Monday, July 20, 2015

ကေကေအိုအဖွဲ့ ကျော်သက်နှင့် စောဆန်းအောင် ဦးစီးအဖွဲ့ထံမှ လက်နက် ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ


နေပြည်တော် ဇူလိုင် ၁၉
ကော့ကရိတ်မြို့နယ် ကောင်းမူကျေးရွာ၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်ရှိ တောင်ကုန်းများတွင် ကေကေအိုအဖွဲ့မှ ကျော်သက်နှင့် စောဆန်းအောင် ဦးစီးအဖွဲ့ ကြွင်းကျန်များ ခိုအောင်မှုမရှိစေရေးအတွက် တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) တို့က နယ်မြေရှင်း လင်းလျက်ရှိရာ ဇူလိုင် (၁၅) ရက်မှ (၁၇) ရက်ထိ ၎င်းအဖွဲ့များဖြင့်
ထိတွေ့တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွား ခဲ့ပြီး ၎င်းတို့ထံမှ လက်နက်မျိုးစုံ ၄ လက်၊ ဗုံးသီးမျိုးစုံ ၂၆ လုံး၊ မိုင်းမျိုးစုံ ၃၂ လုံး၊ ကျည်မျိုးစုံ ၃၈၈၆ တောင့် ကျည်အိမ်မျိုးစုံ ၈၁ ခု၊ ဆန် ၄၄ အိတ်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း များ၊ မော်တော်ဆိုင်ကယ်တစ်စီးတို့အား သိမ်းဆည်းရမိ သည်။
ထို့အပြင် ကျိုက်မရောမြို့နယ်၊ ကျွန်းရွာအနောက်ရပ်ကွက် ရှိ နေအိမ် တွင် ကျော်သက်၊ စောဆန်းအောင် အဖွဲ့နှင့် အဆက် အသွယ်ပြုလုပ်၍ လက်နက်၊ ခဲယမ်းများ ထိန်းသိမ်းထားကြောင်း သတင်းအရ ဇူလိုင် ၁၅ ရက်တွင် သွားရောက်စစ်ဆေး ရှာဖွေရာ အဆိုပါနေအိမ်မှ လက်နက်မျိုးစုံ ၄ လက်၊ ကျည်မျိုးစုံ ၃၂ တောင့်၊ လမ်းလျှောက် စကားပြော စက်တစ်လုံးနှင့် လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီးတို့အား ထပ်မံသိမ်းဆည်းရမိသည်။
ဆက်လက်၍ တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) တို့က ဇူလိုင် ၁၈ ရက်တွင် ကောင်းမူ ကျေးရွာ၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက် ပတ်ဝန်းကျင်အား ဆက်လက်ရှင်းလင်းစဉ် ဗုံးသီးမျိုးစုံ ၆၆ လုံး၊ ဆက်သွယ်ရေး တာဝါတိုင်တစ်ခု၊ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြား ၅ ချက်နှင့် အကျယ် ၁၅ ပေပတ်လည်၊ အမြင့် ၁၈ ပေရှိ အဆောက် အအုံအတွင်းမှ သေနတ်မျိုးစုံ ၇ လက်၊ ကျည်မျိုးစုံ ၁၃ ခု၊ မိုင်းမျိုးစုံ ၁၈ လုံး၊ အာပီဂျီဗုံးသီး ၂ လုံး၊ ၇ ဒသမ ၆၂ ကျည် ၁၈၀ တောင့်နှင့် ဆန်အိတ် ၇၀ တို့အား ထပ်မံသိမ်းဆည်းရမိသည်။
တပ်မတော်နှင့် နယ်ခြားစောင့်တပ်(BGF)တို့က ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် ဆက်လက်ရှင်းလင်း လျက်ရှိကြောင်း သတင်းရရှိသည်။

(မြ၀တီ)

No comments:

Post a Comment