ကော့သောင်း
ဇူလိုင် ၆
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန
ကုန်သွယ်ရေး ဦးစီးဌာန နယ်စပ် ကုန်သွယ်ရေး စခန်း (ကော့သောင်း) ဒေသအတွင်း နယ်စပ်ဒေသမှတစ်ဆင့်
တရားမဝင် တင်သွင်းလာမည့် ကုန်ပစ္စည်းများအား တားဆီး ကာကွယ်ရေး လုပ်ငန်းများကို
Mobile Team အဖွဲ့ဖြင့် ကြပ်မတ် စစ်ဆေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
နယ်စပ် ကုန်သွယ်ရေးစခန်း (ကော့သောင်း) မိုဘိုင်းအဖွဲ့ကို
ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့ ခြောက်ခုမှ အရာထမ်း၊ အမှုထမ်းအဖွဲ့ဝင် ၂၆ ဦးဖြင့် ဖွဲ့စည်းထားပြီး
ပင်မရေယာဉ် PCE-158 ဖြင့် အခြေပြုကာ လှုပ်ရှားမှုရေယာဉ်ငယ်FB-015 ဖြင့် မြန်မာ- ထိုင်းနယ်စပ်
မြန်မာ့ရေပိုင်နက် အတွင်း ရနောင်း(ထိုင်း)- ကော့သောင်းမှ ပြည်မသို့အဝင် ရေလမ်းကြောင်း၊
ပြည်မမှ ရနောင်း (ထိုင်း)သို့ အထွက်ရေ လမ်းကြောင်းများကို စိုးမိုးနိုင်မည့် သူဌေးကျွန်းနှင့်
မွေတော်ကျွန်း အကြား ပင်လယ်ပြင်တွင် စောင့်ကြပ် စစ်ဆေးမည် ဖြစ်သည်။
တရားဝင် ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုး
တိုးတက်လာရေး၊ မျှတသည့် ဈေးကွက်များ ဖြစ်ထွန်းလာရေး၊ စားသုံးသူ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား
အထောက်အကူ ဖြစ်စေရေးနှင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာ တိုးမြှင့်ရရှိရေး ရည်ရွယ်ချက်များဖြင့်
နိုင်ငံတော်မှ တားမြစ် ကန့်သတ်ထားသည့် ကုန်ပစ္စည်းများ၊ အကောက်အခွန်မဲ့ ကုန်ပစ္စည်းများ၊
အထောက်အထား ကွဲလွဲ ပြည့်စုံမှု မရှိသည့် ကုန်ပစ္စည်းများ တရားမဝင် တင်သွင်းလာခြင်းကို
ပညာပေး သတ်မှတ် ကာလ ကုန်ဆုံးမည့် ဇူလိုင်လကုန်မှ စတင်၍ မိုဘိုင်းအဖွဲ့က စောင့်ကြပ်
စစ်ဆေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းအဖွဲ့ဖြင့် စစ်ဆေးမည့် အစီအစဉ်များကို
ဌာနဆိုင်ရာများ၊ နယ်စပ် ကုန်သည်ကြီးများ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များသို့
အသိပေး ရှင်းလင်းပွဲကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဟံသာဝတီ ခန်းမ၌ ဇူလိုင်
၂ ရက်က ပြုလုပ်ခဲ့သည်။
ရှင်းလင်းပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန ဒုတိယ
ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းက အမှာစကား ပြောကြားပြီး ကုန်သွယ်ရေးစခန်း (ကော့သောင်း)
တာဝန်ခံ ဦးနန္ဒက ကော့သောင်း နယ်စပ် ရေလမ်းကြောင်းမှ တစ်ဆင့် တရားမဝင် တင်သွင်းလာမည့်
ကုန်ပစ္စည်းများ အပေါ် အဖွဲ့က တားဆီး ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များအား အသေးစိတ်
ရှင်းလင်း ပြောကြားသည်။ ထို့နောက် အကောက်အခွန် ဦးစီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာနများမှ
တာဝန်ရှိသူများက မိမိတို့ ဌာနအလိုက် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်း
ပြောကြားကြသည်။
ထို့နောက် နယ်စပ် ကုန်သည်ကြီးများ အသင်းမှ ကုန်
သည်ကြီးများ၊ ပုဂ္ဂလိက ကုမ္ပဏီ လုပ်ငန်းရှင်များနှင့် စီးပွားရေး အသင်းအဖွဲ့များက သိရှိလိုသည်များကို
မေးမြန်းဆွေး နွေးခဲ့ပြီး ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားခဲ့သည်။
No comments:
Post a Comment