Sunday, July 12, 2015

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ မှော်ဝန်းတံတားဖွင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး







ရန်ကုန်  ဇူလိုင် ၁၂

 ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ၀ဲကြီး ကျေးရွာနှင့် ပန်းချောင်း ကျေးရွာသို့ မှော်ဝန်းချောင်းကို ဖြတ်သန်းတည်ဆောက် ထားသည့် မှော်ဝန်းတံတားဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီတွင် အဆိုပါတံတားအနီးရှိ ယာယီမဏ္ဍပ်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ပြီး  ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။


တံတားဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးလှဋ္ဌေးဝင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ၀န်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂမှ ဌာနေ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ လှုမှုရေးအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ၊ ဘက်စုံထူးချွန်လူငယ်များ၊ ကင်းထောက်လူငယ်မောင် မယ်များ၊ ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည့်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောက်တန်းမြို့နယ် ရွှေကုန်းရပ်ကွက်မှ အငြိမ်းစားကျောင်းဆရာ၊ မြို့နယ်စာရေးဆရာအသင်း နာယက ဦးစိုးဝင်း၊ ခနောင်ကျေးရွာမှ ရပ်မိရပ်ဖဦးမြင့်ဆွေ နှင့် ၀ဲကြီးကျေးရွာမှ ဒေါ်ဝင်းဝင်းမော်တို့က ရန်ကုန်တိုင်း ဒေသကြီးအတွင်း အဓိက ဆန်စပါးထုတ်လုပ်ရာဒေသဖြစ်သည့် ကျောက်တန်းမြို့နယ်ရှိ မှော်ဝန်းချောင်းကြောင့် တောင်ပိုင်းနှင့် မြောက်ပိုင်းဟု ကွဲပြားပြီး လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် အခြေအနေ၊ တောင်ဘက်ခြမ်းဒေသရှိ ကျေးရွာများအနေဖြင့် ကျောက်တန်းမြို့သို့သွားရောက်ရန် အတွက် ရေလမ်းခရီးဖြင့် လည်းကောင်း၊ သုံးခွမြို့မှတစ်ဆင့် ကုန်းလမ်းခရီးဖြင့် ၃၇မိုင် ကို လည်းကောင်း အဆင့်ဆင့် သွားရောက်နေရသဖြင့် ဒေသ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူမှုစီးပွား အခြေအနေများ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ယခု မှော်ဝန်းတံတား တည်ဆောက်ပြီးစီးမှုကြောင့် ကျောက်တန်း၊ သံလျင်မှ တစ်ဆင့် ရန်ကုန်မြို့သို့ အလွယ်တကူ ဆက်သွယ် သွားလာနိုင်တော့မည်ဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို များစွာ အထောက်အကူဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောက်တန်းဒေသတွင် လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးမြေများသို့ ပင်လယ်ရေငန် ၀င်ရောက်မှုကို ကာကွယ်ပေးနိုင်ရေးတို့အား ဆက်လက်ဆောင်ရွက် ပေးပါရန်၊ နိုင်ငံတော်သမ္မတအနေဖြင့် ကျေးလက်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို လာမည့်နှစ်များတွင်လည်း ဆက်လက် အကောင်အထည်ဖော်ပေး စေလို ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ကျောက်တန်း မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ အနာဂါတ် စီမံချက် များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျောက်တန်းမြို့နယ်သည် ရန်ကုန်မြို့နေ လူဦးရေ ခုနှစ်သန်းခန့်အတွက် စားနပ်ရိက္ခာ အဓိကထုတ်လုပ်ပေးနေ သည့် ဒေသဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေခဲ့ကြောင်း၊ ထို့ကြောင့် ကျောက်တန်း မြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာ အုပ်စု ၃၂ စု၊ ကျေးရွာပေါင်း ၄၅ ရွာ၊ လူဦးရေ ရှစ်သောင်း၏ လူမှုစီးပွား ဘ၀နှင့် ပညာရေး၊ ကျန်းမာရေးအခြေအနေများ တိုးတက်မြင့်မားစေရန်အတွက် ယခု မှော်ဝန်း တံတားကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း။

ကျောက်တန်းမြို့နယ်တွင် လမ်းပန်းဆက်သွယ်မှုအခက်အခဲအပြင် မိုးရာသီ ရေကြီး ရေလျှံမှု၊ ပင်လယ်ဆားငံရေ၀င်ရောက်မှုများနှင့်လည်း ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ရေတားတမံနှင့် လမ်းအဖြစ် ပူးတွဲအသုံးပြုနိုင်သည့် ပင်လယ်ရေတားတမံကို ကျောက်တန်းဒေသ တောင်ပိုင်းပင်လယ်ကမ်းခြေ တစ်လျှောက်တွင် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း။
 ထို့ပြင် ပဲခူးမြစ်မှ ရေချိုကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်လည်း စီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားသည် ဒေသတွင် စိုက်ပျိုးရေးနှင့် အသေးစား၊ အလတ်စားစက်မှု လုပ်ငန်းများဖွံ့ဖြိုး တိုးတက် ရေးအတွက် အရေးပါသည့်အတွက် အဆင့်မြင့်နည်းပညာသုံး ကျောက်မီးသွေးစက်ရုံကို တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

နောင်ရှာဖွေတွေ့ရှိသည့် သဘာဝဓာတ်ငွေများကိုလည်း ပြည်တွင်းလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးအတွက် အဓိကထား အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကျောက်မီး သွေးအသုံးပြုရာ၌  မိမိ ဂျပန်ပြည်ခရီးစဉ်တွင် လေ့လာတွေ့ရှိခဲ့သည့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုအနည်းဆုံးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် နည်းစနစ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံတွင် ကျောက်မီးသွေးစက်ရုံများပတ်ဝန်းကျင်၌  မြို့ရွာများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တည်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေကြောင်း။

 မွန်ဂိုလီးယားနိုင်ငံတွင်လည်း မြို့တော် အူလန်ဘာတာ လူနေရပ်ကွက်များ အတွင်း တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ သုံးခုရှိပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိ၊ မီးခိုးမထွက်ဘဲ  လည်ပတ် နေသည်ကို လေ့လာ သိရှိရကြောင်း၊ ကျောက်တန်းဒေသကို သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် လည်းကောင်း၊  စစ်တောင်းမြစ် ကို ဖြတ်ပြီး မွန်ပြည်နယ်နှင့် လည်းကောင်း ဆက်စပ်ပြီး စိုက်ပျိုးရေးသာမက အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့် ဒေသ ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မှော်ဝန်းတံတားကို  ဘက်စုံပညာထူးချွန်လူငယ် မောင်သီဟဇော်၊ ကင်းထောက်လူငယ် မသင်းသင်းလှိုင် နှင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းတွင် ငါးဘာသာဂုဏ်ထူးရှင် မမေရတနာဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။      

ထို့နောက် နိုင်ငံတော်သမ္မတက မှော်ဝန်းတံတား ကမ္ပည်းမော်ကွန်း ကျောက်စာ  တိုင်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးသည်။                              
     
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများသည် တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။    မှော်ဝန်းတံတားသည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကျောက် တန်း - ၀ဲကြီး - သုံးခွကားလမ်းပေါ်တွင် တည်ရှိပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၄ -၂၀၁၅ ဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၄ခုနှစ် ဒီဇင်ဘာ(၆)ရက် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဆောက်လုပ် ရေး အထူးအဖွဲ့(၁၆) က စတင်တည်ဆောက်ခဲ့သည်။                   

တံတားအမျိုးအစားမှာ သံကူကွန်ကရစ် ဘိုးပိုင်နှင့် တံတားကိုယ်ထည်နှင့် တံတားအပေါ်ထည်မှာ အာစီကွန်ကရစ် တံတားဖြစ်ပြီး တံတားပေအရှည်(၉၀၀)၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်း တစ်ဖက်လျှင်(၃ပေ၆လက်မ)၊ ရေလမ်း ကင်းလွတ် အကျယ် ပေ (၉၀)နှင့် အမြင့်(၁၅)ပေ၊ တံတားခံနိုင်ဝန်မှာ တန်(၆၀) ဖြစ်ကြောင်း သိရသည်။        
 
အဆိုပါ တံတားမဖွင့်လှစ်မီက တံတားမြို့နှင့် ကျောက်တန်းမြို့နယ် တောင် ဘက်ခြမ်းရှိ မုတ္တမပင်လယ်ကွေ့မှ ကျေးရွာပေါင်း(၄၅)ရွာ အိမ်ထောင်စုပေါင်း (၂၀၄၂၄)စု ၊ လူဦးရေ(၈၁၄၇၈)ဦးတို့သည် ကျောက်တန်းမြို့နှင့် သန်လျင်မြို့တို့ကို သွားရောက်နိုင်ရန် မှော်ဝန်းချောင်းကြီးခြားနေသဖြင့် သုံးခွမြို့မှတစ်ဆင့် မိုင်ပေါင်း(၃၇) မိုင်ကျော်ကို ကွေ့ပတ်၍ သွားလာခဲ့ရပြီး ယခုတံတားဖွင့်လှစ်နိုင်သောကြောင့် (၁၅)မိုင် ခန့်ဖြင့် အချိန်တိုအတွင်း သွားလာနိုင်တော့မည်ဖြစ်သည်။

ထို့အတူ အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများသည် ယခင်က ရန်ကုန်မြို့ သို့ သွားလျှင် သုံးခွမြို့သို့ ဖြတ်၍ အချိန်(၄)နာရီခန့် သွားလာခဲ့ရပြီး ယခုအခါ မှော်ဝန်း တံတားပေါ်မှတစ်ဆင့် ရန်ကုန်မြို့သို့ (၂)နာရီခန့်အတွင်း သွားလာနိုင်တော့မည် ဖြစ်သည်။


ထို့ပြင် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘ၀ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး အဆိုပါဒေသရှိ စိုက်ပျိုးမြေ(၁၂၇၇၁၂)ဧကတို့မှ လယ်ယာ ထွက်ကုန်များနှင့် ငါး၊ ပုစွန်မွေးမြူရေး (၁၁၄၅၂)ကန်တို့မှ သားငါးပုစွန် စသည့် ရေထွက် ကုန်ပစ္စည်းများကို ရန်ကုန်မြို့နှင့် ဆက်စပ်မြို့များသို့ သယ်ယူပို့ဆောင် စရိတ်သက် သာစွာဖြင့် အချိန်တိုတွင်းတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ 

No comments:

Post a Comment