လိင်စိတ်အားနည်းပြီး အိမ်ထောင်ရေး အဆင်မပြေဖြစ်နေရတဲ့
အမျိုးသမီးတွေအတွက် လိင်စိတ်နိုးကြားစေမည့် Female Viagra အဖြစ် သုံးနိုင်မယ့် ဆေးတစ်မျိုးကို
အမေရိကန်နိုင်ငံFDA အဖွဲ့ကြီးက အသုံးပြု နိုင်ဖို့ ခွင့်ပြုလိုက်ပါပြီ။ ယခင်က နှစ်ကြိမ်တိုင်တိုင်
ဒီဆေးအသုံးပြုခွင့်ကို ပယ်ချခဲ့ဖူးပါတယ်။ အခုတစ်ကြိမ်မှာတော့ ထောက်ခံမဲ ၁၈ မဲ၊ ကန့်ကွက်မဲ
၆ မဲနှင့် အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်မယ့် အစည်းအဝေးမှာ လိင်စိတ်အားနည်းမှုကြောင့်
အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေရသူ အမျိုးသမီး ၁ဝ ဦးကလည်း သူတို့ရဲ့ ပြဿနာတွေကို ဖွင့်ဟပြောခဲ့ကြတယ်လို့
ဆိုပါတယ်။ အမျိုးသားတွေအတွက် ဒီလိုလိင်စိတ် တက်ကြွစေတဲ့ Viagra ဆေးကို ၁၉၉၈ ခုနှစ်လောက်ကပဲ
သုံးစွဲဖို့ခွင့်ပြုထားခဲ့ပြီး အမျိုးသမီးအတွက် အသုံးပြုခွင့် မပေးခဲ့တာကိုလည်း အချို့အမျိုးသမီးတွေက
ထောက်ပြခဲ့ကြပါ တယ်။ ဒီဆေးဟာ ဘေးထွက်ဆိုးကျိုးအဖြစ် သွေးပေါင်ကျခြင်း၊ သတိမေ့ နိုင်ခြင်း၊
နှလုံးရောဂါရှိသူတွေမှာ အန္တရာယ် ရှိနိုင်ခြင်းတို့ကြောင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ
စားသုံးဖို့ကိုလည်း အကြံပြုထားပါတယ်။ ဒီဆေးအမည်ကတော့ FLIBAN SERIN လို့ခေါ်ပြီး ဒီဆေးကို
နာမည်ကြီး Sprout ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး ဩဂုတ်လတွင် ဈေးကွက်ထဲရောက်လာလိမ့်မယ်ဆိုတာ
တင်ပြလိုက်ရပါတယ်။
အထူးအကျိုးရှိမယ့် ကင်ဆာဆေးနှစ်မျိုး
အမေရိကန်နိုင်ငံ Chicago မှာပြုလုပ်ခဲ့တဲ့
Conference of American Society of Clinical Oncology ညီလာခံကြီးက ကိုယ်ခံ အားမြင့်စေမယ့်
ဆေးနှစ်မျိုးဟာ ကင်ဆာရောဂါကုသရာမှာ အထူးအကျိုး ရှိစေမယ်လို့ကြေညာလိုက်ပါပြီ။ ဒီဆေးနှစ်မျိုးက
Lpilimumab နှင့် Nivolumab ဆေးတို့ပဲဖြစ်ပါတယ်။ ဒီဆေးနှစ်မျိုးဟာ Bristol - Meyen
Squibb ကုမ္ပဏီကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို New England Journal of
Medicineမှာ ဖော်ပြထားတာပါ။ ဒီဆေးဟာ အဖြစ်များတဲ့ အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့
Melanoma နှင့် အဆုတ် ကင်ဆာတို့မှာ ထိရောက်စွာ ကုသနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ယခုစမ်းသပ်မှု
အရ စမ်းသပ်ခံလူနာအားလုံးရဲ့ ၅၈ ရာခိုင်နှုန်းဟာ ရောဂါလုံးဝသက်သာ ပျောက်ကင်းခဲ့တယ်လို့
ဆိုပါတယ်။ ဒါပေမယ့် ဒီဆေးဟာ ဆိုးကျိုးအဖြစ် အစာအိမ်လမ်းကြောင်းမှာ ပြဿနာဖြစ်နိုင်တယ်လို့ဆိုပါတယ်။
စမ်းသပ်ခံ လူနာရဲ့ ၃၈ ရာခိုင်နှုန်းမှာ ဒီဆိုးကျိုးရှိခဲ့တာလို့ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ်
ဒီဆေးဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို တိုးမြှင့်အောင်လုပ်ပြီး ကင်ဆာ Cell တွေကို တိုက်ခိုက်နိုင်တာကြောင့်
အရေပြားနှင့် အဆုတ်ကင်ဆာအပြင် တခြားကင်ဆာရောဂါတွေမှာလဲ ကုသနိုင်ဖို့ ဆက်လက်စမ်းသပ်ရဦးမယ်ဆိုတာ
သတင်းကောင်းတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။
I.B.S ဝေဒနာရှင်များမျှော်လင့်စရာဆေး
Irritable Bowel Syndrome (I.B.S) လို့ အတိုကောက်ခေါ်တဲ့
ဝမ်းဗိုက်အတွင်း မအီမသာဖြစ်ရတဲ့ ရောဂါဟာ ကုသရခက်တဲ့ရောဂါတစ်ခုပါ။ ကျွန်တော်တို့နိုင်ငံမှာတော့
အဖြစ်မများပေမယ့် အနောက်နိုင်ငံ တချို့မှာ တော့ အဖြစ်များတဲ့ရောဂါပါ။ အဖြစ်များတဲ့
တချို့နိုင်ငံတွေမှာဆိုရင် တစ်နိုင်ငံလုံးရဲ့ ၁ဝ-၁၂ ရာခိုင်နှုန်းလောက်ခံစားကြရတာလို့
ဆိုပါတယ်။ ဒီရောဂါအကြောင်း ဆေးပညာသတင်းဆန်းတစ်ခုမှာလည်း ဖော်ပြခဲ့ပြီးပါပြီ။ ဒီရောဂါဖြစ်လာလျှင်
ဗိုက်အောင့်၊ ဗိုက်ပြည့်၊ ဝမ်းသွားချင်သလိုဖြစ်ပြီး သွားတဲ့အခါလည်း ကျေကျေနပ်နပ်မသွားနိုင်ဘဲဖြစ်ခြင်း၊
ဝမ်းသွားမှု ပုံမမှန်ခြင်း၊ တချို့မှာ ဝမ်းချုပ်ခြင်း၊ တချို့မှာ ဝမ်းသွားခြင်းတို့ဖြစ်တတ်တဲ့
ရောဂါပါ။ ဒီလိုဖြစ်တာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး စိုးရိမ်ပူပန် တတ်တဲ့စိတ်ရောဂါ
တချို့ကိုပါ ပူးတွဲခံစားတတ်ကြရပါတယ်။ ဒီလိုဝေဒနာရှင် တွေအတွက် ဆေးတစ်ခုပေါ် လာပြန်ပါပြီ။
ဒီဆေးကတော့ DULOXETINE လို့ခေါ်တဲ့ဆေးဖြစ်ပါတယ်။ ဒီဆေးကလောလောဆယ် စမ်းသပ်တဲ့အဆင့်မှာပဲ
ရှိပါသေး တယ်။ ဒီဆေးစမ်းသပ်မှုကို အမေရိကန်နိုင်ငံ Virginia ပြည်နယ် Arlington မြို့မှာ
ကျင်းပခဲ့တဲ့ (၃၂) ကြိမ်မြောက် Annual Conference on Anxiety Disorder Association
of America ညီလာခံမှာ တင်သွင်းခဲ့တာပါ။ ဒီဆေးကို ဒီရောဂါခံစားနေရတဲ့ အသက် (၁၈) နှစ်ကနေ
(၆၅)နှစ်အတွင်းရှိတဲ့ လူ ၁၅ ဦးကို စမ်းသပ်ကြည့်ခဲ့ပါတယ်။ ဒီအထဲမှာ အမျိုးသမီး ၁၂ ဦးနှင့်
အမျိုးသားသုံးဦးတို့ပါပါတယ်။ သူတို့ကို ဒီဆေး ၁၂ ပတ်ကြာ အသုံးပြုပြီး ပြန်ကြည့်တဲ့အခါ
အားလုံးနီးပါးဟာ IBS ရောဂါ လက္ခဏာရော စိတ်ရောဂါပါ သက်သာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒီဆေးဟာ စမ်းသပ်ဆဲဖြစ်ပေမယ့် IBS ဝေဒနာရှင်တွေအတွက် မျှော်လင့်နိုင် မယ့် ဆေးတစ်ခုအဖြစ်
တင်ပြလိုက်ရပါတယ်။
ကင်ဆာရောဂါကြောင့် သေဆုံးနှုန်းကျဆင်း
နောက်ဖော်ပြလိုတဲ့သတင်းကတော့ ၂ဝ၅ဝ ပြည့်နှစ်ကျရင်
ဗြိတိန်နိုင်ငံမှာ အသက် (၈ဝ)အောက်လူတွေမှာ ကင်ဆာကြောင့်သေရမယ့်လူ လုံးဝမရှိနိုင်တော့
ဘူးလို့ ခန့်မှန်းထားတဲ့သတင်းပါ။ ဒါကိုတော့ University College London နှင့် Kings
College Londonက ဆေးပညာရှင်တွေက ကြေညာလိုက်တာပါ။ သူတို့အဆိုအရ ကင်ဆာကြောင့်သေရတဲ့နှုန်းဟာ
၁၉၉ဝ ပြည့်နှစ်ကစလို့ နှစ်စဉ် ၁ ရာခိုင်နှုန်းကျဆင်း နေပါပြီ။ ဒါဟာ တဖြည်းဖြည်း ပိုမိုကျဆင်းလာမှာ
သေချာတယ်လို့ဆိုပါတယ်။ တိုင်းပြည်မှာ ခွဲစိတ်မှု၊ ဆေးဝါးကုသမှု၊ ရောဂါ ရှာဖွေနိုင်မှု
အစစအရာရာတိုးတက်လာပြီး သူတို့ရဲ့ဆေးပညာဗဟုသုတ တိုးပွားလာမှု၊ ကင်ဆာရောဂါကို အမြဲသတိရှိနေကြပြီး
စောစီးစွာစမ်းသပ်မှု၊ ကုသမှုတွေအပြင် ဆေးလိပ်သောက်သုံးသူ လျော့ပါးလာမှုတွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
အခုဆိုရင် မိန်းကလေးတိုင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ဆေးထိုးခြင်း၊Hepatitis
B Vaccine ထိုးခြင်း၊ အူမကြီး၊ မစင်အိမ်နှင့်အစာအိမ်လမ်းကြောင်း ကင်ဆာကာကွယ်ရေးအတွက်
Aspirin ဆေးစားခြင်း၊ အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း၊ ကင်ဆာမဖြစ်ခင် Polyp ခေါ်တဲ့
အသားပိုတွေ့လျှင် ဖြတ်ပြီးအသားစကို ကင်ဆာဖြစ်နိုင်ခြေရှိမရှိ စမ်းသပ်ခြင်းတို့ကို လူအများလုပ်လာကြခြင်း၊
ဆီးလမ်းကြောင်းအတွက် သတိရှိရှိနေထိုင်ခြင်း၊ PSA ခေါ် Prostate Serum Antigen စမ်းသပ်ပြီး
ဆီးကျိတ်ကင်ဆာ ရှိ မရှိစမ်းသပ်ခြင်းတို့ကို အသက် (၅ဝ) ကျော်အရွယ်ကစပြီး စမ်းသပ်ပေးနေခြင်းတို့ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
တိုင်းပြည်ကချမ်းသာ၊ လူတွေကပညာတတ်ပြီး ဆေးပညာ ဗဟုသုတကြွယ်ဝလာခြင်းဟာ ကျန်းမာ ရေးမှာ
အထောက်အကူအလွန်ပြုပြီး ကင်ဆာရောဂါကြောင့်သေရမယ့်နှုန်း ကို သုညထိဆင်းအောင် ကြိုးစားနေတဲ့
ဗြိတိန်နိုင်ငံအကြောင်း တင်ပြလိုက် ရပါတယ်။
ကူးစက်ရောဂါအတွက် အရေးပေါ်စီမံချက်
WHO လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ
ကမ္ဘာ့နေရာဒေသ အသီးသီးမှာ ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်း နေရတဲ့
အဖွဲ့အစည်းပါ။ ဒီအဖွဲ့ကြီးရဲ့ အကြီးအကဲဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာဂရက်ရှန်းက
သူအနောက်အာဖရိကနိုင်ငံတွေမှာဖြစ်ခဲ့တဲ့ အီဘိုလာရောဂါလို ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ
နော်ကျခဲ့ရတယ်လို့ ဝန်ခံလိုက်ပါပြီ။ ဒီလိုဝန်ခံပြီး ဒီလိုပြဿနာဖြစ်လာရင် အရေးပေါ်ကိုင်တွယ်
ဖြေရှင်းနိုင်ဖို့ အရေးပေါ်စီမံချက်တစ်ခုကိုလည်း ဖွဲ့စည်းဆောင်ရွက်ဖို့ ကြေညာလိုက်ပါပြီ။
သူ့ကြေညာချက်မှာ ဖော်ပြထားချက်အရ သူဟာ အီဘိုလာရောဂါတိုက်ဖျက်ရာမှာ ၂ဝ၁၄ ဩဂုတ်လလောက်မှာ
အရေးပေါ် လုပ်ဆောင်ခဲ့တယ်။ ဒီအချိန်ဟာ ဂီနီနိုင်ငံမှာ အီဘိုလာရောဂါခံစားနေရတာ ခြောက်လ
ကြာမြင့်နေပြီဖြစ်ပြီး လူပေါင်း ၃၃၂ ဦး သေဆုံးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကတစ်ဆင့်
ကူးစက်သွားတဲ့ ဆီရာလီယွန်း၊ လိုက်ဘေးရီးယား စတဲ့ နိုင်ငံတွေကိုတော့ အချိန်မီကူညီနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဒီအာဖရိက နိုင်ငံငယ်တွေမှာဖြစ်ခဲ့တဲ့ အီဘိုလာရောဂါကြောင့် လူပေါင်းတစ်သောင်း သုံးထောင်ခန့်
သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုလာမယ့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးရဲ့ ညီလာခံမှာ ဒီလိုကူးစက်ရောဂါမျိုးတွေဖြစ်လာ
ရင် အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်မယ့် အရေးပေါ်ဆေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဖို့၊ ဒါ့အပြင်
နီပေါလို သဘာဝဘေးဒဏ်ကို ပြင်းထန်စွာခံစားရတဲ့နိုင်ငံ၊ ဆီးရီးယား၊ ယီမင်၊ အီရန်တို့လို
စစ်ဘေးစစ်ဒဏ်ကို ခံစားရတဲ့နိုင်ငံစတဲ့ နိုင်ငံတွေက ဒုက္ခသည်တွေရဲ့ ကျန်းမာရေးကို ခန့်မှန်းခြေ
USD သန်းပေါင်း ၁ဝဝ ရှိတဲ့ အရေးပေါ် ရန်ပုံငွေတစ်ရပ် တောင်းဆိုသွားဖို့ကိုလည်း ရည်ရွယ်
ထားတယ်လို့ဆိုကြောင်း တင်ပြလိုက်ရပါတယ်။
စားနပ်ရိက္ခာနှင့် ကျန်းမာရေးအကူအညီများ
ကမ္ဘာတစ်လွှား လူသန်းပေါင်း ၈ဝဝ လောက်ဟာ စားနပ်ရိက္ခာဝဝ
လင်လင်မစားသုံးရဘဲ အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့နေရတယ်လို့ဆိုပါ တယ်။ ဒါဟာ လူကိုးယောက်မှာ
တစ်ယောက်နှုန်းဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၁၃ ဒသမ ၅ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့ ဆိုပါတယ်။
အသက် ငါးနှစ်အောက် ကလေး ၃ ဒသမ ၁ သန်းဟာလည်း အာဟာရချို့တဲ့မှုကြောင့် နှစ်စဉ် သေဆုံးနေရတယ်လို့ဆိုပါတယ်။
ဒါတွေအားလုံးဟာ ဆင်းရဲပြီး မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေနှင့် ဖွံ့ဖြိုးဆဲနိုင်ငံက ကျေးလက်တွေမှာ
ဖြစ်နေရ တယ်လို့ဆိုပါတယ်။ တချို့နိုင်ငံတွေမှာတော့ သဘာဝဘေးဒဏ်တွေကြောင့် စိုက်ပျိုးသီးနှံပျက်စီးခဲ့ရတာတွေကြောင့်လည်း
ဖြစ်တယ်လို့ဆိုပါတယ်။ အမေရိကန်အစိုးရဟာ လူတွေကို ကယ်တင်နိုင်ဖို့ Save the Future ခေါ်တဲ့
အစီအစဉ်တစ်ရပ်ကိုချမှတ်ပြီး ဆင်းရဲတဲ့ နိုင်ငံတွေကို ကူညီ ထောက်ပံ့ပေးနေပါတယ်။ ဒီအစီအစဉ်အရ
၂ဝ၁၃ ခုနှစ်ကစပြီး အာဖရိက နိုင်ငံတွေဖြစ်တဲ့ ဇမ်ဘီယာနိုင်ငံ၊ ဆီနီဂေါနိုင်ငံ၊ ဂါနာနိုင်ငံနှင့်အာရှတိုက်က
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ ဒီလိုကူညီခဲ့ရာမှာ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်
မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် အသေးစား စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ရန် ချေးငွေထုတ်ပေးတာကအစ
ပါဝင်ခဲ့ ပါတယ်။ ဒီအစီအစဉ်ကြောင့် ကမ္ဘာ့ နိုင်ငံတချို့က ငတ်မွတ်ပြီး အာဟာရ ချို့တဲ့ကာ
ကျန်းမာရေးထိခိုက်နေကြတဲ့ လူသားတွေကို ကယ်တင်နိုင်ခဲ့ တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
ဒေါက်တာကံညွန့်
No comments:
Post a Comment