Sunday, July 12, 2015

အရေးပေါ်ကုသမှုအဆင့်မြှင့်တင်ခြင်း

ပါမောက္ခ ဒေါက်တာဇော်ဝေစိုး
(ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)
လူတိုင်းလူတိုင်း အသက်ရှည်ကျန်းမာရေးတွင် အရေးပေါ် ကျန်းမာရေး အခြေအနေများသည် အဓိက အခန်းကဏ္ဍ အနေဖြင့် ပါဝင်လျက်ရှိသည်။ အရေးပေါ် ကျန်းမာရေးဆိုသည်မှာ အချိန်၊နေရာ၊ အသက်အရွယ်၊ လူမျိုးဘာသာမရွေး ရုတ်တရက်မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် ကျန်းမာရေးနှင့်ပတ်သက်သည့် အရေးပေါ် အခြေအနေများကို ဆိုလိုပါသည်။ ဥပမာ-
ရုတ် တရက် ရင်ဘတ်အောင့်ခြင်း၊ ရုတ်တရက်အသက်ရှူကျပ် ခြင်း၊ ရုတ်တရက်သတိလစ် မေ့မြောခြင်း၊ ရုတ်တရက် ဝမ်းဗိုက်အောင့်ခြင်း၊ သွေးအန်ခြင်း၊ သွေးသွန်ခြင်း၊ ရုတ်တရက်အပူလွန်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများ စသည်ဖြင့်ပါဝင်သည်။ အဆိုပါအရေးပေါ် အခြေ အနေများသည် အချိန်မီကုသမှုခံယူပါက အသက်အန္တရာယ်ကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ပြီး အချိန်မီကုသမှု မရရှိပါက အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ရှိသော အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။ ဖော်ပြပါအခြေ အနေများကို အချိန်မီထိရောက်စွာကုသနိုင်စေရေးအတွက် ဆေးရုံမရောက်မီနှင့် ဆေးရုံအရေးပေါ်ဌာနတွင် ကုသခြင်းဟူ၍ ကဏ္ဍနှစ်ခု ခွဲခြားနိုင်ပါသည်။
(၁) ဆေးရုံမရောက်မီပြုစုကုသမှု
ဆေးရုံမရောက်မီ ထိရောက်သော ပြုစုကုသမှု ရရှိရန်အတွက် ရှေးဦးသူနာပြုစုခြင်းနှင့် အရေးပေါ်လူနာ တင်ယာဉ် (ကုန်း၊ ရေ၊ လေ)သယ်ယူပို့ဆောင်ပြုစုရေး စနစ်များဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါသည်။ လေ့လာ ချက်များအရ မြန်မာနိုင်ငံတွင် ဆေးရုံရောက်လူနာများ၏ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိသာ အရေးပေါ်ရှေးဦး သူနာပြုစုမှုနှင့် အရေးပေါ်လူနာတင်ယာဉ်စနစ်ဖြင့် သယ်ယူပြုစုမှုရရှိကြပါသည်။ ယခုအခါ နိုင်ငံတော်မှ ဦးဆောင်လျက် ဌာနပေါင်းစုံ၊ လူမှုရေးအသင်းအဖွဲ့ ပေါင်းစုံနှင့် ပြည်သူလူထုပါဝင်သော အရေးပေါ်လူနာ တင်ယာဉ်စနစ် ပေါ်ပေါက်ရေး ဆောင်ရွက်လျက်ရှိပါသည်။ ဇွန် ၂၅ ရက်က မြန်မာနိုင်ငံ အရေးပေါ်လူနာ တင်ယာဉ်စနစ် ပေါ်ပေါက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အဖွင့်အမှာစကားပြောကြားပြီး ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ဒုတိယသမ္မတ က မြန်မာနိုင်ငံ ရေမြေသဘာဝနှင့် သင့်လျော်မည့် အရေးပေါ်ဆေးကုသမှု လူနာတင်ယာဉ်စနစ်တစ်ခု ပေါ်ပေါက်ရေးသည် အလွန်အရေးကြီးပြီး အထူးလိုအပ် နေသည့် လုပ်ငန်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
(၂) ဆေးရုံ အရေးပေါ်ဌာနကုသမှု
ကျန်းမာရေးဝန်ကြီးဌာနသည် အရေးပေါ်ကုသမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလျက် ရှိရာ ၂ဝ၁၃ ခုနှစ် နိုင်ဝင်ဘာ ၁ ရက်မှစတင်၍ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ခုတင် (၁ဝဝဝ) ဆေးရုံကြီးနှင့် မန္တလေးဆေးရုံကြီးများတွင် ခေတ်မီ အရေးပေါ်ဌာနများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ခေတ်မီ ဆေးဝါးများနှင့်အရေးပေါ်ကုသမှုများသည် အခမဲ့ဖြစ်သည်။ လိုအပ်သော ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်မှအစ သွေးစစ်ခြင်း၊ သွေးသွင်းခြင်းများသည် အခမဲ့ဖြစ်သည်။
ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ၂ဝ၁၃ တွင် အရေး ပေါ်ကုသမှုဆေးပညာအထူးကုဆရာဝန် ၁၈ ဦးနှင့် ၂ဝ၁၅ တွင် ရှစ်ဦး မွေးထုတ်ပြီး ၂ဝ၁၅ မှစ၍ မဟာ သိပ္ပံဘွဲ့လွန်အထူးကု ဆရာဝန်များ M.Med.Sc (Emergency Medicine)၂၅ ဦးအား သင်ကြားလျက်ရှိသည်။ အဆိုပါအထူးကုဆရာဝန်များ ကျောင်းဆင်းသည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံကြီးများတွင် အထူးကုဆရာဝန်များအဖြစ် တာဝန်ထမ်းဆောင်ရင်း သက်ဆိုင်ရာဆေးရုံများ၊ အရေးပေါ် ဌာနများကို ခေတ်မီ ကုသမှုများရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့ရာတွင် လတ်တလော အခြေအနေအရ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အရေးပေါ်ကုသမှုလုပ်ငန်းများ မှာ အားနည်းနေဆဲပင်ဖြစ်သည်။ အခြေခံကျန်းမာရေး စောင့်ရှောက်မှုပြုသည့် ကျေးလက်နှင့် မြို့နယ်များ အတွက် အရေးပေါ်ဆေးကုသမှုပညာရှင်များ လိုအပ် လျက်ရှိပါသည်။
အထက်ပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဆေးက္ကသိုလ်(၁)ရန်ကုန်သည် ၂ဝ၁၅ စာသင်နှစ်တွင် အခြေခံ အရေးပေါ် ကုသမှု ဆေးပညာဒီပလိုမာ (Diploma in Primary Emergency Care)သင်တန်းကို ဖွင့်လှစ်သင် ကြားရန် စီစဉ်ထားပြီးဖြစ်ပါ သည်။ ဤဒီပလိုမာသင်တန်းအား ဖွင့်လှစ်သင်ကြားရခြင်း မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် ခေတ်မီအရေးပေါ်ဌာနများ ဖွံ့ဖြိုးပေါ်ပေါက်လာရေးနှင့် မြို့နယ်တိုင်းတွင် အရေးပေါ်ကုသမှုဆေးပညာရှင်များ ထားရှိနိုင်ရေးအတွက် ရည်ရွယ်ပါသည်။
အရေးပေါ်အသက်ကယ်ကုသမှု တတ်မြောက် ကျွမ်းကျင်သည့် ဆရာဝန်များသည် မိမိတို့သက်ဆိုင်ရာ ဒေသဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်ခြင်း၊ ဝန်ထမ်းမဟုတ်သော ဆရာဝန်များသည် မိမိတို့ဒေသ အတွင်း လူထုနှင့် အနီးကပ်ကုသမှုပေးခြင်းများဖြင့် မလိုလားအပ်သော ရောဂါပိုမိုဆိုးရွားစေခြင်း၊ အသက် သေဆုံးခြင်းများအား လျှော့ချနိုင်မည်ဟု ယုံကြည်ပါ သည်။ ထို့ပြင် အဆိုပါဘွဲ့ရများသည် သက်ဆိုင်ရာဒေသ ၏ အရေးပေါ်လူနာတင်ယာဉ်များ ဖွံ့ဖြိုးရေး၊ အရေး ပေါ်ကုသမှုပညာရပ်ပြန့်ပွားရေး၊ အခြေခံအသက်ကယ် နည်း၊ ရှေးဦးသူနာပြုစုနည်းများအား ပြည်သူလူထု အတွင်း ပြန့်ပွားစေရေးတို့ကို ဆောင်ရွက်မည့် အခြေခံ အရင်းအမြစ်များလည်း ဖြစ်လာနိုင်ပါသည်။ အရေးပေါ် ကုသမှုများ အဆင့်မြှင့်တင်မှု လုပ်ငန်းများသည် မိမိကိုယ်တိုင် သို့မဟုတ် မိမိ၏မိသားစု သို့မဟုတ် မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီးများနှင့် နိုင်ငံတော်အတွက် ကြိုတင် ပြင်ဆင်ခြင်းပင်ဖြစ်ပါကြောင်း တင်ပြရင်း အရေးပေါ် ကုသမှုကို အဆင့်မြှင့်တင် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။ ။

No comments:

Post a Comment