Thursday, July 16, 2015

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဖော်ဆောင်နေမှု အခြေအနေများအား ပြည်သူလူထုထံသို့ ပွင့်လင်းမြင်သာစွာ စဉ်ဆက်မပြတ် အသိပေးသွားရန်လိုအပ် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု ညှိနှိုင်းရေးကော်မတီ အစည်းအဝေး (၄/၂၀၁၅) ကျင်းပ


နေပြည်တော် -ဇူလိုင် ၁၆
အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုညှိနှိုင်းရေးကော်မတီအစည်းအဝေး (၄/၂၀၁၅) ကို ယနေ့နံနက် ၉ နာရီခွဲတွင်  နိုင်ငံတော် သမ္မတရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာကော်မတီဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးလှထွန်း တက်ရောက်အမှာစကားပြောကြားသည်။


အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးခင်မောင်အေး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာဇော်ဦး၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ တာဝန်ရှိသူများ တက်ရောက်ကြပြီးကော်မတီဝင် တိုင်းဒေသကြီး / ပြည်နယ်များမှ ဝန်ကြီးများနှင့် နိုင်ငံတော်သမ္မတ အကြံပေးဒေါက်တာအောင်ထွန်းသက်တို့က Video Conferencing ဖြင့် ပါဝင်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌက အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု မူဘောင်ရေးဆွဲရေး အကြံပြု အလုပ်ရုံ ဆွေးနွေးပွဲအား ၂၀၁၅ ခုနှစ်၊ မေ (၂၃)နှင့်  (၂၄) ရက်များတွင် နေပြည်တော်၌ အောင်မြင်စွာ ကျင်းပ ခဲ့ပြီးဖြစ်ကြောင်း၊ အကြံပြုအလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် ဖော်ထုတ်ချက် ရလဒ်များကို အခြေခံပြီး အမျိုးသား အဆင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု မူဘောင်ရေးဆွဲရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ ပြည်သူဗဟိုပြုပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူတို့၏ ဆန္ဒ၊ လိုအပ်ချက်နှင့် မျှော်လင့်ချက်များကို ဖြည့်ဆည်းဖော်ဆောင်နိုင်ရေး မူဘောင်တွင် ထည့်သွင်း ရေးဆွဲရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်း လဲမှုမူဘောင်သည် လက်တွေ့နယ်ပယ်၌ အမှန် တကယ် ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ် များဖြစ်ရေးအတွက် အလေးထားရမည်ဖြစ်ပြီး ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ရှင်းလင်း တင်ပြရ မည်ဖြစ်ကြောင်း၊ သတင်းနည်းပညာ IT ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမို မြန်ဆန် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရာတွင် အစိုးရတစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါ ဝင်နိုင်ရေးအတွက် အစိုးရအုပ်ချုပ်ရေး ယန္တရားအဆင့်ဆင့်မှ စနစ်တကျတာဝန်ယူ ဖော်ဆောင်ရန် လိုအပ် ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌများက အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု မူဘောင်ပြုစု ရေးဆွဲရေး စီစဉ်ဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း၊ ကော်မတီဝင်များနှင့် နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာ ဇော်ဦးတို့က လက်ရှိအခြေအနေများနှင့် မူဘောင်အား ဆက်စပ်နိုင်မှု အကြံပြုချက် များကိုလည်းကောင်း၊ တိုင်းဒေသကြီး / ပြည်နယ်ဝန်ကြီးများနှင့် နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာအောင်ထွန်းသက်တို့က Video Conferencing ဖြင့်လည်းကောင်း တင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို ရှင်းလင်းစွာသိရှိ နားလည်ပြီး ဖော်ဆောင်သွားနိုင်ရန် သာမက ယင်းသို့ ဖော်ဆောင်နေမှု အခြေ အနေများအား ပြည်သူလူထုထံသို့လည်း ပွင့်လင်းမြင်သာစွာ စဉ်ဆက်မပြတ် အသိပေးသွားရန် လိုအပ် ကြောင်း ပြောကြားသည်။

No comments:

Post a Comment