Friday, July 3, 2015

ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ၇၁ ရက်မြောက်နေ့ကျင်းပ




နေပြည်တော် ဇူလိုင် ၃
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၇၁ ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀) နာရီတွင် ကျင်းပသည်။

အစည်းအဝေးတွင် စဥ့်ကိုင်မဲဆန္ဒနယ်မှ ဦးကြည်ပြုံး၏ ဆည်မြောင်းစီမံကိန်းနှင့် ရေအရင်းအမြစ် အသုံးချရေး စီမံကိန်းများ ကို ရေပေးမြောင်းစနစ်များသာမက ရေထုတ်မြောင်းစနစ်များကိုပါ ထည့်သွင်း၍ တစ်ပါတည်း ပူးတွဲတည်ဆောက်ပေး ရန် မေးခွန်းနှင့်စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်က ဆည်မြောင်းဦးစီး ဌာနနှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန များအနေဖြင့် နိုင်ငံတစ်ဝှမ်းတွင် တည်ဆောက်ပြီး ရေလှောင် တမံ၊ ရေလွှဲဆည်၊ ဆည်ရေသောက်စနစ်နှင့် မြစ်ရေတင်စီမံကိန်းများကို စနစ်တကျထိန်းသိမ်းပြီး စိုက်ပျိုးရေးအတွက် လိုအပ်သောရေကို လိုအပ်သည့် အချိန်၌ လိုအပ်သောပမာဏအ တိုင်း လေလွင့်မှုအနည်းဆုံးဖြင့် ပေးဝေနိုင်ရန် စီမံဆောင်ရွက် လျက်ရှိပါ ကြောင်း။
ထို့ပြင် စိုက်ပျိုးပြီးသီးနှံများ ရေကြီးနစ်မြုပ်ခြင်း၊ ရေငန်ဝင်ရောက်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေ ရန် ရေဘေးကာကွယ်ရေး တာတမံ၊ ရေငန်တားတာနှင့် ရေတံခါးများတည်ဆောက်ခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ ဒေသလိုအပ်ချက်အရ ဦးစားပေးအစီအစဉ်သတ်မှတ်ကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်လျာထားသည့် ဆည်မြောင်းစီမံကိန်းများနှင့် မြစ်ရေတင်စီမံကိန်းများ၏ ဆည်ရေသောက် စနစ်များတွင် ရေပေးမြောင်းများ သာမက ပိုလျှံရေများကို ထုတ်နုတ်နိုင်မည့် ရေထုတ်မြောင်းများကို တစ်ပါတည်း ပူးတွဲတည်ဆောက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။
ချီဖွေမဲဆန္ဒနယ်မှ ဦးဇုန်းတိန့်၏ ဝေးလံခေါင်သီသော ဒေသများတွင် တာဝန်ထမ်းဆောင် လျက်ရှိ ကြသော နိုင်ငံ့ဝန်ထမ်းများ ခံစားလျက်ရှိသည့် ဒေသစရိတ်နှုန်းထားများအား ယာယီပြင်ဆင် လျှော့ချထား ခြင်းကို အမြန်ဆုံးပြန်လည် ထပ်မံတိုးမြှင့်ပေး သွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ လင်းအောင်က၂၀၁၅ ခုနှစ် ဧပြီလ လစာမှစ၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို တိုးမြှင့်ပေးခဲ့ပြီး ဖြစ် ပါကြောင်း၊ ဒေသစရိတ်ခံ စားခွင့်ပြုထား သည့် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများအဖြစ် သတ်မှတ်ခဲ့သည့် မြို့နယ်(၁၁၀)ကို ပြန် လည်သုံးသပ်စိစစ်ရန်နှင့် ထပ်မံတင်ပြလာမှုများကို သတ်မှတ်စံနှုန်းနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ်သုံးသပ်နိုင်ရေး အတွက် ပြည်ထောင်စု အဆင့် စိစစ်ရေးကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် စိစစ်ရေးကော်မတီတို့ကို ဖွဲ့စည်းပြီး အခြေခံ စဉ်းစားရမည့်အချက် (၁၀)ချက်နှင့်အညီ စိစစ်သုံးသပ်သွားရန်စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် စိစစ်ရေးကော်မတီအနေဖြင့် သုံးသပ်မှုအစီရင်ခံစာကို ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီ သို့ တစ်လအတွင်းတင်ပြရန်နှင့် တင်ပြချက်များအပေါ် အမှတ်ပေး စနစ်ဖြင့် သုံးသပ်၍  လူမှုရေးခက်ခဲမှုမရှိ သည့် ဒေသ၊ လူမှုရေးခက်ခဲသော ဒေသနှင့် လူမှုရေးအခက်အခဲ ဆုံးဒေသများ ဟူ၍ ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ပြီး လူမှုရေးခက် ခဲသော ဒေသနှင့် လူမှုရေးအခက်အခဲ ဆုံးဒေသအဖြစ် သတ်မှတ်ခံရသည့် မြို့နယ်၊ ကျေးရွာများအ လိုက် ဒေသစရိတ် ခံစားခွင့်ပြုမည့် နှုန်းထား သစ်များကို တွက်ချက်၍ ပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုလတ်တလော၌ ဘဏ္ဍာရေး ၀န်ကြီးဌာနက ၂၀၁၅ ခုနှစ် ဧပြီလ ၁၀ ရက် ရက်စွဲဖြင့် ဒေသစရိတ်နှုန်းထားများကို ယာယီအစီအစဉ်ဖြင့် သတ်မှတ်ပေးခဲ့ ပါကြောင်း ဖြေကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေကြမ်း၊ သက်သေခံအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ရေနံ လက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်း တို့နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာများဖတ်ကြားပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
ထို့ပြင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြင်ဆင် ချက်မရှိ အတည်ပြု ခဲ့သည်။

No comments:

Post a Comment