တိုကျို - ဇူလိုင် ၅
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ
ယနေ့ ဒေသစံတော် ချိန် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် တိုကျိုမြို့မှ နာဂိုယာမြို့သို့
ကျည်ဆံရထား Nozomi 27 ဖြင့် သွားရောက်ကြရာ မွန်းလွဲ ၁၂ နာရီ ၄၉ မိနစ်တွင် နာဂိုယာဘူတာသို့
ရောက်ရှိကြသည်။
ထို့နောက် ဟဲခိနန် အဆင့်မြင့် နည်းပညာသုံးကျောက်မီးသွေး
အသုံးပြု ဓာတ်အားထုတ်လုပ်ရေးသည့် စက်ရုံကို သွားရောက်လေ့လာကြသည်။
Chubu (ချူဘူး) လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ဗဏီ၏
ဟဲခိနန် (Hekinan) အဆင့်မြင့်နည်းပညာသုံး ကျောက်မီးသွေးအသုံးပြု လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်
စက်ရုံသည် ဂျပန်နိုင်ငံ၏ အဓိကစက်မှုမြို့တော် တစ်ခုဖြစ်သည့် နာဂိုယာမြို့ တောင်ဘက်မိုင်လေးဆယ်အကွာ
ကင်အူရာ (Kinuura) ပင်လယ်ကွေ့တွင် တည်ရှိ သည်။ စက်ရုံပတ်ဝန်းကျင်တွင် လူဦးရေ ခုနှစ်သောင်းခန့်နေထိုင်သည်။
စက်ရုံကို စတုရန်းမီတာ ၂ ဒသမ ၀၈ သန်း
အကျယ်အ၀န်းရှိ မြေနေရာပေါ်တွင် တည်ဆောက်ထားသည်။ စက်ရုံကို ၁၉၉၁ ခုနှစ်တွင် စတင်တည်ဆောက်သည်။
၇၀၀ မီဂါဝပ် ထုတ်နိုင်သော စက်သုံးလုံးပါဝင်ပြီး ၁၉၉၃ ခုနှစ်တွင် စက်သုံးလုံးလုံး
စတင် လည်ပတ်သည်။
ဂျပန်နိုင်ငံအတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ၁၀၀၀ မီဂါဝပ် ထုတ်လုပ်
နိုင်သော စက်သုံးလုံးကို ၂၀၀၁ ခုနှစ် နှင့် ၂၀၀၂ ခုနှစ် တွင် တိုးချဲ့တပ်ဆင်ခဲ့သည်။
ယခုအခါ ဟဲခိနန် သည် ဂျပန်နိုင်ငံတွင်အကြီးဆုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး
နေ့စဉ် ၄၁၀၀ မီဂါဝပ် ကို ထုတ်လုပ်လျက် ရှိ သည်။
ထိုပမာဏသည့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင်
ထုတ်လုပ်ပြီး မဟာဓာတ်အားလိုင်း မှ ဒေသအနှံ့ ဓာတ်အား ဖြန့်ဖြူးနေသည့် လျှပ်စစ်ဓာတ်အားပမာဏာ၏
နှစ်ဆနီးပါး၊ ရန်ကုန်မြို့တော်တွင်သုံးစွဲနေသည့် လျှပ်စစ် ဓာတ်အား ပမာဏ၏ လေးဆနီးပါးဖြစ်
သည်။
ဟဲခိနန်လျှပ်စစ်ဓာတ်အားစက်ရုံသည် ကျောက်မီးသွေးကို
အသုံးပြုပြီး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင် လိုက်နာရမည့် နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ထိန်း
သိမ်းမှုဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက် နေခြင်းဖြစ်သည်။
ထို့ပြင် စက်ရုံပတ်ဝန်းကျင်တွင် နေထိုင်နေသည့်
ဒေသခံပြည်သူများ၏ လူမှုစီးပွားဘ၀နှင့် ကျန်းမာရေးကို ထိခိုက်မှု မရှိစေရန်အတွက် ပွင့်လင်းမြင်သာစွာ
လုပ်ဆောင်လျက်ရှိပြီး စက်ရုံပတ်ဝန်းကျင်တွင် စိုက်ပျိုးရေး လုပ်ငန်းများ၊ ငါးဖမ်း
လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်
ဆောင်ရွက်ချက်များ အနေဖြင့် ဆာလဖာဓာတ်ငွေ့ ထုတ်လုပ်မှု မရှိစေရန်အတွက် ဆာလဖာအောက်ဆိုဒ်ကို
ထုံးကျောက်နှင့် ဓာတ်ပြုစေပြီး ဂျစ်ပဆမ်
(Gypsum) အဖြစ် ပြောင်းလဲခြင်း၊ နိုက်ထရိုဂျင်အောက်ဆိုဒ်ဓာတ်ငွေ့ကို သဘာဝပတ်ဝန်းကျင်
ထိခိုက်မှု မရှိသည့် နိုက်ထရိုဂျင်နှင့် ရေအဖြစ်ပြောင်းလဲခြင်း၊ ကျောက်မီးသွေးစုပုံထားသည့် နေရာများတွင် လေတိုက်
ခတ်မှုကြောင့် အမှုန်များ ပြန့်လွင့်မှုမရှိစေရန် အတွက် ပေ ၆၀ ကျော်မြင့် မားသည့် လေကာတံတိုင်းများ
ကာရံထားခြင်း၊ လိုအပ်ပါက ကျောက်မီးသွေးပုံများကို ရေဖြန်းခြင်း၊ ကျောက်မီးသွေးများကို သဘောင်္ပေါ်မှ ရွှေ့ပြောင်းချိန်တွင်
လည်းကောင်း၊ စုပုံနေရာမှ စက်ရုံတွင်းသို့ပို့ဆောင်ရာတွင်လည်းကောင်း အမှုန်များ
ပြန့်လွင့်မှု မရှိစေရန်အတွက် အကာအကွယ်များ တပ်ဆင်ထားခြင်း၊ စက်ရုံအတွင်း အမှုန်အမွှား
များ၊ ဖုန်မှုန့်များကို စုတ်ယူသန့်ရှင်းရန်အတွက် Electrostatic Dust Collectors
, Wet Electrostatic Dust Collectors များကို အသုံးပြုခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းစေရန်အတွက်
ရေဆိုးစွန့်ပစ်စနစ်ကို စနစ်တကျ တည်ဆောက်ထားခြင်း၊ စက်ရုံပတ်ဝန်းကျင်ရှိ ပင်လယ်ရေ
အပူချိန်မြင့် တက်မှုမရှိစေရန်အတွက် ဆောင်ရွက် ထားခြင်း၊ ပတ်ဝန်းကျင်လေထုအတွင်းရှိ
ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် နိုက်ထရိုဂျင် အောက်ဆိုဒ်ပမာဏာကို အဆက် မပြတ်တိုင်းတာနေပြီး ဒေသခံလူထုအနေဖြင့် အဆိုပါ တိုင်းတာချက်များကို
အချိန် မရွေးကြည့် ရှုနိုင်အောင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ထားခြင်း၊ စက်ရုံမှ
ထွက်ရှိလာသည့် အသုံးပြုပြီး ကျောက်မီး သွေးပြာ ၉၀% ခန့်ကို ဘိလပ်မြေပြန်လည်ထုတ်လုပ်ရာတွင်
အသုံးပြုခြင်း၊ ကျန်ရှိသည့် ကျောက်မီး သွေး ပြာများကို မြေအောက်ရေနှင့် ပင်လယ်ရေများ
ညစ်ညမ်းမှုမရှိစေရန်အတွက် အဆင့်မြင့်နည်းပညာအသုံးပြုပြီး ထိန်းသိမ်းထားခြင်း၊ စက်ရုံဧရိယာ၏
၂၅% ကို စိမ်းလန်းနယ်မြေအဖြစ်ထိန်းသိမ်းထားခြင်း တို့ ဆောင်ရွက် ကြောင်း သိရသည်။
ဟဲခိနန်စက်ရုံတွင် တစ်လလျှင် ကျောက်မီးသွေးတန်
ရှစ်သိန်းရှစ်သောင်းခန့် အသုံးပြုနေပြီး ကျောက်မီး သွေးများကို သြစတေးလျနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ
သယ်ယူလျက်ရှိသည်။ ဟဲခိနန်စက်ရုံသည် ၁၉၉၃ နှစ်မှ စတင်၍ ၂၄ နာရီ လည် ပတ်လျက်ရှိပြီး ချို့ယွင်းမှု လုံးဝ မရှိခဲ့ကြောင်း၊ မြေငလျင်ကြောင့်ဖြစ်စေ၊ ဆူနာမီ ကြောင့်ဖြစ်စေ စက်ရုံရပ်ဆိုင်းရခြင်း
မရှိခဲ့ကြောင်း သိရသည်။
စက်ရုံကို လေ့လာကြည့်ရှုပြီးနောက် စက်ရုံတာဝန်ရှိသူများနှင့်
တွေ့ဆုံဆွေးနွေး ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုး
တိုးတက်စေရန်အတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးသည် အရေးကြီး ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်
ရေအား လျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ် များစွာရှိသော်လည်း ရေအားလျှပ်စစ်သည်
ရာသီဥတုအပေါ်မူတည်နေသည့်အတွက် အပြည့်အ၀ အားကိုး၍ မရနိုင်ကြောင်း။
ထို့ကြောင့် သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့သည်
အဓိကလျှပ်စစ် ဓာတ်အားထုတ်လုပ်ရာ အရင်း အမြစ်များဖြစ်လာကြောင်း၊ နေရောင်ခြည်နှင့်
လေစွမ်း အင်တို့သည် အနာဂတ်အတွက် အလား အလာ ရှိသော်လည်း ထုတ်လုပ်မှု ကုန်ကျ စရိတ်မြင့်မားသည့်အတွက်
စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် အပြည့်အ၀ အသုံးမချနိုင် သေးကြောင်း၊ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားစက်ရုံများသည်
အလျင်အမြန် တည်ဆောက် နိုင်ပြီး ထုတ်လုပ်မှုစရိတ်လည်းနည်းပါးကြောင်း။
ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့်
ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေ သည့် ဂျပန်နိုင်ငံ၏ အတွေ့အကြုံနှင့်
နည်းပညာများကို မိမိတို့အသုံးပြုလိုကြောင်း၊
ချူဘူး ကုမ္ဗဏီ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံ မှုများ ပြုလုပ်စေလိုကြောင်း
ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယမြောက်လျှပ်စစ်ဓာတ်အားအများဆုံး
ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မီဂါဝပ် သုံးသိန်းခန့်ထုတ်လုပ်လျှက်ရှိသည်။ ဂျပန်နိုင်ငံ၏
လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၂၅% ကို ကျောက်မီး သွေးမှ ထုတ်လုပ်နေခြင်းဖြစ် သည်။
၂၀၁၁ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် ဆူနာမီကြောင့်
ဖူကူရှီးမား (Fukushima) အနုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံ ပျက်စီးခဲ့ပြီးနောက်တွင်
ကျောက်မီးသွေး မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို နိုင်ငံလိုအပ်ချက်၏ ၃၀% အထိမြှင့်တင်ခဲ့သည်။
ထို့ပြင် အနာဂတ်လိုအပ်ချက်များကို
ဖြည့်ဆည်းနိုင်ရန်အတွက် နောက်ထပ် ကျောက်မီးသွေး သုံးလျှပ် စစ်ဓာတ်အားစက်ရုံ ၇ ခုကိုလည်း
တည်ဆောက်လျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံလျှပ်စစ်လိုအပ်ချက်၏ ၂၆% ကို ကျောက်မီးသွေးမှ
ထုတ်လုပ်မည်ဆိုပါက နောက်ထပ် ကျောက်မီးသွေး သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၄၅ ရုံထပ်မံဆောက်လုပ်ရမည်ဟု
ခန့်မှန်းထားသည်။
ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံ၏ ကာဘွန်ထုတ်လုပ်မှုမြင့်မားခြင်းမရှိစေရန်အတွက်
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံများတွင် အဆင့်မြင့်နည်းပညာများ အသုံးပြုလျက်ရှိကြောင်း
သိရှိရသည်။


No comments:
Post a Comment