ဆောင်းပါး-မျိုးသာထက်
ကြေးမုံကို အစိုးရသတင်းစာဟုသာ
နားလည်ထား သော်လည်း တစ်ခါတစ်ရံ လူထုအကျိုးပြုဆောင်းပါး ကောင်းများပါလျှင် သူငယ်ချင်းမိတ်ဆွေများကို
ကျွန်တော် လက်တို့တတ်သည်။
အစိုးရအာဘော်များကိုလည်း
မလွတ်တမ်းသိချင် သဖြင့် ကြေးမုံကို နေ့တိုင်းမပြတ် ကြိုးစားဖတ်ရသည်။ ဆိုခဲ့ပါအတိုင်း
လက်ကျလက်နမှန်စွာရေးထားသော (တစ်နည်း) သတင်းစာပညာ အပြည့်အဝသုံးပြီး မျှမျှတတ မှန်မှန်ကန်ကန်ရေးသားသော
သတင်းဆောင်းပါးတစ်ပုဒ်ကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၈ ရက်နေ့ထုတ်ကြေးမုံတွင် ဖတ်ရသောအခါ
အာသာပြေ၍ ကျေနပ်မှု ကိုရသည်။
မိတ်ဆွေသူငယ်ချင်းများလည်း
ဖတ်ကြည့်စိမ့်သောငှာ မိမိပိုင်ဖေ့စ်ဘုတ် အကောင့်မှနေ၍ ကြေညာမောင်းခတ်မိသည်။ ထို့ပြင်
တစ်ဝ ကျွန်တော့်အတွေ့အကြုံကိုလည်း ထပ်ဆောင်းပုံလောင်း သတင်းစကားပေးမိသည်။
ဖေ့စ်ဘုတ်တွင်ရေးသော်
ဖေ့စ်ဘုတ်မိတ်ဆွေလောက်သာ သိရမည်။ ကြေးမုံသတင်းစာမှနေ၍ မိမိယူဆချက် အတွေးအမြင်ကို ရေးသော်
တစ်နိုင်ငံလုံးအနှံ့ပျံ့၍ မူဝါဒချမှတ်သူများ၏ မျက်စိ၊ နားတို့ကို ဖြတ်သန်းရမူ ကလေးများအတွက်
အကျိုးထူးလေမည် လားဟု အကျိုးမျှော်ပြီး ညောင်ရေသွန်းဆောင်းပါးရေးရခြင်းဖြစ်သည်။
ကြေးမုံ၏ ဇူလိုင်
၈ ရက်မျက်နှာဖုံး သတင်းဆောင်းပါးကို ခင်လေးမြင့်အောင်က ''ကရဝိက်ဥယျာဉ် သို့မဟုတ် အများနှင့်
ဆိုင်သောကမ္ဘာ'' ခေါင်းစဉ်ဖြင့် ရေးသဖြင့် စိတ်ဝင်တစားဖတ်ကြည့်မိရာ အတော်လေးကောင်းမွန်ပြီး
အချက်အလက် ပြည့်စုံသော ဘက်စုံမျှတသည့် ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်နေသည်။ သို့အတွက်
ဦးစွာပထမ သတင်းဆောင်းပါး အားထုတ် ရေးသူနှင့် နေရာကောင်းပေးထည့်သွင်းသော အယ်ဒီတာကို
ကျေးဇူးတင်ရသည်။ မဖတ်ရသေးသော စာဖတ်သူများကိုလည်း သေချာဆက်ဆက် ဖတ်ကြည့်စေချင်ပါသည်။
ကိုယ်တွေ့ကြုံပန်းခြံ
ဆောင်းပါးရှင်က ကရဝိက်ဥယျာဉ်ဟု
အမည်မှန် ရေးပုံရသော်လည်း ငယ်စဉ်ကတည်းက ပန်းခြံနား ရပ်ကွက်တွင်နေခဲ့သော ကျွန်တော်တို့အတွက်
ကန်တော် ကြီး ပန်းခြံဟုသာ သိထားသည်။ ကျွန်တော်တို့ငယ်ငယ်က မနက်ပိုင်းလေ့ကျင့်ခန်းလုပ်၊
ပြေးလွှားရင်း ပန်းခြံတွင်း ရောက်တတ်သည်။ ကြီးကောင်ဝင်လာတော့ မိုးရွာလျှင် ပန်းခြံအထိပြေးလာတတ်ပြီး
ဘောလုံးကန်ကြ သည်။
အလွန်ပင်လွတ်လပ် ပေါ့ပါးပျော်ရွှင်ခဲ့ရသည်။ မည်သည့် ဝင်ကြေးမှလည်း မပေးရပါ။ ကလေးနှင့် လူငယ်များအတွက် လွတ်လပ် ပျော်ပါးဆော့ကစားရာ ကန်တော်ကြီး ပန်းခြံဖြစ်ခဲ့သည်။
အလွန်ပင်လွတ်လပ် ပေါ့ပါးပျော်ရွှင်ခဲ့ရသည်။ မည်သည့် ဝင်ကြေးမှလည်း မပေးရပါ။ ကလေးနှင့် လူငယ်များအတွက် လွတ်လပ် ပျော်ပါးဆော့ကစားရာ ကန်တော်ကြီး ပန်းခြံဖြစ်ခဲ့သည်။
ထို့ထက်ပို၍ တစ်ခါတစ်ရံတွင်
မိသားတစ်စု အပန်းဖြေ ထွက်ရာမှာလည်း ကန်တော်ကြီးပန်းခြံသာဖြစ်သည်။
ကရဝိက်မောင်နှံခြေရင်းက
ရေခဲမုန့်ရောင်းသောဆိုင်တွင် တန်းစီဝယ်စားရသော အရသာမှာ ရတောင့်ရခဲဖြစ်သည်။ ကလေး များအတွက်
ရေခဲမုန့်မှာ ဆော့ကစားရသည်ထက် အရသာရှိသည်။
ကန်တော်ကြီးသည် ကျွန်တော်တို့အရွယ်
ကလေးများကို လွတ်လပ်စေသည်၊ ပေါ့ပါးစေသည်။ ပျော်ရွှင်စေခဲ့သည်။ ကျေးငှက် အသံများကို ကြားရသည်။
ငှက်ကလေးများက ဟိုမှသည်သို့ ခုန်ကူးပြေးလွှားသည်ကို ကျွန်တော်တို့က ချောင်းမြောင်း လိုက်ကြည့်ကြသည်။
ကန်ရေပြင်ကျယ်ကြီးကို
ကြောက်ကြောက်လန့်လန့် အံ့အံ့သြသြကြည့်ဖူးခဲ့သည်။ ရေပြင်ကို ဖြတ်တိုက်လာသည့် လေပြည်ညင်း
ကို မက်မက်မောမော ရှူရှိုက်ခဲ့ကြ သည်။ မသိသည်ကို အမေ့ကိုမေး၊ အဖေ့ကိုမေးနှင့် အံ့သြစရာတွေများမှများ
ဖြစ်ခဲ့သည်။ အသိသစ်များနှင့်လည်း ကြွားကြွားဝင့်ဝင့် ဖြစ်ခဲ့ဖူးကြသည်။
ငယ်ငယ်က ချစ်ခဲ့ဖူးသည့်
ကန်တော်ကြီးကို အရွယ်ရောက်၍ လုပ်ငန်းခွင်ထဲ ရောက်လာသည့်အခါလည်း မမေ့ခဲ့ပါ။ တစ်ခါ တစ်ရံ
အရောက်သွားခဲ့သည်။ ယခုအခါ ကန်တော်ကြီး(ကရဝိက်ဥယျာဉ်)သို့ ဝင်မည် ဆိုလျှင် လူတစ်ဦးကို
ငွေကျပ် ၃ဝဝ ကောက်ခံ၍ တံဆိပ် ကပ်ခံရသည်။ ကလေးများအတွက် နေရာနည်း၍ လူကြီးများ၏ ဘုံခန်းဝါလို
ဖြစ်နေလေသည်။
အထူးသဖြင့် ယောက်ျားဘသား
အမျိုးသားတို့ အရက်သေစာသောက်သုံးရာ၊ ဆူညံအော်ဟစ် ဆွေးနွေးငြင်းခုံရာ၊ မျက်စိစားပွဲ
ထိုင်ရာ နေရာဌာနမျိုးဖြစ်လာသည်။ ငယ်ငယ်က ရေခဲမုန့်ဆိုင်လောက်သာရှိသော နေရာမျိုးတွင်
အခိုင်အမာ အုတ်၊ ကျောက်၊ သစ်တို့ဖြင့် ဆောက်လုပ်ထားသော စားသောက်ဆိုင်များစွာရှိနေသည်။
အကြီးအကျယ် ကြော်၊ လှော်၊ ချက်ပြုတ်ရောင်းချ ကြသလို အမှိုက်သရိုက်နှင့် အညစ်အကြေးများစွာကိုလည်း
စွန့်ထုတ်နေကြသည်။ အစားအသောက်နှင့် တွဲဖက်ပြီး အရက်၊ ဘီယာများကိုလည်း ရောင်းချနေကြသည်။
တစ်ခါက ကျွန်တော်ကိုယ်တိုင်
တင့်ကားကုန်းနားရှိ ကန်ရေပြင်စပ်က ဆူရှီဘွိုင်းဆိုင်တွင် သူငယ်ချင်းမိတ်ဆွေများနှင့်
ထိုင်ရင်း သောက်စားနေစဉ် ဘေးဝိုင်းမှ ဆရာသမားက မူးယစ်ရမ်းကားလေသည်။ အိန္ဒိယနွယ်ဖွား
ချာတိတ်တစ်သိုက် နောက်တီး နောက်ချာလုပ်သည်ကို မြင်သောအခါ အဆိုပါဆရာသမားက အမုန်းစကားများကို
ပြောဆို၍ လိုက်လံရိုက်နှက် ထိုးကြိတ်လေ သည်။
ထို့ပြင်တဝ ကျေနပ်မှုမပြနိုင်ဘဲ
ဆိုင်တွင်းထိုင်နေသရွေ့ နားမချမ်းသာဖွယ်ပြောဆို ဟစ်အော်နေသည်ကို ဘေးဝိုင်းမှ ကျွန်တော်
တို့မှာ စိတ်မသက်သာဖွယ် မြင်တွေ့ကြားမှတ် နေရသည်။ မူးယစ်နေသူဖြစ်သည့်အားလျော်စွာ အခန့်မသင့်သော်
ရန်လာဖြစ် မည်ကိုလည်း စိုးထိတ်ခဲ့ရသည်။
ပန်းခြံများကို ကလေးများအား
ပေးပါပန်းခြံကို စည်ပင်သာယာက ပုဂ္ဂလိကအား လုပ်ကိုင်စေသဖြင့် ဆိုင်များမှိုလိုပေါက်ကာ
စားသောက်ဆိုင်များ၊ ယမကာဆိုင်များဖြစ်နေသည်မှာ အတော်ကြာပါပြီ။ ကြေးမုံဆောင်းပါးက အချက်အလက်
မှန်မှန်ကန်ကန် များဖြင့် ထောက်ပြရေးသားလိုက်သဖြင့် ပန်းခြံအသုံးပြုနေမှုကို ကွက်ကွက်ကွင်းကွင်း
ထင်းလင်းစွာ မြင်လိုက်ရသည်။
အမှန်တော့ ပန်းခြံသည်
ကလေးများ လွတ်လပ်ပေါ့ပါး ပျော်ရွှင်စွာ ပြေးလွှားကစားနိုင်မည့် နေရာမျိုး ဖြစ်သင့်ပါသည်။
ဝင်ကြေး လည်း ပေးစရာမလိုဘဲ ၄င်းတို့ပိုင် ဆိုင်သည့်နေရာ ဖြစ်သင့်ပါသည်။ မြက်ခင်းထူထူများဖြင့်
ပြေးလွှားဆော့ကစားရင်း လဲပြု သည့်တိုင် ဒူးမပြဲ၊ လက်မကွဲသည့် မြေပြင်အနေအထားမျိုး ဖြစ်သင့်ပါသည်။
ကလေးများ ဆော့စရာ၊ ကစားစရာအထောက် အကူပြု ကလေး ကစားကွင်းများကိုလည်း လုံလုံလောက်လောက်
ထည့်သွင်း ပေးထားသင့်ပါသည်။
ကျွန်တော်သည် လန်ဒန်မြို့တော်တွင်
နှစ်အပိုင်း အခြားတစ်ခု နေထိုင်ရင်း အလုပ်လုပ်ကိုင်ခဲ့ဖူးရာ လန်ဒန်မြို့လယ်ရှိ နာမည်
ကျော် ဟိုက်ပတ်ပန်းခြံအပါအဝင် ပန်းခြံများစွာကို အလည်အပတ် မကြာမကြာ ရောက်ပါသည်။ လန်ဒန်ပန်းခြံများသည်
မြို့ထဲတွင် ပင်ရှိသော်လည်း အတော်ပင် ကျယ်ဝန်းလှပါသည်။ ပန်းမျိုးစုံ၊ အပင်မျိုးစုံ၊
ရေကန်များ၊ ကျေးငှက်နှင့် ဝမ်းဘဲများ၊ မြက်ခင်းပြင်ကျယ်ကြီးများ၊ ကုန်းကမူများနှင့်
အလွန်ပင်လှပပါသည်။ နွေရာသီတွင် အထူးပင် စည်ကားလှပြီး ကလေးသူငယ် များ၏ ပျော်ပါးရာ ဘုံဗိမာန်နန်းလို
တင့်တယ်လှပါသည်။ အစိုးရသည် အနာဂတ်ကလေးများအား အလွန်ပင်တင့်တောင့် တင့်တယ်ထားသည်ကို
ဂုဏ်ယူအားကျဖွယ် တွေ့မြင်ခဲ့ရသည်။
ရပ်ကွက်တိုင်းတွင်လည်း
ပန်းခြံများရှိရာ ထိုပန်းခြံများကိုလည်း အလုပ်အားရက်တွင် ကျွန်တော်သွားလာပါသည်။ လေ့ကျင့်ခန်း
လုပ်သူများ၊ မိသားစုလိုက် လာရောက်ဆော့ကစား နေသည်များကို တွေ့ပါသည်။ ကလေးများသည် အထူးပင်
အန္တရာယ် ကင်းစွာဖြင့် ကစားနိုင်ကြပါ သည်။
မည်သည့်စားသောက်ဆိုင်မျှမရှိပါ။
ပန်းခြံတွင်းတွင် အရက်သေစာ သောက်စားခွင့် မရှိပါ။ ပြင်ပမှ ယူဆောင် လာပြီးလည်း သောက်စားခွင့်
မရှိပါ။ မြန်မာပြည်တွင်သာ ထင်သလို ဖြစ်ပျက်နေကြပါသည်။ ပန်းခြံများသည် စီးပွားရှာရာ
အကွက်အကွင်းကြီး လို ဖြစ်နေသည်မှာ မြန်မာနိုင်ငံသာ ရှိပါလိမ့်မည်။
ဟိုက်ပတ်တွင် တစ်နှစ်တစ်ခါ
အများပြည်သူများအား အခမဲ့ဖျော်ဖြေပွဲများ ကျင်းပပါသည်။ သို့တည်းမဟုတ် တစ်မျိုးသားလုံးနှင့်
သက်ဆိုင်သည့် ထုတ်လွှင့်မှုများ၊ အားကစားပြိုင်ပွဲများကို ဖန်သားပြင်ကျယ်ကြီးဖြင့် တိုက်ရိုက်ကြည့်ရှုနိုင်ရန်
နေရာပေးပါသည်။
သို့ရာတွင် ပန်းခြံအနီးအပါးက
ရပ်ကွက်နေ ပြည်သူများ စိတ်မငြိုငြင်စေရအောင်လည်း ဂရုစိုက်ရပါ သည်။ အသံကိုထိန်းပြီး
လုပ်ဆောင်ရသည်။ ယခုမူ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် စတိတ်ရှိုးများကို မကြာ ခဏဆိုသလို
လုပ်ဆောင်ကြသည်။ အသံများကလည်း ဆူညံလွန်းလှသည်။
ပြီးခဲ့သည့် သင်္ကြန်ကာလတွင်း၌ပင်
အိုင်းရင်းခရော့စ် တီးဝိုင်းဖြင့် ဖျော်ဖြေခဲ့သည်။ အမှန်တော့ တစ်နှစ်မှတစ်ခါ ဆိုသလို
အများပြည်သူ အခမဲ့ကြည့်ရှုနိုင်သော ဖျော်ဖြေပွဲမျိုးသာ ကျင်းပသင့်ပါသည်။ သာမန် စတိတ်ရှိုးများ၊
ဆူညံစွာဖြင့် ကျင်းပမည့် ပွဲများကို သက်ဆိုင်ရာ အခပေးခန်းမများတွင်သာ ကျင်းပသင့်ပါသည်။
ယခုတော့ ကလေးများ ကစားရာ ပန်းခြံ၊ မိသားစု အပန်းဖြေရာ ပန်းခြံမှာ ဆူညံသံများနှင့် ညံလွန်းလှသည်။
ရန်ကုန်မြို့တွင်
ကလေးများအတွက် ပန်းခြံများမှာ နည်းပါးလွန်းလှပါသည်။ မကြာခင်ကမူ ဘဏ္ဍာရေးနှစ် သစ်အစတွင်
ပန်းခြံများကို ဝင်ကြေးမကောက်ခံတော့ သော်လည်း ကန်တော်ကြီးပန်းခြံကိုမူ ဝင်ကြေးကောက်ခံ
နေဆဲဖြစ်သည်။ ပန်းခြံတွင်းမှ ဆိုင်များကိုလည်း အခကြေးငွေများ ရယူငှားထားသဖြင့် အမြတ်များသော
အရက်သေစာများကို ရောင်းချစီးပွားရှာကြ ခြင်းဖြစ်သည်။
သို့ဖြစ်ရာ အနာဂတ်ခေါင်းဆောင်များ
ဖြစ်လာမည့် ကလေးများ၏ ကစားကွင်းများ၊ ပန်းခြံများကို ကလေးများအား ပြန်လည် ပေးအပ်မည့်
အစီအမံများကို မကြာမီ ဆောင်ရွက်သင့်ပါသည်။ ကစားကွင်းများ၊ ပန်းခြံများသည် ကလေးများပိုင်
ပစ္စည်းများ ဖြစ်ပါသည်။
ကျွန်တော်တို့မျိုးဆက်သည်
အခွန်အခနှင့် အကျိုးစီးပွား ချည်းသက်သက်ရှာပြီး နောက်မျိုးဆက် ကလေးငယ် များအတွက် အမှိုက်များ၊
အညစ်အကြေးများနှင့်ပြည့်နှက် နေသည့် ပန်းခြံမပီတော့သည့် အမှိုက်ပုံများ၊ ရေဆိုး ကန်များကို
မပေးခဲ့သင့်ပါ။ ပန်းခြံတွင်းမှ အရက်သေစာ ရောင်းချမှုများ၊ သောက်သုံး၊ မူးယစ်ရမ်းကားမှုများကို
ရပ်ဆိုင်းပေးပါ၊ စိမ်းလန်းစိုပြည် ပန်းခြံများကို ကလေး များကို ပြန်ပေးပါ။ ထိုသို့
လုပ်ဆောင်ပေးမည့် အစိုးရနှင့် နိုင်ငံရေးပါတီများကို ပြည်သူအများက ထောက်ခံခြင်း၊ မဲပေးခြင်းပြုကြပါဟု
တိုက်တွန်းလိုက်ပါသည်။
(မျိုးသာထက်သည် DVB
ဒီဘိတ် ရုပ်သံအစီအစဉ် တင်ဆက်သူဖြစ်သည်၊ စာတည်း)။

No comments:
Post a Comment