နေပြည်တော် ဇူလိုင် ၂၁
ယခုနှစ်တွင် အငြိမ်းစားယူမည် ဆိုသည့်သတင်းမှာ
မှန်ကန်မှုမရှိကြောင်း၊ ၂၀၁၆ ခုနှစ်တွင်မှ အသက် ၆၀ ပြည့်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့သည်။
ဇူလိုင် ၁၇ ရက် ညနေပိုင်းက BBC မြန်မာသတင်းဌာနမှ
Mr. Jonah Fisher ၏ မေးမြန်းမှု များအပေါ် ပြန်လည်ဖြေကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်၏ ပြုပြင်ပြောင်းလဲမှုအခြေအနေ
မေးမြန်းမှုနှင့်ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော်ကို
Professional တပ်မတော် (Standard Army)ဖြစ် အောင် ပြောင်းလဲမှုများ လုပ်ဆောင်နေပါကြောင်း၊
ပြီးပြည့်စုံသည့် စွမ်းရည်ရှိသောတပ်မတော်တစ်ရပ် ဖြစ်အောင် တည်ဆောက်နေပါကြောင်း စသည်ဖြင့်
ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံရေးတွင် တပ်မတော်ပါဝင်ရန်
လိုအပ်သည်ဟု ယုံကြည်ပါသလား မေးမြန်းမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်က
လွပ်လပ်ရေးရရှိခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နိုင်ငံတော်၏ သမိုင်းတွင်
တပ်မတော်၏ ပါဝင်ပတ်သက်မှုများသည် မည်သို့မျှ ခွဲခြား၍ မရနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊
ယခုကဲ့သို့ အခြေအနေမျိုးရောက်ရှိလာစေရန် တပ်မတော် သည် ပြည်သူနှင့်ပူးပေါင်းပြီး အသက်သွေးချွေးများစွာ
ရင်းနှီး၍ လွတ်လပ်ရေးရရှိအောင် ဆောင်ရွက် ခဲ့ရခြင်းဖြစ်ပါကြောင်း၊ လွတ်လပ်ရေး တည်တံ့ခိုင်မြဲစေရန်၊
နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံ၏ ပိုင်နက်နယ်မြေ မထိပါးစေရန် လုပ်ဆောင်ခဲ့ရပြီး
တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင်
တပ်မတော်သားများ၏ အသက်သွေးချွေးများစွာ ပေးဆပ် ခဲ့ရပါကြောင်း၊ ထိုသို့ဆောင်ရွက်ထားရှိမှု
အခြေအနေမှ ယိမ်းယိုင်သွားစေမည့် ကိစ္စရပ်များကို တပ်မတော်အနေဖြင့် မည်သို့မျှ လက်ခံနိုင်သည့်အခြေအနေ
မရှိပါကြောင်း၊ ထို့ကြောင့် တိုင်းပြည် အခြေအနေကို တည်ငြိမ်အေးချမ်းသည့် အဆင့်ထိရောက်ရှိအောင်
တပ်မတော်မှ ပါဝင်ဆောင်ရွက်နေရ ခြင်းဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းပြခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နှင့်
ပတ်သက်ပြီး မေးမြန်းရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏ နံပါတ်တစ်ဆန္ဒမှာ
ထာဝရငြိမ်းချမ်းရေး ရရှိလို ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း
လျှောက်လှမ်းနေချိန်ဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးကို
အမှန်တကယ် ရယူလိုချင်သည့် စိတ်ရှိရန်လိုအပ်ပါကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်
အမှန်တကယ် လျှောက်လှမ်းလိုသည့် ဆန္ဒရှိရန်လည်း လိုအပ်ပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက်
ယုံကြည်မှုရှိရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် ၎င်းတို့လိုချင်သည့် လိုလားချက်များနှင့်
ရရှိထားသည့် အခွင့်အရေးများကို ဥပဒေနှင့်အညီ လုပ်ကိုင်သွားမည်ဆိုလျှင် ငြိမ်းချမ်းရေးကိစ္စရပ်များသည်
ရှောရှောရှူရှူနှင့် ဖြစ်မြောက် သွားမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးနှင့်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ မပြီးစီးဘဲ ကျန်ရှိနေမည်ဆိုလျှင် တပ်မတော်အနေဖြင့်
နိုင်ငံရေးလုပ်ငန်းစဉ်များမှ ပြန်လည်ထွက်ခွာမည့် အစီအစဉ် မဖြစ်နိုင်ကြောင်း ဆိုလိုခြင်းလားဟု
မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခက်အခဲရှိနေပါသေးကြောင်း၊ ပြည်သူလူထုအပေါ်
အာမခံချက်မရှိသေးဘဲ မိမိတို့တိုင်းပြည်ကို ယခုကဲ့သို့ ပြဿနာပေါင်းများစွာနှင့် ဖြေရှင်းနေရဦးမည်ဆိုလျှင်
မည်သို့မျှမဖြစ်နိုင်သေးပါကြောင်း၊ ငြိမ်းချမ်းရေးရမှသာ တစ်ဖက်တွင်လည်း တိုင်းရင်းသားများအရေးနှင့်ပတ်သက်ပြီး
ဆက်လက်ဆောင် ရွက်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင်
မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာ များစွာရှိနေသေးပါကြောင်း၊ ၎င်းတို့ကို အေးအေးချမ်းချမ်းနှင့်
စည်းကမ်းတကျဖြစ်လာရန်လို အပ်ကြောင်း၊ ၎င်းတို့မှာ မိမိတို့ကျော်ဖြတ်ရမည့် ကိစ္စများဖြစ်ကြောင်း
စသည်ဖြင့် ဖြေကြားသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့်
ရွေးကောက်ပွဲတွင် မည်ကဲ့သို့ အဖြေထွက် ပေါ်လာသည်ဖြစ်စေ လက်ခံလေးစားမှုပြုနိုင်ခြင်း ရှိ/မရှိ
မေးမြန်းမှုနှင့်စပ်လျဉ်း၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လွတ်လပ်မှုနှင့် မျှတမှုရှိသည့်
ရွေးကောက်ပွဲဖြစ်မည်ဟု ယုံကြည်ထားပါ ကြောင်း၊ မိမိတို့ ဆန္ဒမှာလည်း ၎င်းအတိုင်းပင်ဖြစ်ပါကြောင်း၊
ထိုကဲ့သို့ဖြစ်အောင်လည်း မိမိတို့ တပ်မတော်က ကူညီဆောင်ရွက်ပေးနိုင်သည့် အခန်းကဏ္ဍများ၌
ပါဝင်ဆောင်ရွက်ပေးနိုင်ရန် ဆုံးဖြတ်ထားပါကြောင်း၊ မည်သူအနိုင်ရသည်ဖြစ်စေ တရားနည်းလမ်းကျစွာဖြင့်
ရရှိလာသည့် ရလဒ် မှန်သမျှကို လက်ခံမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ် အခြေအနေများနှင့်
ပတ်သက်၍ မေးမြန်းမှုအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဘင်္ဂါလီလူမျိုးများမှာ ဗြိတိသျှတို့၏
ကိုလိုနီဖြစ်ခဲ့ချိန်က မြန်မာနိုင်ငံတွင် လယ်ကူလီလုပ်ကိုင်ရန် ရခိုင်ဒေသသို့ ခေါ်ဆောင်လာခဲ့ခြင်းသည်
အများဆုံးဖြစ်ကြောင်း၊ ၎င်းတို့မှ တစ်ဆင့် ပေါက်ဖွားလာမှုများလည်း များစွာရှိနေပြီဖြစ်ပါကြောင်း၊
မိမိတို့ တိုင်းရင်းသားများမဟုတ်သည့် အတွက် တိုင်းရင်းသားများကဲ့သို့ အခွင့်အရေးမရရှိနိုင်ပါကြောင်း၊
သို့ရာတွင် လူသားချင်းစာနာ ထောက်ထားမှုအနေဖြင့် ဥပဒေနှင့်အညီ မိမိတို့က စောင့်ရှောက်ပေးရမည့်လုပ်ငန်းများ
ရှိမည်ဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ဖြေရှင်းရမည်ဖြစ်ပါကြောင်း
ထည့်သွင်းဖြေကြား သည်။
ယခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူမည်ဟု
သတင်းထွက်ပေါ်နေမှုနှင့် သမ္မတ တာဝန် ထမ်းဆောင်ရန် တောင်းဆိုလာမည်ဆိုလျှင် ထမ်းဆောင်ရန်
ဆန္ဒရှိပါသလားဟု မေးမြန်းမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုနှစ်တွင် အငြိမ်းစားယူမည်ဆိုသည်မှာ
မဟုတ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှသာ မိမိအသက် ၆၀ နှစ် ပြည့်မည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည်
တိုင်းပြည် အတွက် အသက်ပေးပြီး တာဝန်ထမ်းဆောင်ရမည်ဆိုသည့် သစ္စာအဓိဋ္ဌာန် ဆိုထားသူများဖြစ်၍
လိုအပ် လာပါက မည်သည့်တာဝန်ပေးအပ်သည်ဖြစ်စေ ထမ်းဆောင်ရမည့် တာဝန်ရှိပါကြောင်း စသည်ဖြင့်
ဖြေကြားခဲ့သည်။

No comments:
Post a Comment