နေပြည်တော် ဇူလိုင် ၂၄
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းမှုကြောင့်
မော်လူး - နန့်စီးအောင် လမ်းပိုင်း မိုင်တိုင် (၆၀၇/၁၁)ရှိ ပေ(၁၄၀)ရှည်သော တံတားအမှတ်(၅၀၄)၏
မြစ်ကြီးနားဘက် ကမ်းကပ်ခုံမှာ ဇူလိုင်(၂၄)ရက်
နံနက်ပိုင်းက ရေအနက် (၅)ပေခန့် နစ်မြုပ်ခဲ့သည်။ ရေလွှမ်းမိုးမှုကြောင့် မြစ်ကြီးနားဘက်ခြမ်းရှိ
ပေ(၄၀) ဂါဒါဘောင်နှင့် ပေ(၂၀) ဂါဒါဘောင်များ၊ အနောက်ဘက်သို့ (၆)ပေ ရွေ့သွားပြီး၊ မန္တလေးဘက်ခြမ်းရှိ
ပေ(၄၀) ဂါဒါဘောင် သည်လည်း အနောက်ဘက်သို့ (၆)ပေ ရွေ့သွားခဲ့သည်။
ယင်းနေရာသို့ မြန်မာ့မီးရထားမှ အင်ဂျင်နီယာနှင့်
လုပ်သားများ သွားရောက် ကာ ရေလည်တိုင်များ စစ်ဆေးခြင်း၊ တိုင်အောက်ခြေရှိ အမှိုက်များ
ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေး- မြစ်ကြီးနား ရထားလမ်းမကြီးပေါ်ရှိ ကံကြီး - ဇော်ချောင်း ရထားလမ်းပိုင်း
တွင် ပေ (၁၀၀) ရှည်သော တံတားအမှတ် (၂၈၁) ၏ ဝဲ/ယာ ဖြစ်သည့် မန္တလေးဘက်ခြမ်း တာဘောင် အလျားပေ(၆၀)
အမြင့်ပေ (၂၀)ခန့်နှင့် မြစ်ကြီးနားဘက်ခြမ်း တာဘောင် အလျားပေ (၁၀၀) ၊ အမြင့်ပေ (၂၀)
ခန့်တို့ ရေတိုက်စား ပြတ်ထွက်သွားခဲ့သည်။
အဆိုပါ နှစ်နေရာတွင် ဘေလီတံတားထိုးရန် လိုအပ်သော ဘေလီသံဘောင် များ၊ ဇလီဖားတုံးနှင့်
လုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိပြီးဖြစ်ကာ ဘေလီတံတား တည်ဆောက်ခြင်း လုပ်ငန်းအား ဒုတိယအထွေထွေမန်နေဂျာ
ဦးစီး၍ ကြီးကြပ်သူနှင့် လုပ်သား (၁၈၄)ဦး ပါဝင်သော အဖွဲ့ဖြင့် ပြုပြင်ဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် မိုင်တိုင် ၆၁၁/၁၅-၁၆ တွင် သံလမ်း ရေတိုက်စားခြင်း၊ ဖားတုံးထိပ် ရေရောက်ရှိ
နစ်မြုပ်ခြင်း၊ တောင်ပြိုခြင်း၊ သံလမ်းပေါ်သို့ မြေဖုံးလွမ်းခြင်းများကြောင့် အဆိုပါ လမ်းပိုင်းကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းမှ
စတင်၍ ပိတ်ထားပြီး မြန်မာ့မီးရထားနှင့် အင်ဂျင်နီယာ
လုပ်သားများက တောင်ပြိုမြေများကို ဖယ်ရှားရှင်းလင်း လျက်ရှိသည်။
အဆိုပါဖြစ်စဉ်များကြောင့် မော်လူး - နန့်စီးအောင် ရထားလမ်းပိုင်းကို ပိတ်ထားပြီး
ဇူလိုင် ၂၄ ရက်တွင် မြစ်ကြီးနား-ကောလင်း အစုန်၊
အဆန် အထူးရထား ခရီးစဉ်များ ဖျက်သိမ်းခဲ့ ရသည်။ မိုးညှင်း - မြစ်ကြီးနား-မိုးညှင်း အထူးရထားနှင့်
မန္တလေး-ချပ်သင်း-မန္တလေး အထူးရထားများ ဆက်လက် ပြေးဆွဲပေးလျက်ရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနက
သိရသည်။
( သတင်းစဉ်)
No comments:
Post a Comment