နေပြည်တော် ဇူလိုင် ၂၅
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်သည် ယနေ့နံနက် (၁၀) နာရီတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်
တူးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းအဆင့် တိုးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အားပေးသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်၊ တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်၊ ပြည်သူ့
လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်
ဦးကိုကိုနိုင်နှင့် ခရိုင်ပညာရေး မှူး ဦးစန်းဌေးမောင် တို့က ကျောင်း အဆင့်တိုးမြှင့်ခြင်းအထိမ်းအမှတ်အဖြစ်
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
ကျောင်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကျောင်းအဆင့်တိုးမြှင့်ခြင်း
အခမ်းအနားကို တိုးချဲ့ကျောင်းဆောင်၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က
ဒေသတစ်ခုကိုမြှင့်တင်ရာ၌ ကျန်းမာရေးနှင့် ပညာရေးသည် အရေးကြီးပါကြောင်း၊ ယခုကျောင်းကို
၁၉၈၁ ခုနှစ်က မူလတန်း အဆင့်ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း ၃၄ နှစ်အကြာ ယခုအစိုးရ လက်ထက်တွင်မှ
ပညာရေးဘက်ဂျက်များ တိုးမြှင့်ပေးခဲ့သည့်အတွက် မူလတန်းလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်နိုင်ခဲ့ခြင်း
ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တိုးမြှင့်နိုင်ခြင်းသည် ရပ်ရွာမှ ပညာရေးကို အားပေးသည်ဆိုသည့်
သက်သေခံချက်ကို တွေ့မြင်ရပါကြောင်း။
ပညာဆိုရာတွင် အမှန်တရားကိုအမှန်တိုင်းသိခြင်းသည်
ပညာဖြစ်ပါကြောင်း၊ တစ် နည်းအားဖြင့် အမောဟဟုဆိုနိုင်ပါကြောင်း၊ ထိုသို့ဆိုရခြင်းမှာအမှန်ကို
မမြင်ဘဲအမှားကို သိခြင်းကမောဟ၊ အမှန်ကိုသိခြင်းကပညာဖြစ်ပါကြောင်း၊ ပညာဖြင့် လောကီ၊
လောကုတ္တရာ နှစ်ဖြာသော အကျိုးကျေးဇူးကို ရရှိစေ မည်ဖြစ်ပါကြောင်း၊ ပညာရှိသူသည် ရောက်သည့်အရပ်တွင်
သူများ၏ နောက်လိုက် မဟုတ်ဘဲ ခေါင်းဆောင်တစ်ဦးအဖြစ် ရှိနိုင် ပါကြောင်း၊ လောကုတ္တရာအနေဖြင့်ပြောပါကလည်း
ပညာဉာဏ်ရှိမှ သာသံသရာ တစ်ဖက်ကမ်းသို့ ကူးခတ်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာသည်
အရေးကြီးပါကြောင်း၊ ထို့အတွက် ပညာရေးဝန်ထမ်းများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊
ကျောင်းသားများကို မိဘများက ဆရာများထံ ယုံကြည်စွာ အပ်နှံထားသည့် အတွက် တပည့်များကို
မိမိရင်သွေးကဲ့သို့ စောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း။
ထို့ကြောင့် ဆရာများက
တပည့်များပညာတတ်ဖြစ်အောင် ဂရုစိုက်ဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ မိဘများကလည်း သားသမီးများ
အတန်းပညာဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေးအတွက် အမြဲမပြတ်ဖြည့်ဆည်း ပံ့ပိုးပေးစေလိုပါကြောင်း၊
ရပ်ရွာအုပ်ချုပ်သူများနှင့် ရပ်မိရပ်ဖများကလည်း မိမိဒေသတွင် ပညာတတ်များတိုးပွားအောင်
ရည်မှန်းချက်ကို သန္နိဋ္ဌာန်စိတ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း
ပြောကြားသည်။
ထို့နောက် ကျောင်းအဆင့်တိုးမြှင့်ခြင်းဆိုင်ရာ
အထိမ်းအမှတ်အလံများကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ပေးအပ်ကြပြီး
ကျောင်းအုပ်ဆရာကြီးက ကျောင်းသမိုင်းကို ရှင်းလင်းတင်ပြကာ ကျောင်းအကျိုးတော် ဆောင်တစ်ဦးက
ကျေးဇူးတင် စကားပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်က တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကျောင်းအတွင်း
လှည့်လည်ကြည့်ရှုသည်။

No comments:
Post a Comment