နေပြည်တော် ဇူလိုင် ၂၅
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်သည် ယနေ့မွန်းလွဲ (၁) နာရီတွင် ရမည်းသင်းမြို့ သီလ၀ခန်းမ၌ တတိယအကြိမ်
မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဗုဒ္ဓဘာသာ
ယဉ်ကျေးမှု စာအောင် ဆုနှင်းပွဲ အခမ်းအနားသို့ တက်ရောက် ကြည်ညို၍ ဆုများပေးအပ်သည်။
အခမ်းအနားတွင် ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌဆရာတော်က ပထမအကြိမ်၊ ဒုတိယ အကြိမ်နှင့်
တတိယအကြိမ် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့်
လုပ်ငန်းစဉ် များနှင့် အလှူရှင်များကိုကျေးဇူးတင်ကြောင်း ရှင်းလင်းမိန့်ကြားသည်။
ဆက်လက်၍ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူးဆရာတော်က ရှေ့ဆက်လက် ဆောင်ရွက်သွားမည့်
လုပ်ငန်းစဉ်များကို မိန့်ကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်က ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲ အလယ်တန်းအဆင့်၌ ထူးချွန်စွာ အောင်မြင်ကြသူများကို
ဆုများပေးအပ်ပြီး တာဝန်ရှိသူများက စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်သူများကို
ဆုများပေးအပ်ကြသည်။
ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့မှ နှစ်စဉ်ကြီးမှူး ကျင်းပသည့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု
စာမေးပွဲများတွင် ပထမအကြိမ် ကျင်းပစဉ် ၂၀၂၇ ဦး ၀င်ရောက်ဖြေဆိုခဲ့ရာ ၉၄၉ ဦးအောင်မြင်ခဲ့ပြီး
ဒုတိယ အကြိမ်ကျင်းပစဉ် ၃၄၉၀ ဦး ၀င်ရောက်ဖြေဆိုခဲ့ရာ ၁၉၁၁ ဦးအောင်မြင်ခဲ့သည်။ ယခု
တတိယအကြိမ်တွင် အလယ်တန်း အဆင့်တွင် ၃၃၄၅ ဦး ၀င်ရောက်ဖြေဆိုခဲ့ရာ ၂၁၁၄ ဦးအောင်မြင်ပြီး
မူလတန်းအဆင့်တွင် ၁၃၅၄ ဦး ၀င်ရောက်ဖြေဆိုခဲ့ရာ ၉၆၈ ဦး အောင်မြင်ခဲ့သဖြင့် စုစုပေါင်း
၄၆၉၉ ဦးဝင်ရောက်ဖြေဆိုရာတွင် ၃၀၈၂ ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment