Thursday, July 16, 2015

ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၇၇) ရက်မြောက်နေ့ ကျင်းပ


နေပြည်တော်   ဇူလိုင်  ၁၆
ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၇၇)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ  ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ မေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ(၁)ခု ဖတ်ကြားရှင်းလင်းခြင်းနှင့် ဥပဒေကြမ်း(၃)ခု အားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း များဆောင်ရွက်ခဲ့သည်။


ကျောက်တံတားမဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော သားသမီးများကို နိုင်ငံသားကတ်ထုတ်ပေးရန် နှစ်ပေါင်းများစွာ ကြန့်ကြာနေပါသဖြင့် နိုင်ငံ သားကတ် အလွယ် တကူ ထုတ်ပေးနိုင်ရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဝင်းမြင့်က နိုင်ငံသား စိစစ်ခြင်းကို တည်ဆဲဥပဒေဖြစ်သည့် ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျှက်ရှိပါကြောင်း။
 မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ(၃)၌ နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္က ရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲ နေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများ နှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသား ဖြစ်သည်ဟု လည်းကောင်း၊ ပုဒ်မ(၅)၌ တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း၊ မွေးရာပါနိုင်ငံသား ဖြစ်သည်ဟု ဖော်ပြထားသဖြင့် တိုင်းရင်းသားများသည် မွေးရာပါနိုင်ငံသားများဖြစ်ကြပါကြောင်း။
 ပုဒ်မ-၅ နှင့် အကျုံးဝင်သည့် တိုင်းရင်းသား မွေးရာပါနိုင်ငံသားများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေး ရာတွင် မှားယွင်းမှုမရှိနိုင်သည့်အတွက် အစိုးရသစ် တာဝန်ယူ ချိန်ကာလမှစ၍ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ် ရရှိခြင်းမရှိသေးသူ တစ်ဦးမှ မကျန်ရှိအောင်ရည်မှန်းပြီး ကွက်ပြည့်ကွင်း ဆင်းဆောင် ရွက်ပေးလျှက်ရှိရာ မွေးရာပါ နိုင်ငံသား (၆ ဒသမ ၄) သန်းအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီး ဖြစ်ပါကြောင်း။ နိုင်ငံသားဖြစ်ခြင်းသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်နှင့်အညီ နိုင်ငံတော်လုံခြုံရေးအတွက်လည်း အရေးကြီးသဖြင့် နိုင်ငံသား အရည်အချင်း ပြည့်မီခြင်း မရှိသူတစ်ဦးအား နိုင်ငံသားအဖြစ် ခွင့်ပြုခဲ့ပါက နိုင်ငံတော်အတွက် ရေရှည်တွင် အန္တရာယ်များနိုင်ကြောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများကို အလွယ်တကူထုတ်ပေးနိုင်မည်ဖြစ်ပြီး ဥပဒေအရ နိုင်ငံသား များဖြစ်သော နိုင်ငံခြားသား သွေးနှောသူများအတွက် ဥပဒေနှင့်အညီသာ စိစစ်ရသဖြင့် ထိုက်သင့်သည့် အချိန်ကြာမြင့် နိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြန်လည် ရှင်းလင်းဖြေကြားသည်။
ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးသန်းမြင့်၏ မျိုးဆက်သစ်လူငယ်များမူးယစ်ဆေးဝါး သုံးစွဲခြင်းမပြုနိုင်ရန်အတွက် အထူး စီမံချက်များဖြင့်ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးများ တရားမ၀င်သယ်ဆောင်ခြင်းနှင့် ပြစ်မှု ကျူးလွန် သူများအား ထိရောက်သည့်ပြစ်ဒဏ်ချမှတ် ခြင်းကို တိတိကျကျဦးစားပေးဆောင်ရွက်ရန်အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း အထူးစီမံချက်တစ်ရပ်အဖြစ် ယင်းမာစီမံချက်ကို အကောင် အထည် ဖော်ဆောင် ရွက်ခဲ့ပါကြောင်း၊ စီမံချက်ကာလအတွင်း မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၊ သီးနှံများ အစားထိုး စိုက်ပျိုးရေးအဖွဲ့၊ မွေးမြူရေးအဖွဲ့၊ ဆေးကုသရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့၊ ကျောင်းသားလူငယ်များ အားအသိပညာ ပေးရေးအဖွဲ့၊ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးအဖွဲ့၊ ထိန်းချုပ် ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့တို့က စီမံချက်ပါလုပ်ငန်း များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ခဲ့ပါကြောင်း။
မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများတွင် ကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သကဲ့သို့ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် ပစ္စည်းများ ကိုလည်း ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းလျက်ရှိပါကြောင်း၊ တရားစွဲတင်ရာတွင် တရားစွဲ အဖွဲ့အစည်းများ၏ သဘောအတိုင်းဆောင်ရွက်ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ ဥပဒေရုံးများ၏ ဥပဒေအကြံပြု ချက်နှင့်အညီ တရားစွဲတင်ခြင်းဖြစ်ပြီး ပြစ်ဒဏ်များချမှတ်ရာ၌ တရားသူကြီး များ၏ ဆင်ခြင်တုံတရားဖြင့် ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။
ထို့နောက် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်စပ်လျဉ်း၍ ပြင်ဆင်သည့်ဥပဒေကြမ်း ကို ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိန်းက တင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းထွန်းဦးက အစီရင်ခံစာဖတ်ကြား ရှင်းလင်းကာ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည် စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်က ကြေညာသည်။

ယင်းနောက် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က ပြင်ဆင် ချက်မရှိဘဲ အတည်ပြုပြီး ငွေစုဘဏ်လုပ်ငန်းဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ပြင်ဆင်ချက်ဖြင့် အတည်ပြုသည်။   

No comments:

Post a Comment