Tuesday, July 7, 2015

ရမည်းသင်းမြို့နယ် ဝါးရုံတောရွာ အနောက်ဘက်တွင် ကြေးလင်ပန်း၊ ကြေးဖလားများတွေ့ရှိ

ရမည်းသင်း ဇူလိုင် ၆
မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဝါးရုံတောအုပ်စု ဝါးရုံတော ကျေးရွာ၌ လွန်ခဲ့သော နှစ်ပေါင်းများစွာကဟု ခန့်မှန်းရသော ကြေးလင်ပန်းကြီး၊ ကြေးဖလားများကို လွန်ခဲ့သော ရက်များအတွင်းက တွေ့ရှိခဲ့သည်ဟု သိရသည်။

ယင်းကြေးလင်ပန်း၊ ကြေးဖလားများကို ဝါးရုံတောရွာ၏ အနောက်ဘက် သစ်ဝံချောင်းအတွင်း သို့ စီးဝင်သော စက်စက်ယိုရိုး ကမ်းပါးဘေးတွင် တွေ့ရှိရသည်ဟု သိရပြီး ယင်းဝန်းကျင်သို့ နွားကျောင်းကြသော မောင်ကျော်မင်းနိုင်နှင့် မောင်ကုလားတို့ နှစ်ဦးသည် ရိုးကမ်းပါး တစ်လျှောက် ငှက်ပစ်သွားကြရာ ယင်းပစ္စည်းများ ထိုးထွက်နေသည်ကို တွေ့ရသည်။ ယင်းထိုးထွက် နေသော အရာကို ပါလာသောဓားဖြင့် ထိုးဆွ တူးဖော်ရာ ဦးစွာ ကြေးလင်ပန်းကြီး နှစ်ချပ်ထပ်လျက် တွေ့ရှိရပြီးနောက် ထပ်မံတူးဖော်ရာ ကြေးဖလားကြီး နှစ်လုံးကို ထပ်လျက် အနေအထား ထပ်မံတွေ့ရှိရသည်ဟု သိရသည်။
ယခုဖော်ပြပါ ကြေးလင်ပန်းကြီး၏ အတိုင်းအတာမှာ အဝန်း တစ်တောင်ရှိပြီး စောက် (အမြင့်)မှာ သုံးလက်မ နီးပါးခန့်ရှိသည်။ ကြေးလင်ပန်းကြီး၏ အပေါ် နှုတ်ခမ်းသားကို သပ်ရပ်စွာ အဖျား ခတ်ထားသည် ကို တွေ့ရသည်။ ယင်းကြေးလင်ပန်းကြီး၏ အလေးချိန်မှာ ၉၈ ကျပ်သား ရှိသည်။ ကျန်ကြေး လင်ပန်းတစ်ချပ်သည် အတန် ငယ်သေးသည်ဟု သိရသည်။ အတူတွေ့ရသော ကြေးဖလားကြီး မျက်နှာပြင် အကျယ်မှာ ဆယ်လက်မခန့်ရှိပြီး အမြင့်မှာ ငါး လက်မရှိသည်။
အလေးချိန်မှာ လေးဆယ် ကျပ်သားရှိသည်။ ကျန် တစ်လုံးမှာ ယင်းထက်အတန်ငယ်ပြီး အလေးချိန်လည်း လျော့သည်။

ယခုကဲ့သို့ ထူးခြားစွာ တွေ့ရှိရသော ကြေးလင်ပန်းကြီး၊ ကြေး ဖလားကြီးများသည် မည်သည့်ခေတ်အခါက ဖြစ်သည်ကို ဒေသခံပြည်သူ များက စိတ်ဝင်စားစွာ သိရှိလိုကြကြောင်း သိရသည်။

No comments:

Post a Comment