Monday, July 6, 2015

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ၇၂ ရက်မြောက်နေ့ကျင်းပ




 နေပြည်တော် ဇူလိုင် ၆

ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၂ ရက် မြောက်နေ့ကို ယနေ့နံနက (၁၀)နာရီတွင် ကျင်းပရာ ကျန်းမာရေး ကဏ္ဍဆိုင်ရာမေးခွန်းများ နှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ၀င်းမြင့်က ပြန်လည် ဖြေကြားခဲ့သည်။


သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ တိုင်းရင်းဆေး ပညာရှင်များအား ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရာထူး တာဝန်များအထိ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းရင်းဆေးပညာ ဦးစီးဌာန၏ လုပ်ငန်း တာဝန်များတွင် တိုင်းရင်းဆေးပညာရှင်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကုသရေးလုပ်ငန်းများ သာမက စီမံခန့်ခွဲရေး လုပ်ငန်းများ၊ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်းများ၊ ဆေးရုံလုပ်ငန်းများ၊ စက်ရုံ လုပ်ငန်းများ၊ ပြတိုက်လုပ်ငန်းများ၊ ဥယျာဉ် လုပ်ငန်းများ ပါဝင်နေပြီး ၎င်းလုပ်ငန်းများနှင့် သက်ဆိုင်သည့် တိုင်းရင်းဆေးပညာရှင် မဟုတ်သည့် ကျွမ်းကျင်သူ ပညာရှင်များလည်း လိုအပ်သည်ကို တွေ့ရှိရပါကြောင်း။

ထို့ကြောင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနကို ဦးဆောင်ဦးရွက်ပြုလုပ်မည့်သူ အနေဖြင့် အဆိုပါ လုပ်ငန်းနယ်ပယ်များတွင် ကျွမ်းကျွမ်းကျင်ကျင်၊ နှံ့နှံ့စပ်စပ် သိနားလည်ပြီး လမ်းညွှန်မှုပြုပေးနိုင်ရန် လိုအပ်သည့်အတွက် နောင်အနာဂတ်ကာလတွင် တိုင်းရင်းဆေး ပညာရှင်ထဲမှ အဆိုပါ လုပ်ငန်းနယ်ပယ်များကို တတ်သိနားလည်၍  ဦးဆောင်ဦးရွက် ပြုနိုင်မည့်ပုဂ္ဂိုလ်များ ပေါ်ထွန်းလာသည့်အချိန်တွင် တာဝန်များ အဆင့်ဆင့် တိုးမြှင့်ပေးနိုင်ရန် စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ကြို့ပင်ကောက်မဲ ဆန္ဒနယ်မှ ဦးသန့်ဇင်၏ ကြို့ပင်ကောက်မြို့နယ် မြို့နယ်ပြည်သူ့ ဆေးရုံအား ခုတင်(၁၀၀)ဆံ့ဆေးရုံအဖြစ် အဆင့် တိုးမြှင့်ပေးရန်နှင့် လယ်တီကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဌာနအား (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် အဆင့် တိုးမြှင့်ပေးရန်မေးခွန်းနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ခုတင် (၅၀)ဆံ့ ပြည်သူ့ဆေးရုံကို ခုတင် (၁၀၀)ဆံ့သို့တိုးမြှင့်ရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကျန်းမာရေးဝန်ကြီးဌာနက တိုးချဲ့ဆောက်လုပ်မည့် အဆောက်အဦများ အတွက် မြေနေရာ လုံလောက်မှု ရှိ၊ မရှိ၊ အဆောက်အဦ ထပ်မံဆောက်လုပ်ရန် လိုအပ်ချက် ရှိ၊ မရှိနှင့် နယ်မြေ ဒေသ အခြေအနေနှင့် မြေပြင် အမှန်တကယ်လိုအပ်မှု ရှိ၊ မရှိတို့ကို စိစစ်ပြန်ကြားပေးရန် ညှိနှိုင်းထားပါကြောင်းနှင့် သဘောတူညီချက် ရရှိပါက အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ သဘောထားမှတ်ချက် ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် လယ်တီကျေးလက် ကျန်းမာရေးဌာနသည် ကြို့ပင်ကောက်မြို့နယ်ဆေးရုံနှင့် ၉ မိုင် ၃ ဖာလုံ၊ အလယ်ကုန်းတိုက်နယ် ဆေးရုံနှင့် ၁၈ မိုင်ကွာဝေးပါကြောင်း၊ ကုသရေးဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း တစ်နှစ်လျှင် ဆေးရုံအသစ် ၅၁ ရုံဖွင့်လှစ်ရန် လျာထားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အတွင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်၌ တိုက်နယ်ဆေးရုံ ၆ ရုံဖွင့်လှစ်ရန် လျာထားခဲ့ပါ ကြောင်း၊ ကြို့ပင်ကောက်မြို့နယ် လယ်တီကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံ အဖြစ် ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။

ထို့နောက် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက တင်သွင်းသည့် မော်တော်ယာဉ် ဥပဒေကြမ်း၊ ဘဏ္ဍာရေး ၀န်ကြီးဌာနက တင်သွင်းသည့် ပင်စင်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တင်သွင်းသည့် ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ရာဇ၀တ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာများကို ဖတ်ကြားပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment