Monday, July 20, 2015

၂၀၁၅ ခုနှစ် (၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်စား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်၍ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြု


ရန်ကုန် - ဇူလိုင် ၁၉
၂၀၁၅ ခုနှစ် (၆၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့ နံနက် (၇) နာရီ (၄၅) မိနစ်တွင် ရန်ကုန်မြို့ အာဇာနည် ဗိမာန်၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်စား (၆၈) နှစ်မြောက် အာဇာနည် နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊






ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တို့တက်ရောက်၍ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုပြီး မေတ္တာပို့သ အမျှပေးဝေကြသည်။
(၆၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ (၆၈) နှစ်မြောက် အာဇာနည် နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ (၆၈)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ စစ်ရေးချုပ် ဗိုလ်ချုပ်ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ (၆၈) နှစ်မြောက် အာဇာနည်နေ့ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီဝင်များ၊ တပ်မတော် အရာရှိကြီးများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်စား ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ (၆၈)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့သည် အာဇာနည်ဗိမာန် နားနေဆောင် ခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင် များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်စား ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်အဖွဲ့ဝင်များသည် အာဇာနည်ဗိမာန် ရင်ပြင်၌ နေရာယူကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြသည်။
ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် တိုင်ဝက်သို့ လျှော့ချလွှင့် ထူကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက် အလေးပြု ကြပြီး စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍ အလေးပြုကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်စား ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် အခမ်းအနား သို့ တက်ရောက်လာကြသူများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီး များအားရည်စူး၍ နှစ်မိနစ် ငြိမ်သက်စွာဖြင့် မေတ္တာပို့သ အမျှပေးဝေကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်စား ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တို့သည် နံနက် ၈ နာရီတွင် အာဇာနည်ဗိမာန်မှ ပြန်လည်ထွက်ခွါသွားကြ သည်။
ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များသည် အာဇာနည်ခေါင်း ဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန် ၌ လွမ်းသူ့ပန်းခွေချအလေးပြုကြရာ ရှေးဦးစွာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သားဖြစ်သူ ဦးအောင်ဆန်းဦးနှင့်ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့က အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြပြီး ရှိခိုးကန်တော့၍ မေတ္တာပို့သ အမျှပေးဝေကြသည်။
ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုပြီး ရှိခိုးကန်တော့၍ မေတ္တာပို့သ အမျှပေးဝေသည်။
ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများ ဖြစ်ကြသည့် သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့၏ မိသားစုဝင်များက အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြပြီး မေတ္တာပို့သ အမျှပေးဝေကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဌာနချုပ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံပန်းချီ ပန်းပု အစည်းအရုံး၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့မှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြု ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများမှ သံအမတ် ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ယင်းနောက် ပြည်သူလူထုများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့သတိရခြင်းအထိမ်းအမှတ်အဖြစ် အာဇာနည်ဗိမာန်သို့ လာရောက် ဂါရ၀ပြုကြသည်။

No comments:

Post a Comment