထဲမှ မူလလုပ်ငန်းပြန်လည်လုပ်ကိုင်ရမည့် condition ပါ ရုပ်ရှင်ရုံ ၉၃ ရုံမှာ ရန်ကုန်မြို့တွင် ၁၃ ရုံ၊ အထက်မြန်မာပြည်တွင် ၄၅ ရုံ၊ အောက်မြန်မာပြည်တွင် ၃၅ ရုံဖြစ်သည်။ သို့သော်လည်း ၇၃ ရုံသည် မူလ လုပ် ငန်းများ ပြန်လည်လုပ်ကိုင်ခြင်းမရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ပြန်လည်လုပ်ကိုင်ရမည့် ရုပ်ရှင်ရုံ ၁၃ ရုံရှိရမည့်အနက် ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ရွှေရတနာ ရုပ်ရှင်ရုံသာ ဆက်လက်လုပ်ကိုင်လျက်ရှိပြီး ကျန်ရုပ်ရှင်ရုံ များသည် မူလအတိုင်း ဖြိုဖျက်ခွင့်၊ ဖြိုဖျက်ဆဲ၊ ဖြိုဖျက်ပြီး အဆောက်အအုံဟောင်းများသာ ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ၁၉၆၈ မှ ၁၉၈၈ ခုနှစ်ထိ တစ်နှစ်ပျမ်းမျှ ရုပ်ရှင်ဇာတ်ကား ၁ဝဝ ကျော်ရှိခဲ့ရာမှ အကြောင်းအမျိုး မျိုးကြောင့် ရုံတင်ပြသမှုများ တစ်စတစ်စတိမ်ကောလာပြီး ၁၉၈၉ မှ၂ဝဝ၄ ခုနှစ်ထိ တစ်နှစ်ပျမ်းမျှ ၂၆ ကားသာ ပြသနိုင်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်ထိတွင်မှု တစ်နှစ်ပျမ်းမျှ ရုပ်ရှင်ဇာတ်ကား ၁၅ ကားသာပြသနိုင် တော့သည်။
''ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်ကကော၊ သက်ဆိုင်ရာဌာနတွေရော၊ အနုပညာရှင်တွေရော အားလုံး အခုအချိန်မှာ ဝိုင်းဝန်းကြိုးစားနေကြပါတယ်။
ကြိုးစား နေတဲ့အပေါ်မှာ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင် ကြဖို့ တိုက်တွန်းလိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လတ်တလော ဖြစ်သွားတဲ့ ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားလို အွန်လိုင်းမှာ တရားမဝင် ပျံ့နှံ့ခဲ့တဲ့အတွက် ရုပ်ရှင်ထုတ် လုပ်သူတွေနဲ့ တရားဝင်ပြသနေတဲ့ ရုပ်ရှင်ရုံလုပ်ငန်းတွေ အတွက် များစွာ ထိခိုက်နစ်နာရတယ်။ ရုပ်ရှင်လုပ်ငန်းတိုး တက်ဖွံ့ဖြိုးဖို့ နှောင့်နှေးနိုင်ပါတယ်။ ဒါ့ကြောင့် ခိုးကူး ဗီဒီယို ဇာတ်ကားတွေသာမက သီချင်းခွေတွေကို တာဝန် သိပြည်သူ တစ်ယောက်အနေနဲ့ ရောင်းချခြင်းမပြု လုပ်ကြဖို့နဲ့ ဝယ်ယူကြည့်ရှုသူ ပြည်သူတွေအနေနဲ့လည်း ဒီလိုတရား မဝင် ကြည့်ရှုတာဟာ ဥပဒေနဲ့ မလွတ်ကင်း ပါလားဆိုတဲ့ အသိစိတ်ဓာတ်လေးနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုပါ တယ်။ အခုလည်း ရုပ်ရှင်လုပ်ငန်းအဆင့်မြှင့်တင်ဖို့ Digital ရုပ်ရှင်ရုံတွေအပြင် မူလလုပ်ငန်းပြန်လည်လုပ် ကိုင်ရမယ့် ရုပ်ရှင်ရုံ ၉၃ ရုံကိုလည်း ၂ဝ၁၆ ခုနှစ်မှာ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ'' ဟု မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး ဌာနခွဲမှ တာဝန်ရှိသူ ဦးသိန်း နိုင်က ပြောသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် ရုံတင်ပြသနေ သည့် ရုပ်ရှင်ရုံပေါင်း ၃၉ ရုံ၊ ပိတ်ကား ၅ဝ ရှိပြီး ယင်းတို့အနက်မှ ရုပ်ရှင်ရုံ ၁၈ ရုံနှင့် ပိတ်ကား ၂၇ ကား သည် နိုင်ငံတော်မှ နှစ်ရှည်ငှားရမ်းထားသည့် ရုံများဖြစ် သည်။ ကျန် ရုံများမှာမူ ပုဂ္ဂလိကပိုင် ဖြစ်သည်။ ၂ဝ၁၄ခုနှစ် အတွက် အကယ်ဒမီတန်းဝင် ရုပ်ရှင်ဇာတ်ကားမှာ ၁၇ ကားရှိပြီး ယင်ဇာတ်ကား များထဲမှ အကယ်ဒမီ ၁၁ ဆုကိုရွေးချယ်ပေးမည်ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်အတွက် လက်ရှိတွင် ရုပ်ရှင်ဇာတ်ကား ၁ဝ ကားရှိပြီး ဇူလိုင်လထိ ရိုက်ကူးခွင့် တင်ထားသော ရုပ်ရှင်ကားများမှာ ၃ဝ ကျော် ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။
ထို့ကြောင့် ရုပ်ရှင်ဇာတ်ကားများ များစွာထုတ်လုပ် လာနိုင်သည့်အပေါ် ပြသပေးမည့် ရုပ်ရုပ်ရုံ များစွာက လည်း လိုအပ်လျက်ရှိနေသည်။ ရုံတင်ပြသနိုင်မှသာ အကယ်ဒမီစာရင်းဝင်နိုင်မည် ဖြစ်သောကြောင့် ရုပ်ရှင်ရုံ များ ပြသပေးနိုင်မှုများပြားလာပါက ထုတ်လုပ်သူများလည်း သူ့ထက်ငါ အရည်အသွေးကောင်းအောင် ပြုလုပ်လာ ကြမည့်အပြင် ထူးချွန်သည့် အနုပညာရှင် အတတ်ပညာ ရှင်များစွာလည်း ပေါ်ပေါက်လာမည် ဖြစ်သည်။ မြန်မာ နိုင်ငံတစ်ဝန်းရှိ ပရိသတ်များအတွက်လည်း အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ရာ ဤအရာများသည် မြန်မာ့ ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ခြေလှမ်းကောင်း များပင်ဖြစ်ပါတော့သည်။
(ခင်ဇာလီ)

No comments:

Post a Comment