ကမ္ဘာတစ်ဝန်း၌ တစ်စတစ်စ ရာသီဥတု ဖောက်ပြန်လာမှုများကြောင့် သဘာဝဘေးအန္တရာယ် များကို
လူသားတို့ တစ်နှစ်ထက်တစ်နှစ် ပိုမိုကြုံတွေ့လာနေရသည်။ မြန်မာနိုင်ငံတွင်လည်း အလားတူ
ရာသီဥတု ဖောက်ပြန်မှုကြောင့် ဘေးဒုက္ခအန္တရာယ်များနှင့် နှစ်စဉ်ပိုမိုကြုံတွေ့မှုများ ရှိလာခဲ့သည်။
ယခုနှစ်တွင် မြန်မာနိုင်ငံရှိ နေရာဒေသအများအပြား၌ မိုးရေချိန် ပိုမိုရွာသွန်းခဲ့မှုကြောင့်
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ယင်းဒေသများရှိ ပြည်သူများအား ရေဘေးလွတ်ရာနေရာများသို့
ကူညီကယ်ဆယ် ရွှေ့ပြောင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများ၊ တပ်မတော်သားများ၊
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိ
သည်။
သဘာဝ ဘေးအန္တရာယ်ကို ရှောင်လွှဲ၍မရသော်လည်း စနစ်တကျ ကြိုတင်ကာကွယ်မှုများပြုလုပ်ပါက နစ်နာ ဆုံးရှုံးမှုများ နည်းပါးမည် ဖြစ်သည်။
သဘာဝ ဘေးအန္တရာယ်ကို ရှောင်လွှဲ၍မရသော်လည်း စနစ်တကျ ကြိုတင်ကာကွယ်မှုများပြုလုပ်ပါက နစ်နာ ဆုံးရှုံးမှုများ နည်းပါးမည် ဖြစ်သည်။
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ''ယနေ့ကမ္ဘာပေါ်မှာ
ရာသီဥတု ပြောင်းလဲမှုတွေကြောင့် သဘာဝဘေးအန္တရာယ်များနဲ့ ရင်ဆိုင်နေရပြီး ပျက်စီးဆုံးရှုံးမှုတွေ
ကြုံတွေ့နေရ ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာ တားဆီးလို့မရပေမယ့် ထိခိုက်ပျက်စီးဆုံးရှုံးမှု
အနည်းဆုံး ဖြစ်အောင် ကြိုတင်ပြင် ဆင်ဆောင်ရွက်နိုင်ပါတယ်။
''ဒါ့ပြင် ပြန်လည်ထူထောင်ရေးအတွက် ရေတို၊ ရေရှည်လုပ်ငန်းတွေ ခွဲခြားပြီး ဦးစားပေးအလိုက်
ဆောင် ရွက်ရမှာဖြစ်ပါတယ်။ ကူးစက်ရောဂါ တွေ မဖြစ်ပွားစေဖို့ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး
လုပ်ငန်းတွေကို ဆောင်ရွက်သွားရမှာဖြစ်ပါတယ်'' ဟု စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှု
အခြေအနေများ သွား ရောက်ကြည့်ရှု စစ်ဆေးခဲ့စဉ် ပြောကြားခဲ့သည်။
ကမ္ဘာ့တစ်ဝန်းတွင် သဘာဝပတ်ဝန်းကျင် ပြောင်းလဲ မှု၏ ဆိုးကျိုးများကို ခံစားနေရရာတွင်
ဖိလစ်ပိုင်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခဲ့ကာ မနီလာမြို့ရှိ
အစိုးရရုံးများနှင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည့် သတင်းများကို ပြီးခဲ့သည့်ရက်များ
အတွင်းက ဖတ်ရှုခဲ့ရသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာလအထိ မိုးများနိုင်ပြီး နောက်တစ်ကြိမ် ရေကြီးနိုင်သည့်
အလားအလာရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်း ထားသည်။
လက်ရှိတွင် မိုးဆက်လက်ရွာသွန်းမှုများ ရှိနေသဖြင့် အချို့နေရာများတွင် ရေကြီးရေလျှံမှုများ
ဆက်လက် ဖြစ်ပေါ်နိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ ဆည်များမှ တစ်ဆင့် ရေကြီးရေလျှံမှုများ
မဖြစ်ပေါ်စေရေးအတွက် ဆည်မြောင်းဦးစီးဌာနကလည်း ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်လျက်ရှိသည်ကို
ထုတ်ပြန်ချက်များအရ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တာတမံများ ကျိုးပေါက်မှုမရှိစေရေးအတွက် အချိန်ပြည့်စောင့်ကြည့်
စစ်ဆေးခြင်း၊ လိုအပ်သောနေရာ များတွင် သဲအိတ်များ ချ၍ ကာကွယ်ခြင်း၊ ရေကြီးချိန်တွင်
တမံရေကျော်မှုမရှိ စေရန် သဲအိတ်များဆင့်၍ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်း၊ တမံထိပ်ပြင်တွင်
မြေသားနိမ့်ကျမှု ရှိ၊ မရှိစစ်ဆေးခြင်းနှင့် လိုအပ်သည်များကို ပြင်ဆင်ခြင်း၊ တမံရေစစ်
ကျောက်ရိုးကို တစ်ပတ်တစ်ကြိမ်စစ်ဆေး၍ ကျောက်ကြီးများ ဖြည့်ခြင်း၊ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းများနှင့်
အရေးပေါ် ရေပို လွှဲတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ယခုနှစ် ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
နှစ်ပေါင်း ၂၄ နှစ် အတွင်း မိုးရေချိန်စံချိန်သစ် ၇ ဒသမ ၈၃ လက်မထိ ရောက်ရှိခဲ့သည်။
မိုးရေချိန်များပြားခဲ့သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၁ မြို့နယ်ရှိ
ကျေးရွာအုပ်စုပေါင်း ၂၉၃ စုမှ နွေစပါး ၄၉၅၆ ဧက၊ မိုးစပါး ၅၁၅၅၉ ဧက၊ စပါးပျိုးခင်း ၁၁၉၁၅
ဧက၊ ဆီထွက်သီးနှံ ၂၁၅၅ ဧက၊ ပဲမျိုးစုံ ၄၇၆ ဧက၊ အခြားသီးနှံ ၁ဝ၃၆၆ ဧက စုစုပေါင်း ၈၂၄၂၇
ဧက ရေဝင်နစ်မြုပ်ခဲ့သည်။
လမ်းနှင့် တံတားများပျက်စီးမှုနှင့် ရေမြုပ်မှုအခြေ အနေမှာ လမ်းတံတားဦးစီးဌာနပိုင်
လမ်း ၁၇ လမ်း၊ သစ်သားတံတား ငါးစင်း၊ ကွန်ကရစ်တံတား ၁ဝ စင်း၊ ဘေလီတံတား တစ်စင်း၊ စည်ပင်သာယာရေးအဖွဲ့ပိုင်
မြေသားလမ်း တစ်လမ်း၊ ကျောက်ခင်း ငါးလမ်း၊ ကတ္တရာ လမ်း ရှစ်လမ်း၊ သစ်သားတံတား ခုနစ်စင်း၊
ကွန်ကရစ် တံတား ၁ဝ စင်း၊ ရေကျော် တစ်ခု၊ ကျေးလက်ဦးစီးဌာန ပိုင် မြေသားလမ်း ၁ဝ လမ်း၊
ကျောက်ခင်းလမ်း နှစ်လမ်း၊ ဂျင်းလမ်း တစ်လမ်း၊ ကတ္တရာလမ်း သုံးလမ်း၊ သစ်သား တံတားအစင်း
၃ဝ၊ ကွန်ကရစ်တံတား သုံးစင်း၊ ရေပြွန် နှစ်ခု၊ ရေကျော် သုံးခု ထိခိုက်ပျက်စီးခဲ့သည်။
အဆောက်အအုံပျက်စီးဆုံးရှုံးမှုအနေဖြင့် လူနေအိမ် ၇၆ အိမ်၊ စာသင်ကျောင်း တစ်ကျောင်း၊
သာသနာရေး အဆောက်အအုံ လေးခု၊ အခြားအဆောက်အအုံ ၁၇ ခု စုစုပေါင်း ၉၈ ခု ပျက်စီးခဲ့ပြီး
ရဲတပ်ဖွဲ့ဝင် တစ်ဦး၊ အရန် မီးသတ် တပ်ဖွဲ့ဝင် တစ်ဦး၊ ပြည်သူ ငါးဦး စုစုပေါင်း ခုနစ်ဦး
အသက်ဆုံးရှုံးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့ရှိ မြေနိမ့်ရာ မြို့ပေါ် ရပ်ကွက်များသို့
ဇူလိုင် ၁၈ ရက်က ရေများဝင်ရောက်ခဲ့ပြီး ဇူလိုင် ၂ဝ ရက်တွင် ရေကျသွား၍ မြို့ပေါ်ရပ်ကွက်ရှိ
ပြည်သူများအေးချမ်းစွာ ပြန်လည် သွားလာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ကောလင်းမြို့နယ်
ရှိ ကျေးရွာ ၇၁ ရွာတွင် ရေဝင်ရောက်မှုကြောင့် ကျေးရွာ ၁၆ ရွာရှိ နေအိမ်များမှာ ရေလွှမ်းမိုးပြီး
ခေါင်မိုးသာမြင်ရ သဖြင့် ဒေသခံများကို မြန်မာ့မီးရထား(ကောလင်း)၏ အကူ အညီဖြင့် ညောင်ဝန်း၊
ဆီဆုံ၊ မိုးနံကျေးရွာများထံ ရထားဖြင့် ပို့ဆောင် ပေးခဲ့ရသည်။
ထို့အတူ ရွှေဘိုခရိုင် ကန့်ဘလူနှင့် ကျွန်းလှမြို့နယ် တို့တွင် ရေကြီးရေလျှံ မှုဖြစ်ပွားခဲ့ပြီး
ထိုသို့ ရေကြီးရေလျှံ မှုကြောင့် ကျွန်းလှ-ကန့်ဘလူအကြား ကားလမ်းများ ရေကျော်ခဲ့မှုဖြစ်ပွားခဲ့ပြီး
အဝေးပြေးကားများ ဝင်ရောက် နိုင်ခဲ့ခြင်း မရှိသော်လည်း ဇူလိုင်လ ၂ဝ ရက်နေ့မှ စတင် ကာ
ပုံမှန်ပြန်လည်ပြေးဆွဲလျက်ရှိသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း၌လည်း ရေကြီးရေလျှံမှုများကြောင့် ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသော အိမ်ထောင်စု ၃၅၈ စု၊ လူဦးရေ ၂၁၁၆ ဦးရှိကြောင်း သိရသည်။ ရေဖုံးလွှမ်းမှုကြောင့် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်း ရထားများ ဖြတ်သန်းသွား လာနိုင်ခြင်းမရှိသည့် နေရာများတွင်လည်း ကုန်းလမ်းပို့ ဆောင်ရေးကားများဖြင့် အစားထိုးပြေးဆွဲပေးသွားမည် ဟုလည်း သိရသည်။ ထို့အတူ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်း တကောင်းမြို့နယ် ကျွန်း ကြီးကုန်းကျေးရွာသည် ဧရာဝတီမြစ်၊ မဲဇာချောင်းတို့နှင့် နီးကပ်စွာတည်ရှိပြီး ရေတိုက်စားမှုအန္တရာယ် ဖြစ်ပွားလာ နိုင်သည့်အတွက် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းထားပြီးဖြစ်သည်။
ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ရေဘေးသင့်မြို့နယ် များနှင့် ကျေးရွာများတွင်
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း အချို့နေရာများတွင် အကူအညီများစွာ
လိုအပ်လျက်ရှိနေသေးကြောင်း သိရသည်။
ရေလွှမ်းမိုးသော ဒေသများရှိ ပြည်သူများအတွက် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်
ရေကြီးမှုအန္တရာယ်၊ ရုတ်တရက်ရေလွှမ်းမိုးမှုအန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ မြေပြိုမှုအန္တရာယ်၊
လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်၊ ထိခိုက်မှုအန္တရာယ်၊ြေ>ွမကိုက်မှုအန္တရာယ်နှင့် အအေးမိ၍
ဖျားနာခြင်း၊ အဆုတ်ရောင်ခြင်းနှင့် ကူးစက်ရောဂါများ ဖြစ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊
အစာအဆိပ်သင့် ရောဂါနှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်ပွားတတ် သည့်အတွက် ကျန်းမာရေးဆိုင်ရာ
သတိပေးနှိုးဆော်ချက် များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရေဘေးသင့်ပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်
ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အတွက် ကျန်းမာရေးပြဿနာ ကြီးမားစွာဖြစ်ပွားခြင်းမရှိကြောင်း
သိရှိရသည်။
ရေဘေးသင့်ဒေသခံများကို သက်ဆိုင်ရာအဖွဲ့အစည်း များကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိရာ
ဇူလိုင် ၁၈ ရက်က ကောလင်း-တောင်မော်လမ်းပေါ်ရှိ ညောင်ကိုင်း ရွာနှင့် တော်မော်ရွာကြားလမ်းပေါ်တွင်
ကားတစ်စီး ရေကျော်ဖြတ်သန်းမှုကို ကူညီရင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ကူညီဆောင်ရွက်ရင်း
အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိခဲ့ ရသည်။
''အသက် ၈၁ နှစ်ရှိပါပြီ။ ရွာမှာ ဒီလိုရေကြီးတာ ဒီတစ်ကြိမ်နဲ့ ၁၃၃၃ ခုနှစ်က တစ်ကြိမ်
နှစ်ကြိမ်ကြုံဖူးပြီ။ ၁၃၃၃ ခုနှစ်က ဒီလောက်မများဘူး။ အခုလ ၁၇ ရက် နေ့ညက ရေတွေတဖြည်းဖြည့်တက်လာပြီး
အိမ်တွေမြုပ် လာတယ်။ အန္တရာယ်ဖြစ်မယ့် အနေအထားဖြစ်လာတာမို့ ကုန်းမြင့် ရထားလမ်းဘက်ကို
ရရာပစ္စည်းအသုံးပြုပြီးတော့ ပြေးခဲ့ရပါတယ်။ ရွာက မြစ်နားချောင်းနားလည်း မဟုတ် တော့ လှေဆိုတာ
ဘယ်သူ့ဆီမှာမှမရှိဘူး။ နွားစာကျွေးတဲ့ နွားစလောင်း နွားစာကျင်းကိုပဲ လှေလုပ်စီးခဲ့ရတယ်။
တစ်ခုတည်းဆို မှောက်မှာစိုးလို့ သုံးခုလောက်ကို ငြိမ် အောင်တွဲပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့
လာခဲ့ရတယ်'' ဟု ဒေသခံတစ်ဦးဖြစ်သည့် ကသာခရိုင် ကောလင်းမြို့နယ် သရက်ခုံရွာမှ ဒေါ်ထွေးရီက
ပြောပြသည်။
ဝါးရုံခုံကျေးရွာမှ ဒေါ်ပုကလည်း ရွာမှာ လယ်ဧက ၁၅ ဧကလောက် စိုက်ထားတာ၊ ပြီးတော့
စပါးတိုက်ထဲ လည်း စပါးတင်း ၂ဝဝ လောက်ကျန်ခဲ့တယ်။ အခု ရေလွှမ်း ပြီဆိုတော့ ပြန်ရဖို့မမြင်တော့ဘူး။
ရေပြန်ကျသွားလည်း ပျိုးထောင်တာနဲ့ဆို ဒီနှစ်မီဖို့မလွယ်ဘူး။ ကြဲပက်ပြီး စိုက် ရင်တော့
အထွက်နည်းမှာပေါ့။ စိုက်ပျိုးရေးဘက်က တာဝန်ရှိသူတွေကို ဘယ်လိုနည်းစနစ်တွေနဲ့ စိုက်ပျိုး
သင့်တယ်၊ ဘယ်လိုစိုက်သင့်တယ် ဆိုတာတွေကို ပညာပေး ဆောင်ရွက်စေချင်ပါတယ်။ တစ်နယ်လုံးက
အားထားရတဲ့ မိုးစပါးက ပျက်စီးသွားပြီဆိုတော့ နောင်နှစ်အတွက်လည်း အတော်ရုန်းကန်ရဦးမှာပါ''
ဟု ပြောကြားသည်။
၂ဝ၁၅ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း မိုးရွာသွန်းမှု ကြောင့် ကချင်ပြည်နယ်တွင်
စိုက်ပျိုးမြေဧက ၁၂၆၄၄ ဧက၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးမြေဧက ၈၃၅ဝ၄ ဧက၊ ပဲခူးတိုင်းဒေသကြီးတွင်
စိုက်ပျိုးမြေဧက ၁၃ဝ၇ ဧက၊ ရခိုင်ပြည်နယ်တွင် စိုက်ပျိုးမြေဧက ၂၉၁၅ ဧကနှင့် ရန်ကုန်တိုင်းဒေသကြီးတွင်
စိုက်ပျိုးမြေဧက ၈၄၉ ဧက စုစုပေါင်း ၁ဝ၁၂၁၉ ဧက ရေကြီးနစ်မြုပ်ခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ရေဘေးသင့် ဒေသခံပြည်သူများအတွက် ကူညီ ထောက်ပံ့မှုများပေးရာတွင် စိုက်ပျိုးရေးဆိုင်ရာ
ကူညီပံ့ပိုး မှုများ ပိုမိုလုပ်ဆောင်ပေးသင့်ကြောင့် အကြံပြုပြောကြား ခြင်းများ ကြားသိရသကဲ့သို့
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ တောင်သူများအတွက်
မျိုးစပါးအရန် တင်း ၂၅ဝဝဝ ကို ခွဲဝေပေးထားပြီး တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ဖြန့်ဝေသွားမည်ဖြစ်သည်။
ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ကန့်ဘလူ၊ ဝန်းသိုနှင့် ကောလင်းမြို့နယ်များရှိ
ဒေသခံများက နိုင်ငံတော်သမ္မတ နှင့် တွေ့ဆုံရာတွင် လိုအပ်ချက်များကို တင်ပြခဲ့ပြီး ဒေသခံ
များ၏ လိုအပ်ချက်ဖြစ်သည့် ပျက်စီးသွားသည့် လယ်ယာ မြေများအတွက် စိုက်ပျိုးစရိတ်များ၊
ကျောင်းများနှင့် သက်ဆိုင်သော၊ ကျန်းမာရေးနှင့်သက်ဆိုင်သော အစီအမံ များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု
နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။
''သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက စာနာ စိတ်၊ ညှာတာစိတ်၊ ကူညီလိုစိတ်များနဲ့ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါတယ်''ဟု နိုင်ငံ တော်သမ္မတက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေကြီး ရေလျှံဒေသများသို့ သွားရောက်ရာတွင် ပြောကြားခဲ့သည်။
ရေဘေးသင့် အိမ်ထောင်စုများအတွက် အစားအစာ၊ သောက်ရေနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို
စေတနာရှင်ပြည်သူများကလည်း ထောက်ပံ့လှူဒါန်းမှုများ ပေးအပ်လျက်ရှိသည်။ ဘေးလွတ်ရာနေရာများတွင်
ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာအစိုးရအဖွဲ့က
အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''ကျွန်မက ကောလင်းမြို့ လူမှုဖူလုံရေးဌာနကပါ။ ကယ်ဆယ်ရေးစခန်း တွေမှာကူညီပြီး လုပ်အားဒါန
လာပြုတာပါ။ ရုံးလုပ်ငန်းတာဝန်လည်း မပျက်ရအောင် အဖွဲ့နှစ်ဖွဲ့ခွဲပြီး ရုံးမှာတစ်ဖွဲ့၊
ဒီမှာတစ်ဖွဲ့ လုပ်အားပေး ကြပါတယ်။ လာရောက်လှူဒါန်းကြတဲ့ ဆေးဝါးနှင့် အဝတ်အထည်တွေ လာရောက်လှူဒါန်းကြတာကို
စနစ် တကျ စာရင်းနဲ့လက်ခံပြီး လိုအပ်နေသူတွေအတွက် ဆောင်ရွက်ပေးနေတာပါ'' ဟု ဒေါ်ကြူကြူဆွေက
ပြောကြားခဲ့သည်။
ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရေလွှမ်း မိုးမှုမတိုင်မီနှင့် ရေတက်နေစဉ်
လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြည်သူများသိရှိစေရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကလည်း
ထုတ်ပြန်ထားပြီး ရေပြန်ကျ သွားပြီးအခါတွင်လည်း ရေကြီးခဲ့သော နေရာ၊ အဆောက် အအုံသို့
ချက်ချင်းပြန်မသွားသင့်ကြောင်း၊ နေအိမ်အနီး လျှပ်စစ်ဓာတ်ကြိုးများ၊ တယ်လီဖုန်းကြိုးများ
ပြတ်ကျနေ သည်ကို တွေ့ရှိပါက သက်ဆိုင်ရာဌာနသို့ အကြောင်း ကြားသင့်ကြောင်း၊ ရေမြုပ်နေသော
လျှပ်စစ်ပစ္စည်းများကို တွေ့ရှိပါက ခလုတ်မဖွင့်ဘဲ လျှပ်စစ်ကျွမ်းကျင်သူအား ဦးစွာ စစ်ဆေးခိုင်းသင့်ကြောင်းနှင့်
ရေကို ကျိုချက် သောက်သင့်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
နိုင်ငံတော်သမ္မတက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု ဖြစ်စဉ်အပေါ် သတိချပ်၍
တစ်နိုင်ငံလုံးရှိ ဆည်တာတမံများ၏ ကြံ့ခိုင်ရေးကို အလေးပေးဆောင် ရွက်သွားကြရန် တာဝန်ရှိသူများအား
မှာကြားခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ပညာရှင်များကလည်း မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးခဲ့သည့် ဆည်များတွင်
သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်များ၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအစီအစဉ်များဖြင့်
ပြန်လည်ပြင်ဆင် မွမ်းမံမှုများကို လုပ်ဆောင်သင့်ကြောင်းနှင့် သဘာဝဘေး အန္တရာယ်အမျိုးမျိုးအတွက်
သက်ဆိုင်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲရေးကို
ထိရောက်မြန်ဆန်စွာ လုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံတွင် လိုအပ်ချက်များရှိနေ သေးကြောင်း
အကြံပြုပြောဆိုထားသည်။
သဘာဝဘေးအန္တရာယ်ဟူသည် အချိန်အခါနေရာ ဒေသမရွေး ဖြစ်ပွားတတ်သော်လည်း ဖြစ်နိုင်ခြေရှိသည့်
အချိန်နှင့် ရာသီတို့ကို အလေးထားဂရုပြု ကြိုတင်စီမံနိုင်မှ သာ အပျက်အစီးအဆုံးအရှုံးနည်းပါးစွာ
ကျော်လွှားနိုင် မည်ဖြစ်သည်။ ထို့ပြင် ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာ သော လူမှုဒုက္ခအပေါင်းကိုလည်း
အချိန်နှင့်တစ်ပြေးညီ စီမံခန့်ခွဲကူညီဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းသွားကြရမည် ဖြစ်ပါကြောင်း
ရေးသားတင်ပြလိုက်ရပါသည်။
သတင်းဆောင်းပါး
ဟန်နီဝင်း-အောင်သူရ



No comments:
Post a Comment