နေပြည်တော် ဇူလိုင် ၂၁
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်း သည် ယနေ့နံနက် (၉) နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ
ခုတင်(၁၀၀)ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဒေါက်တာပိုင်စိုး၊
ဦးဖုန်းဇော်ဟန်နှင့် ဒုတိယ ၀န်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး တို့က ဆေးရုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
သည်။
ယင်းနောက် ဒုတိယသမ္မတက ဆေးရုံကမ္ပည်းမော်ကွန်းကို
စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာသန်းအောင်နှင့် နေပြည်တော်ကောင်စီဝင် ဒေါက်တာပိုင်စိုးတို့က ကမ္ပည်းမော်ကွန်းအား
အမွှေးနံ့သာ ရည်ဖြင့် ပက်ဖြန်းပေးကြသည်။
ထို့နောက် ဆေးရုံခန်းမတွင် ဒုတိယ သမ္မတက
အမှာစကား ပြောကြားရာ၌ ယနေ့ ဖွင့်လှစ်သည့် နေပြည်တော် အရိုးရောဂါ အထူးကုဆေးရုံသည် နေပြည်တော်
ကောင်စီနယ်မြေအတွင်း ဖွင့်လှစ်မည့် ခုတင် (၁၀၀) အထူးကုဆေးရုံ (၄) ရုံအနက် တစ်ရုံ အပါအ၀င်ဖြစ်ပါကြောင်း
၊ ယခုဆေးရုံကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် အတွင်း ရန်ပုံငွေ ကျပ်သန်းပေါင်း ၂၁၈၈ သန်းကျော်
အကုန်အကျခံပြီး နေပြည်တော် ကောင်စီ၏ ကွပ်ကဲမှုဖြင့် ဆောက်လုပ်ပြီးစီးခဲ့ခြင်း ဖြစ်ပါကြောင်း၊
ယခုကဲ့သို့ အရိုးရောဂါအထူးကု ဆေးရုံ ဖွင့်လှစ်နိုင်ခြင်းကြောင့် အရိုးရောဂါနှင့် သက်ဆိုင်သည့်
ဝေဒနာရှင်များကို ကုသမှုပေးနိုင်မည် ဖြစ်သည့်အပြင်၊
မော်တော်ယာဉ် မတော်တဆ ထိခိုက်မှုများပြား လှသည့် ယနေ့အချိန်အခါအတွက် မတော်တဆမှု၊ အရေးပေါ်
ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုပေးနိုင်တော့မည် ဖြစ်ပါကြောင်း ။
မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက ပျှမ်းမျှ
လူ့မျှော်မှန်း သက်တမ်းနိမ့်ကျနေမှု၊ တစ်နှစ်အောက် ကလေး၊ ငါးနှစ်အောက် ကလေးနှင့် သားသည်
မိခင်သေဆုံးမှု မြင့်မားနေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး သတင်း အချက်အလက်အရ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိမှုမှာ ၂၀၁၂ ခုနှစ်အတွင်း
ယာဉ် မတော်တဆမှုမှာ လူဦးရေ ၁၀၀၀ လျှင် ၁ ဒဿမ ၈ ဦးနှုန်း၊ ၂၀၁၃ ခုနှစ်တွင် ၂ ဒဿမ ၂ ဦးနှုန်း၊
၂၀၁၄ ခုနှစ်တွင် ၂ ဒဿမ ၉ ဦးနှုန်း ဖြစ်သည်ကို တွေ့ရပါကြောင်း၊ ယာဉ်မတော်တဆဖြစ်မှုကြောင့်
သေဆုံးနှုန်းမှာ ၂၀၁၂ ခုနှစ်တွင် လူဦးရေ တစ်သိန်း လျှင် ၆ ဒဿမ ၁ ဦးနှုန်း၊ ၂၀၁၃ ခုနှစ်တွင်
၆ ဒဿမ ၆ ဦးနှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၈ ဒဿမ ၄ ဦးနှုန်း ဖြစ်နေသည်ကို တွေ့ရှိရသည့်အတွက်
စောင့်ရှောက်ကုသမှု ပေးနိုင်စေရန် အရိုးအထူးကုဆေးရုံကြီးများ ပိုမိုတိုးချဲ့ ဖွင့်လှစ်ရန် လိုအပ်လျက်ရှိသည့်
အပြင် ယာဉ်မတော်တဆ ထိခိုက်မှုကိုလည်း ပညာပေးတားဆီးကာကွယ်ရန် လိုအပ်နေ သည်ကို မီးမောင်းထိုးပြခြင်း
ဖြစ်ပါကြောင်း ။
ပြီးခဲ့သည့် အရေးပေါ်လူနာတင်ယာဉ်စနစ် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့စဉ်က
ယာဉ်မတော်တဆမှုများတွင် (၈၉) ရာခိုင်နှုန်းသော လူနာများသည် ဆေးရုံမရောက်မီ စနစ်တကျကုသမှု
မရရှိခဲ့ပါကြောင်း၊ အကယ်၍ အခင်းဖြစ်ပွားရာ နေရာတွင်သာ စနစ်တကျ ပြုစုကုသမှုရရှိပြီးမှ
ဆေးရုံသို့ ပို့ဆောင်နိုင်မည်ဆိုပါက သေဆုံးမှု ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ
လျှော့ချနိုင်လိမ့်မည်ဟု ဆွေးနွေးခဲ့ကြပြီးဖြစ်ပါ ကြောင်း။
ထို့ကြောင့် ယနေ့ နေပြည်တော်ကောင်စီနယ်မြေအတွင်း
အရိုးရောဂါအထူးကု ဆေးရုံတစ်ရုံ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတော် အတွက်ရော၊ ပြည်သူလူထု
အတွက်ပါ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နေ့ဖြစ်ပါကြောင်း၊
ယခ ဆေးရုံသစ်တွင် တာဝန် ထမ်းဆောင်သွားကြမည့်
အထူးကုဆရာဝန်ကြီးများမှအစ အဆင့်ဆင့်သော ကျန်းမာရေးဝန်ထမ်း အားလုံးကလည်း လာရောက်ကုသမှု
ခံယူကြမည့်လူနာများကို နွေးထွေးသည့် မေတ္တာ စေတနာများဖြင့် စောင့်ရှောက်မှု ပေးသွားနိုင်ကြ ပါစေကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည်
ဆေးရုံအတွင်းသို့ လှည့်လည် ကြည့်ရှူလေ့လာကြပြီး ဆေးရုံတွင် တက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေကြသည့်
ဝေဒနာရှင် လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည် ။
အရိုးရောဂါ ကုသမှု အဆင့်ဆင့်၏ သမိုင်းတွင်
အရိုးရောဂါကုသမှု ဆိုသည်မှာ အရိုးရောဂါတစ်ခုတည်းကိုသာ ကုသခြင်းမဟုတ်ဘဲ ၎င်းနှင့်ဆက်စပ်နေသည့်
ကြွက်သားများနှင့် အဆစ်များကိုပါ ပေါင်းစပ်ကုသခြင်းကို ဆိုလိုကြောင်း ၊ ရှေးယခင်က အရိုးရောဂါကုသမှုကို
ကလေးငယ်များ၏ မွေးရာပါအရိုး အနေအထား မှားယွင်းနေခြင်း (ဥပမာ) ခြေခွင်ခြင်းမျိုးကို
ကုသပေးခဲ့ရာမှ စတင်ခဲ့ကြောင်း ။
အရိုးကုသမှုဆေးရုံကို ၁၇၈၀ ခုနှစ်က ပထမဆုံး
ဖွင့်လှစ်နိုင်ခဲ့ပြီး ကလေးငယ် များ၏ မွေးရာပါ အရိုးအနေအထား မှားယွင်းနေမှုကို ပုံမှန်အနေအထား
ပြန်ရောက် စေရန် ပြုပြင်ဆောင်ရွက် ပေးခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ ၁၈ ရာစုခေတ်ကာလမှသာ
ခွဲစိတ်ကုသမှုများ ပါဝင်လာပြီး ကြွက်သား နှင့် အရွတ်များ ပြုပြင်ခြင်း ၊ ကျောရိုးခွဲစိတ်ပြုပြင်ခြင်း
၊ POP ဟုခေါ်သည့် ကျောက်ပတ် တီးစည်းခြင်းများကို စတင် အသုံးပြုလာခဲ့ကြောင်း၊ ကျိုးနေသည့်
အရိုးများ ပြန်ဆက်နိုင်ရန်အတွက် ကျိုးကြေ နေရာတွင် လှုပ်ရှားမှု မရှိစေရန် ထိန်းထားခြင်းအား
ဖြင့် အရိုးအဆက် မြန်လာကြောင်း။
အထူးသဖြင့် ပထမကမ္ဘာစစ်အတွင်း စစ်ဘေးစစ်ဒဏ်ကြောင့်
စစ်သားများ များပြားလှသည့် အရိုးကျိုးထိခိုက်ဒဏ်ရာ ရရှိမှုကို အဆိုပါစနစ် အများဆုံး
အသုံးပြုလာခဲ့ကြောင်း ၊ ခြေထောက်အရိုးများကို အလေးတုံးဖြင့် တွဲထိန်းထားခြင်း ၊ ကျိုးနေသည့်အရိုးနှစ်ဘက်အတွင်းသို့
သံမဏိချောင်း ထည့်သွင်းခြင်းအားဖြင့် အရိုးဆက်မြန်မှု ပိုမိုရရှိသည်ကို စမ်းသပ်ရှာဖွေမှုဖြင့်
တွေ့ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ
တိုင်းဒေသကြီးများနှင့် ပြည်နယ် များတွင်ရှိသည့် အထူးကုဆေးရုံ (၂၈) ရုံ အပါအ၀င် ဆေးရုံကြီး
၊ဆေးရုံငယ် စုစုပေါင်း (၉၈၇) ရုံ ရှိပြီး ယခု
၂၀၁၅ ခုနှစ် ဇွန်လကုန်တွင် စုစုပေါင်း ဆေးရုံကြီးငယ်ပေါင်း (၁၁၃၃) ရုံအထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး
ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၌ ခုတင် (၃၀၀) အရိုးရောဂါ အထူးကုဆေးရုံ
တစ်ရုံ ၊ မန္တလေးမြို့တွင် ခုတင် (၂၀၀) အရိုး ရောဂါ အထူးကုဆေးရုံ တစ်ရုံနှင့် ယခု နေပြည်တော်တွင်
ခုတင် (၁၀၀) အရိုးရောဂါ အထူးကုဆေးရုံ တစ်ရုံတို့သာရှိကြောင်း ၊ ရန်ကုန်အရိုးရောဂါ အထူးကုဆေးရုံတွင်
ခုတင် (၃၀၀)ဟုဆိုသော်လည်း လူနာ များပြားနေသည့်အတွက် အဆင့်မြှင့်ရန် လျာထားပြီးဖြစ်ကြောင်း၊
ထို့အပြင် အရိုး အထူးကုဆေးရုံဟု အမည်တပ် မထား သော်လည်း အထွေထွေရောဂါကု ရန်ကုန်ပြည်သူ့
ဆေးရုံကြီးတွင်လည်း အရိုးရောဂါ လူနာများ ရာနှင့်ချီပြီး တက်ရောက်ကုသမှု ခံယူနေသကဲ့သို့
တိုင်းဒေသကြီးနှင့် ပြည်နယ် အထွေထွေရောဂါကု ဆေးရုံများတွင်လည်း အကြောင်း အမျိုးမျိုးကြောင့်
အရိုးရောဂါ အတွက် ကုသမှု ခံယူနေသည့် လူနာ များစွာ ရှိနေကြောင်းလည်း သိရသည်။
၂၁ ရာစုတွင် အရိုးရောဂါ အထူးကုဆေးရုံများသည်
အရိုးရောဂါ အမျိုးမျိုးနှင့် ထိခိုက်ကျိုးပဲ့မှု အမျိုးမျိုးကို သာမန် ကုသပေးခြင်းမျိုး
မဟုတ်တော့ဘဲ Total Heap Replacement ၊ Knee Replacement ခေါ်သည့် တင်ပါးဆုံ၊ ပေါင်ရိုး
အဆစ် အစားထိုး ခွဲစိတ်ကုသခြင်း ၊ ဒူးဆစ်တစ်ခုလုံး အစားထိုးလဲလှယ် ခွဲစိတ်ကုသ ခြင်းများ
လုပ်ဆောင်နေကြပြီ ဖြစ်၍ မြန်မာနိုင်ငံ၏ အရိုးရောဂါ အထူးကု ဆေးရုံများသည်လည်း ထိုအဆင့်ကဲ့သို့
ရောက်ရှိနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။

No comments:
Post a Comment