Tuesday, July 7, 2015

မဲစာရင်း မှန်ကန်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်များအား ပြည်သူလူထုသို့ ရှင်းလင်း အသိပေးခြင်း

နေပြည်တော် ဇူလိုင် ၆
၁။ ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ လကုန် သို့မဟုတ် နိုဝင်ဘာ လဆန်းတွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အရေးပါသော ရွေးကောက်ပွဲဖြစ်ပြီး၊ ပြည်တွင်း/ပြည်ပ လေ့လာသူများက စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိကြပါသည်။ ယင်း ရွေးကောက်ပွဲများတွင် ဥပဒေနှင့် ညီညွတ်သော မဲဆန္ဒရှင် အားလုံး မဲပေးနိုင်ရေး နှင့် အားလုံး ပါဝင် ဆောင်ရွက်ခွင့် ရရှိရေးတို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အလေးထား ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။

၂။ မဲစာရင်းဆိုသည်မှာ လွှတ်တော် အသီးသီး၏ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၂ (ည)အရ ရွေးကောက်ပွဲကိစ္စ အလို့ငှာ သတ်မှတ်ထားသော မဲဆန္ဒနယ် များအတွက် ပြုစုထားသည့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ စာရင်းကို ဆိုပါသည်။ ယင်းဥပဒေပုဒ်မ ၁၃၊ ၁၄ နှင့်အညီ နည်းဥပဒေ ၄ ၊ ၅ ၊ ၆ တို့အရ မဲစာရင်း ကို မြို့နယ် ကော်မရှင် အဖွဲ့ခွဲများနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများက ပြုစုကြခြင်းဖြစ်ပြီး မဲစာရင်း ပြုစုရာတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက လည်းကောင်း ပြုစုထားသည့် လူဦးရေ (မသန်စွမ်းသူများအပါအဝင်) စာရင်းကို ရယူ အခြေခံပြီး ပြုစုရခြင်း ဖြစ်ပါသည်။ ယင်းဥပဒေပုဒ်မ ၁၆ နှင့် နည်းဥပဒေ ၈ တို့အရ ယင်းသို့ ပြုစုထားသည့် မဲစာရင်းကို ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် ကြေညာပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံး၌ ရက်သတ်မှတ်၍ တရားဝင် ထုတ်ပြန် ကြေညာရပါမည်။ ထိုသို့ ကြေညာထားသည့် အချိန်တွင် (၁၄) ရက်အတွင်း မိမိအမည် ပါဝင်ခြင်း ရှိ၊ မရှိ လာရောက် ကြည့်ရှုရန် တာဝန်ရှိပြီး မဲစာရင်း မပါသူများက ပုံစံ(၃)ဖြင့် လည်းကောင်း၊ ကန့်ကွက်လိုသူများက ပုံစံ (၄) ဖြင့် လည်းကောင်း၊ အချက်အလက် ပြင်ဆင်လိုသူများက ပုံစံ(၄-ဂ) ဖြင့် လည်းကောင်း တင်ပြ ဆောင်ရွက်နိုင်ကြောင်း ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၇ နှင့် နည်းဥပဒေ ၉၊ ၁၁ တို့တွင် ပြဋ္ဌာန်းထားပါသည်။ ပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၁၂ တို့အရ မြို့နယ်သို့လည်း အယူခံ ဝင်ခွင့် ပေးထားပါသည်။ ယင်းသို့ ဆောင်ရွက်ပြီးမှသာ အတည်ပြုပြီးသည့် မဲစာရင်း ရရှိပါသည်။
၃။ ပြီးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ၊ ၂ဝ၁၂ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲ အတွေ့အကြုံများ အရ ဖော်ပြပါအတိုင်း မဲစာရင်း ထုတ်ပြန် ကြေညာပြီး နောက်ပိုင်းတွင်မှ မဲစာရင်းတွင် ချို့ယွင်း အားနည်းချက်များ ရှိကြောင်း တွေ့ရပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီမှု မရှိသော စာရင်း ဇယားများအား အခြေခံ ကောက်ယူခြင်း၊ မဲစာရင်း လာရောက် မကြည့်ရှုခြင်း၊ တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက်ခြင်း တို့တွင် ပြည်သူလူထု အတွက် အချိန် မလုံလောက်သောကြောင့် ချို့ယွင်း အားနည်းခဲ့ရသည်ဟု ကော်မရှင်က သုံးသပ် ရရှိပါသည်။ အဆိုပါချို့ယွင်း အားနည်းချက်သည် ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေ နိုင်ပါသည်။
၎။ ထို့ကြောင့် ၂ဝ၁၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် ပြည့်စုံ မှန်ကန်သော မဲစာရင်း ရရှိစေရေးအတွက် ရည်ရွယ်ပြီး ကြိုတင် ဆောင်ရွက်သည့် စီမံချက် တစ်ရပ် ချမှတ် ဆောင်ရွက်ခဲ့ပါသည်။ စီမံချက်အရ ၂ဝ၁၄ ခုနှစ် နှစ်လယ် ပိုင်းတွင် မတူညီသော ဒေသများရှိ မြို့နယ် (၃) မြို့နယ်၌ ရှေ့ပြေး စမ်းသပ်မှု လုပ်ဆောင်ခဲ့ပြီး အတွေ့အကြုံများကို သုံးသပ်ကာ တစ်နိုင်ငံလုံး အနေဖြင့် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၅ ခုနှစ် ဇွန်လအထိ အဆင့်(၄) ဆင့်ဖြင့် မဲစာရင်းပြုစု ကြေညာပေးပါသည်။ လုပ်ငန်းစဉ်၏ ရည်ရွယ်ချက်မှာ မဲဆန္ဒရှင် ပြည်သူလူထု၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၏ ပူးပေါင်း ကူညီမှုဖြင့် မဲဆန္ဒရှင်များက မဲစာရင်းကို ကြည့်ရှုပြီး မှားယွင်းချက်၊ လိုအပ်ချက်များကို အချိန်မီ ပြုပြင်ကာ ယာယီမဲစာရင်း အမှန် ဖြစ်ပေါ်လာစေရေး ဖြစ်ပါသည်။
၅။ ယခုအခါတွင် တစ်နိုင်ငံလုံးအဆင့် အခြေခံ မဲစာရင်းများကို ထုတ်ပြန် ကြေညာနိုင်ခဲ့ပြီး ပြည်သူလူထု အချို့က မဲစာရင်း လာရောက် ကြည့်ရှုကာ တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများ ဆောင်ရွက် နေသည်ကို တွေ့မြင်ရပါသည်။ ဥပမာအားဖြင့် နေပြည်တော် (၈) မြို့နယ်တွင် မဲဆန္ဒရှင်ပေါင်း ၆၁၄၈၂၆ ယောက် ရှိသည့်အနက် မှတ်တမ်းများအရ အောက်ပါအတိုင်း သိရပါသည်-
(က)မဲစာရင်းလာရောက် ကြည့်ရှုသူ-၂ဝ၈၂၉၅ ယောက် (၃၃.၈၇ %)
(ခ) ဖြည့်စွက်ပေးရန် တောင်းဆိုသူ - ၁၃ဝ၁၇ ယောက် (၆.၂ %)
(ဂ) ကန့်ကွက်သူ - ၄၇၂၆ ယောက် (၂.၂ %)
(ဃ)ပြင်ဆင်ပေးရန် တောင်းဆိုသူ - ၁၂၃၇ဝ ယောက် (၅.၉ %) တို့ ဖြစ်ပါသည်။
၆။ အချို့သော မီဒီယာများ၌ အခြေခံ မဲစာရင်းများတွင် ၃ဝ % နှုန်းမှ ၈ဝ% နှုန်းခန့် အထိ မှားယွင်းနေကြောင်း တိကျသော ကိန်းဂဏန်း မဖော်ပြဘဲ ဝေဖန်ပြောဆိုမှုများလည်း ရှိနေကြောင်း တွေ့ရပါသည်။ ကော်မရှင်၏ လေ့လာ စမ်းစစ်ချက်အရ အထက်အပိုဒ် ၅ ပါအတိုင်း ချို့ယွင်း အားနည်းချက် အချို့ ရှိနေသော်လည်း မဲဆန္ဒရှင် ပြည်သူများနှင့် အဖွဲ့အစည်းအချို့၏ အပြု သဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှုများကြောင့် အချိန်မီ ယာယီ မဲစာရင်းအမှန် ရရှိမည်ဟု ယုံကြည်ပါသည်။
၇။ မဲစာရင်းတွင် မှားယွင်းမှု ရှိသည်ဟုဆိုရာ၌ ဥပဒေကြောင်း အရ မဲပေးပိုင်ခွင့်ရှိသူများ ကျန်ခဲ့ခြင်းသည် မဲပေးခွင့်ကို ထိခိုက် ဆုံးရှုံးခြင်းဖြစ်ပြီး မပါသင့်သူများ (ကွယ်လွန်၊ ထောင်ကျ) ပါဝင်နေခြင်းတို့သည် မဲပေးခွင့်ကို အသုံးချသွားနိုင်ပါသည်။ သာမန်အားဖြင့် အမည်၊ မှတ်ပုံတင်၊ မွေးလ၊ မွေးရက် မှားယွင်း ချို့ယွင်းမှုများမှာ မဲပေးပိုင်ခွင့်ကို ထိခိုက်စေမည် မဟုတ်ပါ။ မည်သို့ပင်ဆိုစေ အချိန်မီပူးပေါင်း ပြင်ဆင်ခြင်းဖြင့် မဲစာရင်းအမှန်ကို ရရှိနိုင်မည်ဖြစ်ပါသည်။
၈။ သို့ဖြစ်ပါ၍ အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းစဉ်သည် ရွေးကောက်ပွဲ ဥပဒေများအရ တရားဝင်မဲစာရင်း ထုတ်ပြန် ကြေညာခြင်း မပြုမီ ကြိုတင် ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး တရားဝင် မဲစာရင်း ထုတ်ပြန်ချိန်တွင်လည်း မဲစာရင်းကြည့်ရှုခွင့်၊ တောင်းဆိုခွင့်၊ ပြင်ဆင်ခွင့်၊ ကန့်ကွက်ခွင့်များ ရရှိဦးမည်ဖြစ်ပါသည်။ ယခု ကြေညာထားသည့် အခြေခံမဲစာရင်း အပေါ်၌လည်း တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက်မှုများ ပြုလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများထံသို့ ဆက်သွယ် ဆောင်ရွက် နိုင်ပါသည်။ မဲဆန္ဒရှင် ပြည်သူများက ပူးပေါင်း ဆောင်ရွက်ကြ ပါရန်နှင့် အပြုသဘော ဆောင်သော ပူးပေါင်း ဆောင်ရွက်မှုများအား ကြိုဆိုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment