ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက်အမှတ် ( ၃၄ /၂ဝ၁၅)
၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၉ ရက်
(၂ဝ၁၅ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်)
မဲဆန္ဒနယ်ပြင်ပရောက်မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါဝင်ရန် ပုံစံ( ၃- က)ဖြင့် လျှောက်ထားနိုင်ရေး

၁။ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ၏
နည်းဥပဒေ ၁ဝ ပါ ပြဋ္ဌာန်းထားချက်များအရ အနည်းဆုံးရက်ပေါင်း ၁၈ဝ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်
အခြားမဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်း နေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်း မရှိပါက
မိမိတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ရွေးကောက်ခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို
ဆန္ဒမဲပေး နိုင်ခွင့်ရရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်စေရန် အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်-
( က ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ နယ်မြေရှိ လုပ်ငန်းတာဝန်ခံ၏ ထောက်ခံချက်ကို လည်းကောင်း၊ အလုပ်သမားဖြစ်ပါက သက်ဆိုင်ရာလုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင်ကိုယ်စားလှယ်၏ ထောက်ခံချက်ကိုလည်းကောင်း၊ အခြားပုဂ္ဂိုလ်ဖြစ်ပါက ကိုယ်တိုင်ဝန်ခံချက်ကိုလည်းကောင်း ဖော်ပြ၍ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံ ချက်ဖြင့် မဲစာရင်း၌ မိမိတို့၏အမည်ကို ထည့်သွင်းပေးပါရန် ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၃ဝ ထက်နောက်မကျစေဘဲ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ (၃-က) ဖြင့် လျှောက် ထားရမည်။
( ခ ) အပိုဒ်ခွဲ (က)အရ လျှောက်ထားသည့်အခါ ယင်းတို့သည် မဲဆန္ဒရှင်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲက သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်၍ မဲစာရင်းတွင် အမည်ထည့်သွင်းပေးမည် ဖြစ်သည်။
( ဂ ) ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသည် အပိုဒ်ခွဲ (ခ)အရ မဲစာရင်းတွင် အမည်စာရင်း ထည့်သွင်းခံရ
သူ၏ အမည်ကို အမြဲတမ်းနေရပ်၏ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ မဲစာရင်းမှပယ်ဖျက်ပေးနိုင်ရေးအတွက်
မိမိတို့၏ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ သို့ တင်ပြရမည်။ မြို့နယ်ကော်မရှင် အဖွဲ့ခွဲကလည်း
ထိုတင်ပြချက်ကို လိုအပ်သလို ဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာမဲဆန္ဒရှင်၏ နေရင်းဒေသရှိ
မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၃-ခ) သုံးစောင်ဖြင့် အမြန်ဆုံးဆက်လက် အကြောင်းကြားသွားမည်ဖြစ်သည်။
၂။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်၍ အနည်းဆုံး ရက်ပေါင်း ၁၈ဝ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက် ဖော်ပြပါမဲဆန္ဒရှင်များသည် ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်နေ့နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသို့ ပုံစံ (၃-က) ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

အမိန့်အရ
(တင်ထွန်း)
(တင်ထွန်း)
အတွင်းရေးမှူး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
No comments:
Post a Comment